backup og meta

အလွှာခြားမလား ကမ္ဘာခြားမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလွှာခြားမလား ကမ္ဘာခြားမလား

    ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့  လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။

    အမှန်ကတခြားရောဂါတွေ အများကြီးရှိပါသေးတယ်။ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန်ရောဂါ၊ ဆစ်ဖလစ် (ခေါ်) ကာလသားရောဂါ၊ Chlamydia စတဲ့ရောဂါတွေဆိုပြီး အများကြီးရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေးတာလည်း မမှားပါဘူး။ အပေါ်ကရောဂါတွေထဲကမှ အိပ်ချ်အိုင်ဗီက အဆိုးဆုံး၊ အကြမ်းဆုံး လိုဖြစ်နေတော့ ထိပ်ဆုံးကဆရာကြီးကိုမှ မျက်စိထဲတန်းမြင်မိသလို ဖြစ်နေတာပေါ့။

    အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လို့ပြောလိုက်ရင်လူတွေက “ကုရာနတ္တိ ဆေးမရှိ” ဆိုတဲ့စကားနဲ့ တွဲပြီးကြားဖူးကြပါတယ် (အရပ်အဆို အေကိုက်တယ်ပေါ့)။ ဒါလည်းမှန်ပါတယ်၊ ဒီရောဂါက လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ဗိုင်းရပ်စ်ပိုးကောင်ရေ ပွားမလာအောင်နှိမ်ထားပြီး အချိန်ဆွဲထားလို့ပဲရပါတယ်။

    နောက်ပြီး တစ်ခါတည်းပြောရရင် အိပ်ချ်အိုင်ဗီ ရောဂါတစ်ခုတည်း ကုလို့မရတဲ့ရောဂါမဟုတ်ပါဘူး၊ သူ့မှာလည်းအဖော်တွေရှိသေးသဗျ၊ တခြား သူ့လိုပဲ ဗိုင်းရပ်စ်ကြောင့်ကူးတဲ့ လိင်အင်္ဂါရေယုန်၊ Human Papilloma Virus(HPV)၊ ဒီလိုရောဂါတွေဆိုလည်း လုံးဝပျောက်ကင်းအောင်ကုသလို့ မရနိုင်ပါဘူး။

    ပြောချင်တာက အခုမှစမှာပါ။ ဒီလိုဆိုးဝါးလှတဲ့ရောဂါကြီးတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ အရာလေးအကြောင်းပါ။ ကွန်ဒုံး(Condom) လို့ခေါ်ပါတယ်။ အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ ထုတ်လုပ်ထားပေမဲ့ ဒီဆောင်းပါးမှာတော့ အမျိုးသားကွန်ဒုံးကိုသာ အဓိကထားရေးပါ့မယ်။

    ဒီကွန်ဒုံးဆိုတဲ့ အရာလေးကစွမ်းဆောင်ပေးနိုင်တာတွေ အတော်လေးများပါတယ်။ ဆိုလိုတာ သေးသေးလေးနဲ့စွမ်းတယ်ပေါ့ဗျာ! ဘာတွေစွမ်းသလဲဆိုတော့ ၃ ချက်နဲ့ပြောပြမယ်

    ၁ – ခုနကဆရာကြီးဖြစ်တဲ့ အိပ်ချ်အိုင်ဗီရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်။

    ၂ – ရောဂါကို ကာကွယ်ပေးနိုင်ရုံတင်မကပဲ ကိုယ်ဝန်ကိုပါအတိုင်းအတာတစ်ခုထိတားပေးနိုင်တာ သူတစ်မျိုးပဲရှိပါတယ်။

    ၃ – ဈေးလည်းသက်သာပြီး နေရာတိုင်းလိုလိုမှာရနိုင်တယ်။

    ကွန်ဒုံးက နည်းစနစ်ကျကျနဲ့အသုံးပြုနိုင်ရင် ၉၇ ရာခိုင်နှုန်းကျော်ထိ ရောဂါကူးစက်မှုရန်ကနေကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုပုံမှန်ကန်ဖို့တော့လိုတာပေါ့လေ။ ကွန်ဒုံးဘူးလေးတွေမှာ အသုံးပြုပုံကို လိုတိုရှင်းရေးပေးထားတယ်။ အကျဉ်းချုံးပြောရရင် ရက်လွန်နေတဲ့ကွန်ဒုံးမဖြစ်ရဘူး၊ ပါးစပ်၊ ကတ်ကြေးစတာတွေနဲ့ မဖောက်ရဘူး၊ လိင်အင်္ဂါထောင်မတ်တဲ့ အခါမှစွပ်ရမယ်၊ စွပ်တဲ့အခါလေမခိုရဘူး၊ ၂ ထပ်မစွပ်ရဘူး(သေချာမှာတယ်နော် ကိုယ့်လူတို့)၊ ကိစ္စဝိစ္စပြီးတာနဲ့ လိင်အင်္ဂါမပျော့ခင် ပြန်ထုတ်ရမယ်။

    ဒီအညွှန်းတွေကို ကြိုဖတ်ထားပြီး လက်တွေ့လည်းကျင့်သုံးနိုင်အောင်ကြိုးစားကြပါ။ လိင်ဆက်ဆံခါနီး ခုတင်ပေါ်ရောက်ခါမှစာထိုင်ဖတ်နေရင် အလွဲလွဲအမှားမှားတွေဖြစ်ကုန်နိုင်တယ်လေ။ တချို့က မေးတယ်။ လိင်ဆက်ဆံတော့မှ စွပ်ရမှာလား၊ ပါးစပ်နဲ့ ဆန္ဒဖြေဖျောက်ပေးတာမျိုး(Fellatio) မှာကော စွပ်လို့ရလားလို့မေးတယ်၊ ဘယ်အဆင့်မှာမဆို စွပ်လို့ရပါတယ်။ အဓိကက စွပ်တဲ့အချိန်လိင်အင်္ဂါထောင်မတ်နေဖို့လိုတယ်။

    နောက်ပြီး ကွန်ဒုံးက ကိုယ်ဝန်မရအောင်လည်း ကာကွယ်နိုင်သေးတယ်ဗျ။ လိင်ဆက်ဆံပြီးရင် သုက်ပိုးတွေ အမျိုးသမီးသားအိမ်ထဲမရောက်အောင် တားထားပေးသလိုဖြစ်တာကြောင့် ကိုယ်ဝန်မရအောင်လည်း အတိုင်းအတာတစ်ခုထိ တားပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ်က မိမိဇနီးမယားနဲ့ပဲ နေတာ၊ ကိုယ်ဝန်တော့ မလိုချင်သေးဘူးဆိုရင် တခြားသားဆက်ခြားနည်းတွေက ပိုအစွမ်းထက်တာကြောင့် ပြောင်းလဲသုံးစွဲကြည့်ဖို့ အကြံပေးလိုပါတယ်။

    ကွန်ဒုံးတွေက ဈေးပေါတယ်၊ ထိရောက်တယ်၊ အလွယ်တကူရတယ် ၊ရောဂါအန္တရာယ်ကိုလည်းကာကွယ်ပေးနိုင်သားနဲ့ ဘာလို့ဒီရောဂါတွေဆက်ဖြစ်နေရသလဲဆိုရင် စာရေးသူအမြင်မှာတော့ တစ်ခဏတာ သာယာမှုကို မက်မောလွန်းလို့ဖြစ်ရတာလည်း အရေးကြီးတဲ့တစ်ချက်ဖြစ်မယ်ထင်ပါတယ်။ ဥပမာပြောရရင် သမီးရည်းစားအတွဲတွေမှာ တချို့ကောင်လေးတွေရှိမယ်၊ အတူနေချင်တာဘာလို့ ဒါကြီးခံရမှာလဲတို့၊ ကိုယ့်ကိုမယုံဖူးလားတို့၊ ဒါကြီးနဲ့ဆို စိတ်ကျေနပ်မှုမရဘူးတို့ စသည်ဖြင့်ပေါ့လေ (ယောင်္ကျားမာယာသဲကိုးဖြာနဲ့) ကိုယ့်ကိုပေးထားတဲ့ အကာအကွယ်ကို ဖယ်ထုတ်ပစ်ဖို့ကြိုးစားကြတယ်။ မိန်းကလေးဘက်ကလည်း နောက်ဆုံးမငြင်းဆန်နိုင်တော့ အလျှော့ပေးလိုက်ရတယ်ပေါ့။ အဲ့မှာ နောက်ဆက်တွဲပြဿနာက တပုံကြီးပါလာတယ်။

    တရားဝင်လက်ထပ်ယူထားတဲ့ အတွဲမဟုတ်သေးတာကြောင့် ပထမဆုံးက မလိုချင်တဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်လွယ်ထားရတာ မိခင်ရော ကလေးရောအတွက်မကောင်းပါဘူး။ ကောင်းကျိုးထပ်ဆိုးကျိုးတွေသာ များလှပါတယ်။ ကျောင်းတက်ပြီး ကိုယ့်ဘဝတက်လမ်းအတွက် ပညာဆက်ရှာရမဲ့ အချိန်မှာ ကလေးတစ်ယောက်နဲ့ လုံးလည်ချာလည်လိုက်နေတာကြောင့် ကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းမှာ အဟန့်အတားတစ်စုံတစ်ရာဖြစ်သွားနိုင်တယ်။ ယောက်ျားလေးဖက်က တာဝန်မယူဘူးဆိုရင် ဖြစ်လာနိုင်တဲ့အခြေအနေက ဒီထပ်ဆိုးတယ်။

    နောက်တစ်ခုက ရောဂါ၊ အပေါ်မှာပြောခဲ့တဲ့ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတစ်ခုခုရသွားနိုင်တယ်။ ကုသနိုင်တဲ့ ကာလသားရောဂါမျိုး၊ ဂနိုရောဂါမျိုးကတော်သေးရဲ့။ ကုလို့မရတဲ့ အိပ်ချ်အိုင်ဗီလိုရောဂါမျိုးစွဲကပ်သွားခဲ့ရင် မိန်းကလေးအတွက်တော်တော်အထိနာမှာပါ။

    အချုပ်ပြောရရင် ဒီကွန်ဒုံးဆိုတဲ့အရာလေးက လူငယ်တွေကြုံတွေရလေ့ရှိတဲ့ လူငယ်ဘ၀ နောက်ဆက်တွဲပြဿနာတွေကို တော်တော်လေးတားဆီးပေးနိုင်ပါတယ်။ အခုခေတ်က အရင်တုန်းကလိုမဟုတ်ဘဲ ဒီကွန်ဒုံးတွေကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူရရှိနေနိုင်ပါပြီ။ ဈေးကလည်း လူတိုင်းတတ်နိုင်တဲ့ဈေးနဲ့ရောင်းပေးနေတာပါ။ ဒီအလွှာလေးခြားလိုက်တာခြင်းကြောင့်  နောက်ပိုင်းကမ္ဘာခြားမယ့် ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့် လူငယ်တွေကိုယ့်စိတ်ကို မနိုင်ရင် ကွန်ဒုံးလေးတော့ ဆောင်ထားကြပါလို့ပြောရင်းနိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။

    ရေးသားသူ – Dr. Htoo Tint Ko Ko

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement