backup og meta

သားဆက်ခြားခြင်းအကြောင်း သိကောင်းစရာများ


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဆက်ခြားခြင်းအကြောင်း သိကောင်းစရာများ

    သားဆက်ခြားဖို့ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး၊ ကာလတိုနည်းတွေ ဖြစ်တဲ့ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ ကာလရှည်နည်းတွေ ဖြစ်တဲ့ လက်မောင်းတွင်းထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း၊ နောက်ပြီး သားကြောဖြတ်ခြင်း၊ ကိုယ်ဝန်ကိုရော၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့ ကွန်ဒုံးနဲ့၊ တခြား သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။

    သင့်အတွက် မှန်ကန်တဲ့ သားဆက်ခြားနည်းတစ်ခု ရွေးချယ်နိုင်ဖို့

    တကယ်လို့ သင်ဟာ ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ရွေးချယ်နေတယ်ဆိုရင် သင့်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့နဲ့ သင့်အဖော်နဲ့ ပွင့်လင်းစွာ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ နည်းလမ်းတစ်ခုချင်းစီဟာ ဘယ်လိုအလုပ်လုပ်တယ်၊ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိတယ်၊ ဘယ်လိုအလွယ်တကူ အသုံးပြုလို့ရတယ်၊ ဘယ်လောက်ကုန်ကျနိုင်တယ် ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ နောက်ပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ဘဝနေထိုင်မှု၊ ဆက်ဆံရေး၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရနိုင်ချေနဲ့ ကိုယ်ဝန်မရဖို့ သင့်အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ တချို့နည်းလမ်းတွေမှာဆိုရင် တခြားနည်းတွေထက် ပိုသတိထားရမှာလေးတွေ ရှိပါတယ်။ ဥပမာ နေ့စဉ်သောက်ဆေးကတ်ကို ရွေးမယ်ဆိုရင် တစ်နေ့ကိုတစ်လုံး ဆေးသောက်ရပါမယ်။ တကယ်လို့ လက်မောင်းတွင်းထည့်ပစ္စည်းကို ရွေးမယ်ဆိုရင်တော့ ၃နှစ်ကနေ ၅နှစ်အထိ ကိုယ်ဝန်တားပေးနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်လိုအပ်ချက်ပေါ် မူတည်ပြီး အကောင်းအဆိုးကို ချိန်ဆနိုင်ဖို့ လိုပါတယ်။ သင့်ဆရာဝန်နဲ့လည်း အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်း

    ကိုယ်ဝန်တားဖို့တင်မကဘဲ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်နိုင်မှ ဘေးကင်းတဲ့ လိင်ဆက်ဆံမှု ဖြစ်မှာပါ။ ဒီအတွက် အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းကတော့ အကာအကွယ်နည်းပါပဲ။ အများအားဖြင့် အမျိုးသားကွန်ဒုံးတွေက အလွယ်တကူဝယ်လို့ရပြီး ပါးစပ်၊ မိန်းမကိုယ်၊ စအိုတို့နဲ့ ဆက်ဆံတဲ့အခါမှာ အသုံးပြုလို့ရပါတယ်။

    လက်မောင်းတွင်းထည့် ပစ္စည်း နဲ့ထိုးဆေးများ

    အမျိုးသမီး ဟော်မုန်းတားဆေးများကို လက်မောင်းတွင်းထည့် ပစ္စည်း နဲ့ထိုးဆေးများအသွင်လည်း ရရှိနိုင်ပါတယ်။ ဒီနည်းလမ်းများ အထူးသဖြင့် လက်မောင်းတွင်းထည့်ပစ္စည်းဟာ သောက်ဆေးကဒ် နဲ့ကွန်ဒုံးထက်ပိုပြီး ထိရောက်ပါတယ်။ သို့သော် အခြားတားနည်းများနည်းတူ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ဒီနည်းက လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်စွမ်းမရှိပါဘူး။

    လက်မောင်းတွင်းထည့်ပစ္စည်း

    လက်မောင်းရဲ့ အတွင်းပိုင်း အရေပြားအောက်မှာ ထည့်ရတဲ့ ဟော်မုန်းပါ သန္ဓေတားပစ္စည်းဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းပါဝင်ပြီး မမျိုးဥကြွေခြင်းကို တားဆီးပေးပါတယ်။ သားအိမ်ခေါင်းချွဲကို ပျစ်စေပြီး သုက်ကောင်တွေကို မျိုးဥဆီ ဝင်ရခက်အောင် လုပ်ပေးပါတယ်။ ရာနှုန်းပြည့်နီးပါး စိတ်ချရတဲ့ နည်းလမ်းဖြစ်ပြီး အီစထရိုဂျင် ဟော်မုန်းနဲ့ မသင့်တော်သူတွေအတွက် အဆင်ပြေပါတယ်။ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုလို့ရပါတယ်။

    (၃)လခံထိုးဆေး

    ပရိုဂျက်စတင် ဟော်မုန်းပါဝင်သော ဆေးဖြစ်ပြီး ၁၂ ပတ်ကနေ ၁၄ ပတ်အထိ ခံပါတယ်။ ဒက်ပို လို့ လူသိများပါတယ်။ စိတ်ချရတဲ့ နည်းတစ်ခု ဖြစ်သလို မမျိုးဥကြွေခြင်းကို တားဆီးပေးပြီး သားအိမ်ခေါင်းချွဲကိုလည်း ပျစ်စေပါတယ်။ ဒီနည်းက အလွန်ထိရောက်တဲ့ တားနည်းတစ်ရပ်ဖြစ်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement