backup og meta

အကာအကွယ်မဲ့ ဆက်ဆံပြီး လုပ်ရမည့်အရာ ၃ခု

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကာအကွယ်မဲ့ ဆက်ဆံပြီး လုပ်ရမည့်အရာ ၃ခု

    တကယ်လို့ သားဆက်ခြားနည်းတခုခု သောက်ဖို့ မေ့ရလောက်အောင် စိတ်ဆန္ဒတွေ ပြင်းထန်သွားသလား၊ ဒါမှမဟုတ် နည်းတခုခုကို မှားယွင်းစွာ အသုံးပြုမိလိုက်သလား။

    စိတ်မပူပါနဲ့။ ဒီအဆင့်(၃)ခုကို လုပ်ဆောင်လိုက်လို့ ရပါတယ်။

    အကာအကွယ်မဲ့ ဆက်ဆံမှုပြုမိလိုက်ပြီဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားမှာ၊ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားမှာကတော့ စိတ်အပူကြဆုံးပါပဲ။ လိင်ဆက်ဆံတော့မယ်ဆိုရင် အကာအကွယ်ယူထားသင့်တာတော့ မှန်ပေမယ့် ကွန်ဒုံးပေါက်ပြဲသွားတာ၊ နေ့စဉ်သောက်ဆေးကဒ်ကို သောက်ဖို့ မေ့သွားတာ၊ ကြိုတင်မပြင်ဆင်ထားဘဲ အတူနေမိလိုက်တာ၊ လုံးဝကို မေ့လျော့သွားတာ စတဲ့ အကြောင်းရင်းတွေကြောင့် အကာအကွယ်မဲ့ ဆက်ဆံမိတာမျိုးတွေ ရှိနိုင်ပါတယ်။

    အဲဒါတွေကြောင့်ပဲ ရောဂါတွေ ကူးစက်ခံရတာ၊ မလိုချင်ဘဲ ကိုယ်ဝန်ရတာတွေ ရှိလာပါတယ်။ အဲဒီလိုမဖြစ်အောင် ဒါတွေ လုပ်လို့ ရပါတယ်။

    (၁) ပုံမမှန်တာတွေကို သတိထားကြည့်ပါ

    လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောဂါရှိမှန်းမသိခင်ကတည်းက လက္ခဏာတွေ ရှိနေတတ်ပါတယ်။ တကယ်လို့ ခုပြောမယ့် လက္ခဏာတွေ တွေ့လာရတယ်ဆိုရင် ကိုယ်ဟာ လိင်ဆက်ဆံမှုမှာ တခုခုတော့ မှားယွင်းခဲ့ပြီလို့ ယူဆနိုင်ပါတယ်။

    အကြောင်းရင်းမရှိဘဲ သွေးဆင်းခြင်း

    ဒီလက္ခဏာဟာ အမျိုးသားထက် အမျိုးသမီးနဲ့ ပိုသက်ဆိုင်ပေမယ့် အမျိုးသားတွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး နောက်ပိုင်း လိင်တံကနေ သွေးထွက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်နေတယ်လို့ သတ်မှတ်နိုင်ပြီး ချက်ချင်းကုသမှု ခံယူဖို့ လိုပါတယ်။

    ဆီးသွားတဲ့အခါ နာကျင်ခြင်း

    ဒါဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လိင်ကတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းကြောင့်လည်း ဒီလက္ခဏာမျိုး ခံစားရနိုင်ပါတယ်။

    လိင်ဆက်ဆံစဉ် နာကျင်ခြင်း

    အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်းမှာ အမျိုးသမီးတွေမှာဆို ထိုးသွင်းခံရတဲ့အခါ၊ အမျိုးသားတွေမှာဆို သုက်ရည်ထွက်တဲ့အခါ နာကျင်တယ်ဆိုရင် ဒါဟာလည်း ပိုးဝင်သွားတဲ့လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

    အနီကွက်များ ထွက်ခြင်း

    လိင်အင်္ဂါတစ်ဝိုက်မှာ အနီကွက်တွေ ရှိလာတယ်ဆိုရင် အဲဒါဟာ ပုံမှန်မဟုတ်ဘူးလို့ သံသယရှိသင့်ပါတယ်။ မယားယံဘူး၊ မနာဘူး၊ မပူဘူးဆိုရင်တောင် ဆေးခန်းတော့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။

    (၂) အရေးပေါ်ကိုယ်ဝန်တားဆေးကို သောက်ပါ

    တကယ်လို့ ခုပြောခဲ့တဲ့ လက္ခဏာတွေ မရှိဘူးဆိုရင်တောင် ကိုယ်ဝန်ရသွားနိုင်ချေတော့ ရှိပါသေးတယ်။ ဒါကြောင့် အရေးပေါ်ကိုယ်ဝန်တားဆေးကို အကာအကွယ်မဲ့ အတူနေပြီး နာရီ (၁၂၀)အတွင်း သောက်ဖို့ လိုပါတယ်။ နာရီ (၁၂၀)ဆိုပေမယ့် တတ်နိုင်သလောက် မြန်မြန်သောက်ဖို့ အရေးကြီးပါတယ်။

    ဆေးဆိုင်တွေမှာ လွယ်ကူစွာ ဝယ်လို့ရပြီး နှစ်လုံးပါတဲ့ ဆေးတွေ ရှိသလို၊ တစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိပါတယ်။

    (၃) ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ပါ။

    ရာသီစက်ဝန်းရဲ့ ဘယ်နေ့မှာ အတူနေလိုက်သည်ဖြစ်စေ၊ ကိုယ်ဝန်ရသွားနိုင်ချေတော့ ရှိပါသေးတယ်။ ဒီအတွက် ကိုယ့်ရဲ့ ရာသီစက်ဝန်း နောက်ကျနေပြီဆိုရင် ဆီးစစ်ကြည့်သင့်ပါတယ်။

    တစ်ခုသတိထားရမှာကတော့ အရေးပေါ်ဆေးကဒ်သောက်ခဲ့မယ်ဆိုရင် အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီလာတာ ရှေ့တိုးနောက်ဆုတ် ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement