backup og meta

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား


Dr. Phio Thiha မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား

    လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား

    လက်ထပ်တော့မယ့် စုံတွဲတွေအတွက် အသုံးပြုလို့ရမယ့် သားဆက်ခြားနည်းတွေအကြောင်း ရေးလာခဲ့တာ ၃ ပုဒ်ရှိပါပြီ။ ဒီလအတွက် နောက်ဆုံးအနေနဲ့တော့ ခုမှ မင်္ဂလာဆောင်မယ့်၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ မိန်းကလေးအနေနဲ့ ၃ လခံဆေး ထိုးသင့်သလား ဆိုတာကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုးဆေးမှာ ထူးခြားချက် ရှိလို့ပါ။ သားဆက်ခြားနည်းတွေအားလုံးထဲမှာမှ သူ့တစ်ခုတည်းမှာ ရှိတဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးထိုးရပ်လိုက်ပေမယ့် ကလေးပြန်ရဖို့ လအနည်းငယ် စောင့်ရတယ်ဆိုတာပါပဲ။ လုံးဝကို ပြန်မရနိုင်တော့တာမျိုး မဟုတ်ဘဲ အခိုက်အတန့်သဘော စောင့်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။

    တချို့ ၆ လလောက်နေမှ ကိုယ်ဝန်ပြန်ရတယ်၊ တချို့က ၁၀ လ၊ တချို့ကျတော့လည်း ဆေးထိုးရပ်လိုက်ပြီး သိပ်မကြာဘူး၊ ကိုယ်ဝန်ရသွားတယ်။ နောက်ပြီး အဲ့လို စောင့်ရတဲ့ကာလက ဘယ်နှကြိမ်ထိုးခဲ့တယ်၊ ဘယ်လောက်ကြာကြာ ထိုးခဲ့တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး။ တစ်ကြိမ်တည်း ထိုးခဲ့ပေမယ့်လည်း စောင့်ချင်စောင့်ရမယ်၊ ၃နှစ်လောက် သုံးခဲ့ပေမယ့်လည်း လအနည်းငယ်လောက်အတွင်း ကိုယ်ဝန်ပြန်ရသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဓိက သိစေလိုတာကတော့ ကလေးလုံးဝမရနိုင်တော့တာမျိုး မဖြစ်စေဘူး၊ အခိုက်အတန့်သဘောတော့ စောင့်ရနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့် ကိုယ်က ကလေးလိုချင်ပြီဆို ချက်ချင်းရမှ ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ကိုယ့်အိမ်ထောင်ရေး အခြေအနေအရ၊ ဥပမာ ယောကျာ်းက နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ရှိလို့ မသွားခင် ကလေးယူသွားမယ် ဆိုတာမျိုးများ အစီအစဉ်ရှိရင်တော့ ဒါကိုမသုံးခင် သေချာစဉ်းစားဖို့ လိုပါမယ်။ အဲ့လိုမဟုတ်ဘူး၊ စောင့်နိုင်တယ်ဆိုခဲ့ရင်တော့ အသုံးပြုလို့ ရပါတယ်။ ဒီနေရာမှာ ဆက်စပ်ပြီး ပြောလိုတာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ကလေးမရနိုင်ဘူး ဆိုတဲ့ကိစ္စဟာ ဘယ်အချိန်မှာ ပြဿနာဖြစ်နိုင်လဲ ဆိုတာပါ။ စုံတွဲတစ်တွဲဟာ တစ်နှစ်တိတိ ဘာတားဆေး၊ ဘာအကာအကွယ်မှ မသုံးပါဘဲနဲ့ ကိုယ်ဝန်မရသေးဘူး ဆိုတော့မှ ဒီစုံတွဲမှာ ပြဿနာတခုခုတော့ ရှိနေပြီလို့ စစဉ်းစားတာဖြစ်ပါတယ်။ မင်္ဂလာဆောင်တယ်၊ ၄ လပဲရှိသေးတယ်၊ ကလေးမရသေးဘူး ဆိုတာမျိုးက ဘာမှစိတ်ပူစရာ မလိုပါဘူး။ အချိန်တန်တော့ ရလာပါလိမ့်မယ်။ တစ်နှစ်ကျော်တဲ့အထိ မရသေးဘူးဆိုမှသာ ဆေးခန်းပြပြီး စစ်ဆေးကြည့်သင့်တာပါ။ ဒါကြောင့်မို့ ဒီဆေးထိုးပြီး ရပ်လိုက်လို့ လအနည်းငယ်ကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူးဆိုတာ တကယ်တော့ စိုးရိမ်စရာ မလိုသေးဘူး။ ဆေးကြောင့် လအနည်းငယ် စောင့်ဆိုင်းရမှာကို တစ်နှစ်တိတိ ထပ်ပေါင်းလိုက်ရင် ယေဘုယျအားဖြင့် ဆေးထိုးရပ်ပြီး တစ်နှစ်ခွဲလောက်အထိ အချိန်ယူစောင့်ကြည့်နိုင်ပါတယ်။ အဲ့လောက်ကြာတဲ့အထိ မရသေးတော့မှသာ ဆေးခန်းပြကြည့်ဖို့ လိုမှာပါ။ ဒါလေးကို သဘောပေါက်ထားပြီး အစိုးရိမ်မလွန်ကြဖို့ ပြောလိုပါတယ်။ နောက်တစ်ချက်က အဲ့လိုစောင့်ရတဲ့ကိစ္စနဲ့ ပတ်သက်တယ်။ ဒီလိုမျိုး ဆေးထိုးပြီး ရပ်လိုက်ရင် ကလေးချက်ချင်း ပြန်မရတတ်ဘူး၊ စောင့်ရတတ်တယ် ဆိုတော့ တချို့အမျိုးသမီးတွေက ပေါ့တယ်။ ဆေးကို ပုံမှန်မထိုးဘူး၊ ဘာလို့ဆိုတော့ ဒီဆေးက ကိုယ်ဝန်ချက်ချင်း ပြန်မရနိုင်ဘူး၊ အရှိန်ကျန်တတ်တယ် တဲ့။ ဟုတ်တော့ဟုတ်ပါတယ်၊ ချက်ချင်းတော့ ပြန်မရတတ်ဘူး။ ဒါပေမယ့် အဲဒါက သေချာပေါက် ပြောလို့မရဘူး။

    ဆေးတစ်ခါထိုးပြီး ကလေးပြန်ရဖို့ ၆ လလောက် ကျိန်းသေစောင့်ရမယ်ဆိုရင် ဘယ်သူက ၃လခံဆေးလို့ ပြောတော့မလဲ၊ ၉ လခံဆေးလို့ပဲ ခေါ်တော့မှာပေါ့။ ၃လခံဆေးလို့ပဲ သတ်မှတ်ထားကတည်းက ဒီဆေးရဲ့ အာနိသင်ကို စိတ်ချရတာသည် ၃ လပဲ။ အဲဒီနောက်ပိုင်းက စောင့်ချင်လည်း စောင့်ရမယ်၊ မစောင့်ချင်လည်း မစောင့်ရဘူး။ အတိအကျ ပြောမရဘူး။ ဒါကြောင့်မို့ ၃လပြည့်တိုင်း၊ ၃လပြည့်တိုင်းမှာ ရက်ချိန်းအတိုင်း ဆေးပြန်ထိုးဖို့လိုတယ်၊ အရှိန်ကျန်တတ်တယ်ဆိုတိုင်း ပေါ့လို့မရဘူး ဆိုတာကို သိစေချင်ပါတယ်။ ဒီ ၃ လခံထိုးဆေးဟာ ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁,၀၀၀)မှာမှ (၃)ယောက်လောက်ပဲ ရှိပါတယ်။ အားသာချက်တွေအနေနဲ့ သုံးလမှတစ်ခါ ထိုးရတဲ့အတွက် နေ့စဉ် ဆေးသောက်နေရတာထက်စာရင်တော့ အလုပ်ရှုပ်သက်သာတယ်။ သွေးမပေါ်တတ်တာမို့ သွေးပေါ်ရင် အလုပ်ရှုပ်တယ်လို့ ခံယူတတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း အဆင်ပြေပါတယ်။ အဲ့လို သွေးမပေါ်တာကလည်း သူ့အာနိသင်ကြောင့်ပဲ။ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာ မရှိလို့သာ ဖြစ်တယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။ ဆေးထိုးစမှာ သွေးကမောက်ကမ ဖြစ်တာမျိုး ရှိတတ်တယ်။ တအားများတယ်၊ ရက်ရှည်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး လိုအပ်တဲ့ဆေးတွေ သောက်ဖို့ လိုပါမယ်။ ဒါကြောင့်မို့ မကြာခင်လက်ထပ်တော့မယ့် အမျိုးသမီးတွေအနေနဲ့ ဒီ ၃ လခံထိုးဆေးရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားပြီး ကိုယ့်နဲ့ ကိုက်ညီတယ်၊ အဆင်ပြေတယ်ထင်ရင် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အဓိကကတော့ ဘယ်သူဘယ်ဝါက တိုက်တွန်းလို့၊ ဘယ်သူနဲ့တော့ အဆင်ပြေလို့ ဆိုတာထက် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တာ ဖြစ်ဖို့ပါပဲ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement