backup og meta

ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ

    အိမ်ထောင်ကျလို့ သားဆက်ခြားနည်း သုံးတော့မယ်ဆိုရင် ခုခေတ်မှာက အမျိုးအစားအစုံ ရှိပါတယ်။ အမျိုးသား သုံးလား။ အမျိုးသမီးသုံးလား။ သောက်ဆေးလား၊ ထိုးဆေးလား၊ သားအိမ်ထဲထည့်မှာလား၊ လက်မောင်းအောက်ထဲ ထည့်မှာလား စသဖြင့် အမျိုးအစား စုံပါတယ်။ သားဆက်ခြားနည်းက နှစ်ယောက်လုံးအတွက် ရှိပေမယ့် တကယ်တမ်း အမျိုးသမီးတွေကပဲ သုံးတာများပါတယ်။ သူတို့သုံးတဲ့ထဲမှာ အများစုက ဟော်မုန်းနဲ့ သားဆက်ခြားတဲ့ နည်းက ပိုများပါတယ်။

    ဒါပေမယ့် တချို့သော အမျိုးသမီးတွေက ဟော်မုန်းပါတာတွေကို သိပ်မကြိုက်ကြပါဘူး။ ရာသီပုံမှန်မလာလို့၊ ဝလာလို့၊ အသားအရည်တွေ ညစ်လာလို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပါ။ တစ်ဆက်တည်းမှာပဲ သူတို့တွေ မေးကြတာက ဟော်မုန်းမပါတဲ့ သားဆက်ခြား နည်းလမ်းတွေ မရှိဘူးလား ဆိုတာပါပဲ။ သိပ်ရှိတာပေါ့။ ဟော်မုန်းမပါဘဲလည်း သားဆက်ခြားလို့ ရတာပေါ့။ ဒါတွေက ဘာနည်းလမ်းတွေလဲ ဆိုတာကို ဆက်ကြည့်ရအောင်။

    ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း တွေရဲ့ အားသာချက်က ဘာတွေလဲ။

    • ဟော်မုန်းဆေးတွေက နေ့တိုင်း တတ်နိုင်သမျှ အချိန်မှန်မှန် သောက်ပေးဖို့ လိုပါတယ်။ ဒါမှ သူ့အာနိသင်ကို အပြည့်အဝရမှာပါ။
    • ဟော်မုန်းပါတဲ့ ပစ္စည်းတွေ သားအိမ်ထဲ၊ လက်မောင်းထဲ တည့်မယ်၊ ထိုးဆေးတွေ ထိုးမယ်ဆို ဆရာဝန်ရဲ့ အကူအညီ လိုပါတယ်။ (ခြွင်းချက်အနေနဲ့ ဟော်မုန်းမပါတဲ့ သားအိမ်ထဲ ထည့်တဲ့ပစ္စည်းကလည်း ဆရာဝန် ထည့်ပေးမှ ရမှာပါ။)
    • ဟော်မုန်းပါတဲ့ စားဆေး၊ ထိုးဆေးတွေက လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။
    • ဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ရေရှည်မှာ သွေးခဲတာလို၊ ရင်သားကင်ဆာလို ရောဂါကြီးကြီးမားမားတွေ ကနေ ဝလာတာ၊ စိတ်အတက်အကျဖြစ်တာ စတဲ့ အပရိက ကိစ္စတွေအထိ ဖြစ်နိုင်ချေ ရှိပါတယ်။
    • နို့တိုက်ချိန်မှာ ဟော်မုန်းတွေ ကလေးဆီ ရောက်သွားမလားဆိုပြီး  စိုးရိမ်စရာ မလိုပါဘူး။
    • လိင်ဆက်ဆံတဲ့ အချိန်မှသာ သုံးဖို့လိုတဲ့အတွက် ကျန်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ် နေနိုင်ပါတယ်။ (ခြွင်းချက် ဟော်မုန်းမပါတဲ့ သားအိမ်ထဲ ထည့်တဲ့ပစ္စည်း)

    ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းများ

    ဟော်မုန်း မပါတဲ့ သားဆက်ခြားနည်းများတွေက မျိုးအောင်နိုင်တဲ့ မမျိုးဥနဲ့ သုက်ကောင်ကို မတွေ့နိုင်အောင် လမ်းပိတ်ထားတဲ့ နည်းလမ်းကို အသုံးပြုတာပါ။

    • Diaphragm

    ဆီလီကွန်ခွက်ပုံစံလေး ဖြစ်ပြီး အမျိုးသမီးရဲ့ မိန်းမကိုယ်မှာ စွပ်ထားရတာပါ။ ဒါမှ သုက်ရည်တွေ မိန်းမကိုယ်ထဲ မဝင်မှာပါ။ စစချင်း ထည့်မယ်ဆိုရင်တော့ ဆရာဝန်ဆီမှာ အရင်သွားသင်သင့်ပါတယ်။

    မှန်မှန်ကန်ကန်သုံးမယ်၊ သုက်ပိုးသတ်ဆေးနဲ့ ရောသုံးမယ်ဆိုရင် တစ်နှစ်ကို ကိုယ်ဝန်ရနိုင်ချေက ၆ရာခိုင်နှုန်းပဲ ရှိပါတယ်။

    သူ့ရဲ့ အားသာချက်က အတူနေခါနီးမှ ထည့်လိုက်ရုံပါပဲ။ နောက်ပြီး ပြန်သုံးလို့ရပါတယ်။ ၁နှစ်ထိ အထားခံပါတယ်။ ကလေးလိုချင်ရင် မသုံးဘဲနေတာနဲ့ ကလေးရပါတယ်။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ ဆီးပိုးလည်း ဝင်လွယ်ပါတယ်။ အတူနေပြီး ၈နာရီကြာတဲ့အထိ မိန်းမကိုယ်ကနေ မထုတ်ရပါဘူး။

    • Cervical Cap

    ဦးထုပ်အသေးစားလေးနဲ့ တူပါတယ်။ ဆီလီကွန်နဲ့ လုပ်ထားတာပါ။ သားအိမ်ခေါင်းမှာ သွားစွပ်ရမှာပါ။ ဒါမှ သုက်ကောင် မဝင်နိုင်မှာပါ။ Diaphragm လိုမျိုးပဲ ပထမတစ်ခေါက်တော့ ဆရာဝန်ဆီမှာ သွားသင်ပါ။ ပိုပြီး ထိရောက်ဖို့ သုက်ပိုးသတ်ဆေးနဲ့ တွဲသုံးပါ။

    သူ့ကိုတော့ သိပ်မညွှန်းချင်ပါဘူး။ ဘာလို့လဲဆိုတော့ သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူးဆိုရင် ကိုယ်ဝန်ရနိုင်ချေက တစ်နှစ်ကို ၂၀ ရာခိုင်နှုန်းပါ။

    ကောင်းတဲ့အချက်က မသုံးတော့ရင် ကိုယ်ဝန်တန်းရနိုင်ပါတယ်။ မကောင်းတဲ့အချက်က အတူနေပြီးရင် ၄၈ကြာတဲ့အထိ မိန်းမကိုယ်ထဲမှာ ထားထား ရမှာပါ။ တစ်ပတ်ကို ၃ခါထက် အတူနေတယ်။ မျိုးပွားအင်္ဂါပိုးဝင်ဖူးတယ်ဆိုရင် မသုံးသင့်ပါဘူး။ နောက်ပြီး လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ ဆီးပိုးလည်း ဝင်လွယ်ပါတယ်။

    • Sponge

    ရေမြုပ်တုံးလေးနဲ့ တူပါတယ်။ အလုပ်လုပ်ပုံကတော့ အပေါ်က နှစ်ခုလိုပါပဲ။ ကွာတဲ့အချက်က သူ့မှာ သုက်ပိုးသတ်ဆေး ပါလာပြီးသား ဖြစ်လို့ ထပ်ထည့်စရာ မလိုပါဘူး။

    သူက အရင်က ကလေး တစ်ခါမှ မမွေးဖူးဘူး။ သုံးပုံသုံးနည်းလည်း မှန်တဲ့ အမျိုးသမီးတွေမှာ ဆိုရင် ၉၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးလည်း မွေးဖူးတယ်။ သုံးနည်းလည်း လွဲနေတယ်ဆိုရင်တော့ ကာကွယ်နိုင်စွမ်းက ၇၆ ရာခိုင်နှုန်းအထိ ကျသွားပါတယ်။

    သူ့အသားက မိန်းမကိုယ်က အသားလိုပဲ နူးညံ့ပါတယ်။ တစ်ခါသုံးရင် ၂၄နာရီထိ ထည့်ထားလို့ ရတာကြောင့် ကြိုက်သလောက် အတူနေနိုင်ပါတယ်။ မသုံးတော့တာနဲ့ ကိုယ်ဝန်ပြန်ရပါတယ်။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။

    • ကော့ပါးနဲ့ လုပ်ထားတဲ့ သားအိမ်ထဲထည့်ပစ္စည်း

    T ပုံစံလေး ဖြစ်ပြီး  ဟော်မုန်း လုံးဝမပါပါဘူး။ ကော့ပါးနဲ့ လုပ်ထားတာ ဖြစ်လို့ သုက်ကောင်တွေကို သေစေတဲ့အပြင် သုတ်ကောင်တွေ မမျိုးဥဆီ မသွားနိုင်အောင်လည်း ကာကွယ်ပေးပါတယ်။ မတော်တဆ မျိုးအောင်သွားရင်တောင်မှ သားအိမ်နံရံမှာ မတွယ်နိုင်အောင် တားဆီးပေးပါတယ်။

    ဟော်မုန်း မပါတဲ့ နည်းလမ်းတွေထဲမှာ ဒါက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ကော့ပါးတွေက ဟော်မုန်းပါတာတွေလောက်တော့ မစွမ်းပေမယ့် သူကလည်း ကလေး မရအောင် ၉၉ ရာခိုင်နှုန်းလောက် ကာကွယ်ပေးပါတယ်။

    ကောင်းတဲ့အချက်က သူက ၁၀နှစ်အထိ ခံပါတယ်။ ဆိုလိုတာက ၁၀နှစ်နေမှ လဲရင် ရပါတယ်။ ဒါဟာ သက်တမ်း အကြာဆုံးပါပဲ။ နောက်ပြီး အရေးပေါ်သန္ဓေတားဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။ အကာမကွယ်မဲ့ အတူနေတာ ၅ရက်အတွင်းဆို ဒါကို သုံးလို့ရပါတယ်။ ကိုယ်ဝန်လိုချင်ရင် ဆရာဝန်ဆီမှာ သွားထုတ်ရုံပါပဲ။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ တချို့သူတွေမှာ ရာသီကြားဖောက် သွေးဆင်းတာ၊ ရာသီလာချိန် ကိုက်ခဲတာမျိုးတွေ ရှိတတ်ပါတယ်။

    • ကွန်ဒုံး

    အမျိုးသား သုံးရော၊ အမျိုးသမီးသုံးရော ရှိပါတယ်။

    အမျိုးသားသုံးက စနစ်တကျ သုံးတတ်ရင် ၉၈ ရာခိုင်နှုန်းအထိ သန္ဓေတားနိုင်စွမ်းရှိပါတယ်။ စနစ်တကျ ဆိုတာက လိင်အင်္ဂါချင်း မထိမီ ကွန်ဒုံး စွပ်ပြီးသား ဖြစ်ရပါမယ်။ အတူနေချိန်မှာ ကွန်ဒုံး ပြဲတာ၊ မိန်းမကိုယ်ထဲမှာ ကျန်တာမျိုး မရှိရပါဘူး။

    အမျိုးသမီးသုံးကလည်း အမျိုးသားသုံးတွေလို ပုံစံတူပါပဲ။ စစချင်း မသုံးတတ်ရင် ဆရာဝန်ဆီမှာ တစ်ခေါက်သွားသင်ပါ။ ဒါပေမယ့် သူက စနစ်တကျ သုံးတတ်ရင်တောင် တစ်နှစ်ကို အမျိုးသမီး ၅ယောက်မှာ တစ်ယောက်လောက် ကိုယ်ဝန်ရတတ်ပါတယ်။

    ကောင်းတဲ့အချက်က ကိုယ်ဝန်အပြင် လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (HIV) ကို ကာကွယ်ပေးပါတယ်။ အလွယ်တကူ ဝယ်လို့ရပါတယ်။ ရော်ဘာနဲ့ ဓာတ်မတည့်တာအပြင် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

    ပြီးပြည့်စုံတဲ့ သားဆက်ခြားနည်းဆိုတာ မရှိပါဘူး။ ဟော်မုန်းပါတာ ဖြစ်ဖြစ်၊ မပါတာ ဖြစ်ဖြစ် ကောင်းကျိုး ဆိုးကျိုး ကိုယ်စီရှိပါတယ်။ ကိုယ်လိုချင်တဲ့ သားဆက်ခြားနည်းလမ်း၊ ကိုယ်ရွေးချယ်ထားတဲ့ သားဆက်ခြား နည်းလမ်းက ကိုယ်နဲ့ အဆင်ပြေနိုင်လားဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement