backup og meta

မိမိနှင့် သင့်တော်သော သားဆက်ခြားနည်း ရွေးချယ်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိနှင့် သင့်တော်သော သားဆက်ခြားနည်း ရွေးချယ်ခြင်း

    ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။

    သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏

    • အသက်
    • အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ
    • ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု
    • သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း
    • ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။

    ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။

    ကျန်းမာရေးအခြေအနေအရ သားဆက်ခြားနည်း

  • လတ်တလောကိုယ်ဝန်ရှိသူ
  • သုံးစွဲရန်မလို။

    • ရောဂါမကူးစက်ရန်

    ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။

  • နို့တိုက်မိခင်
  • ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ ကလေး မွေးပြီး ၆လအတွင်း မိခင်နို့တစ်မျိုးတည်းသာတိုက်ရသောကြောင့် နို့ထွက်နည်း လျှင် ကလေးအာဟာရမပြည့်ပေ။

    ကလေး၆လကျော်ရင် ဟော်မုန်းပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ ကလေး၆လကျော်လျှင် ဖြည့်စွက်စာစားသောကြောင့် မိခင်နို့ထွက်နည်းသော်လည်း စိုးရိမ်စရာမရှိချေ။

    • သွေးတိုးရှိသူ (အပေါ်သွေး ၁၄၀၊အောက်သွေး ၉၀)၊ သွေးကြောပိတ်ရောဂါရှိသူ၊ သွေးရောဂါရှိသူ၊ ခေါင်းကိုက်ရောဂါရှိသူ၊ အသည်းရောဂါရှိသူ

    ဟော်မုန်းပါသောဆေးမသုံးရန်။ ဖြစ်နိုင်ပါက ၃လခံဆေး မသုံးရန်။ progestrone တားဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ ဟော်မုန်းပါသောဆေးများသည် သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည်တို့ကို ပိုဆိုးစေနိုင်သောကြောင့်ဖြစ်သည်။

    • တီဘီရောဂါရှိသူ

    ဟော်မုန်းပါသော ဆေးကဒ်များ မသုံးရန်။ ၃လခံဆေး သုံးနိုင်သည်။ တီဘီဆေးသည် ဆေးကဒ်များ၏ အာနိသင်ကို ကျစေပြီး ဆေးသောက်နေရင်း ကိုယ်ဝန်ရတတ်သောကြောင့်ဖြစ်သည်။

    • အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်ထိန်းလိုသူ

    ဟော်မုန်းပါသောတားဆေးများကို တတ်နိုင်သမျှရှောင်ရန်။ ဟော်မုန်းမပါသော သားအိမ်အတွင်းထည့်ပစ္စည်းIUDသုံးနိုင်သည်။

    • နှစ်ရှည်တားလိုသူ

    လက်မောင်းတွင်းထည့် တားဆေးImplanon NXT၊ သားအိမ်အတွင်းထည့် ပစ္စည်းIUDသုံးနိုင်သည်။

    သားဆက်ခြားနည်း အမျိုးမျိုး၏ ထိရောက်မှုကို နှိုင်းယှဉ်ခြင်း

    သားဆက်ခြားနည်း                                                                              သာမန်သုံးသူ               နည်းစနစ်မှန်သုံးသူ

    • ကွန်ဒုံး                                                                                                  ၈၅%                                 ၉၈%
    • အရေးပေါ်တားဆေး                                                                             မသိရ                                နာရီ ၁၂၀အတွင်းသုံးပါက ၇၅%
    • ဟော်မုန်း၂မျိုးပါတားဆေးကဒ်                                                              ၉၂%                                ၉၉.၇%တားဆေးကဒ်
    • progestrone တစ်မျိုးတည်းပါတားဆေးကဒ်                                       ၉၂%                                ၉၉.၇%
    • ၃လခံထိုးဆေး                                                                                       ၉၇%                               ၉၉.၉၇%
    • လက်မောင်းအရေပြားအောက်ထည့်တားဆေး                                       ၉၇%                              ၉၉.၉၇%
    • သားအိမ်တွင်းထည့်ပစ္စည်း                                                                     ၉၉.၉၂%                         ၉၉.၉၄%
    • ရက်ရှောင်ခြင်း                                                                                       ၇၅%                              ၉၁-၉၉%
    • မိန်းမကိုယ်ပြင်ပ လိင်ဆက်ဆံခြင်း (ဥပမာ ပါးစပ်ဖြင့် ဆက်ဆံခြင်း)      ၁၀၀%                            ၁၀၀%

    သားဆက်ခြားနည်းများအား ရရှိနိုင်မှု

    ဟော်မုန်းပါသောက်ဆေးများ၊ ကွန်ဒုံးများ၊ အရေးပေါ်တားဆေးများအား ဆေးဆိုင်အများအပြား၌ အလွယ်တကူ ရရှိနိုင်သော်လည်း ၃လခံထိုးဆေး၊ လက်မောင်းတွင်းထည့် ကိုယ်ဝန်တားနည်းနှင့် သားအိမ်တွင်းထည့်ပစ္စည်းတို့မှာ ဆေးရုံဆေးခန်းများတွင် ကျွမ်းကျင်သော ဆရာဝန်များအကူအညီဖြင့်သာ ရရှိနိုင်သည်။

    ထပ်ဆင့် မျှဝေလိုသော စကား

    • မိမိအဖော်တွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများရှိနေနိုင်ကြောင်း သံသယရှိလျှင် ကွန်ဒုံးသုံးပါ။
    • နည်းစနစ်မှန်ကန်စွာသုံးခြင်းဖြင့် ကိုယ်ဝန်အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်နိုင်သည်။
    • ကွန်ဒုံးအပို အမြဲအသင့်ထားရှိပါ။
    • ကွန်ဒုံး ပေါက်ပြဲမှု ရှိ မရှိ သေချာစွာ စစ်ဆေးပြီးမှ အသုံးပြု ပါ။
    • ကွန်ဒုံး ပေါက်ပြဲသွားပါက ဆက်ဆံပြီးချင်း အရေးပေါ်တားဆေးသောက်ပါ။
    • လိင်စိတ်ဖြေရန် လက်ကိုင်ခြင်း၊ ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ တစ်ကိုယ်တော်စိတ်ဖြေခြင်း၊ ပါးစပ်မှတဆင့် လိင်ဆက်ဆံခြင်းများသည် ကိုယ်ဝန်မရစေနိုင်ပါ။
    • အရေးပေါ်တားဆေးကို ပုံမှန်တားဆေးအဖြစ် သုံးရန်မသင့်ပါ။ တစ်လအတွင်း အကြိမ်ကြိမ်မသုံးသင့်ပါ။

    တားဆေးကဒ်သောက်စဉ်မေ့လျော့ခြင်း

    တားဆေးကဒ်သောက်ရန် မေ့လျော့လျှင် ကိုယ်ဝန်ရတတ်သောကြောင့် အောက်ပါအတိုင်းဆောင်ရွက်ပါ။

    • ဆေးကဒ် အပေါ်ဆုံးနှစ်တန်း(ပထမ ၁၄ လုံး)မှ မေ့ပါက

    သတိရရခြင်း တစ်လုံးသောက်ပါ။ ပုံမှန်အချိန်တွင်လည်း တစ်လုံးသောက်ပါ။ ကျန်ဆေးများအား အစဉ်အတိုင်းဆက်သောက်ပါ။ ကွန်ဒုံးကို ၇ရက်သုံးပါ။

    • ဆေးကဒ် တတိယတန်း(၇)လုံးမှ မေ့ပါက

    သတိရရခြင်း တစ်လုံးသောက်ပါ ။အဆိုပါ အတန်းမှ ဆေးများအား ကုန်အောင်ဆက်သောက်ပါ။ ပြီးလျှင်နောက်ဆုံးအတန်းကို မသောက်ဘဲ ဆေးကဒ်အသစ် ပြန်စသောက်ပါ ။ ကွန်ဒုံးကို ၇ရက်သုံးပါ။

    • ဆေးကဒ် နောက်ဆုံးအတန်း (၇)လုံး (အနီရောင်ဆေးလုံးအတန်း ) မှ မေ့ပါက

    မေ့သွားသောဆေးလုံးများအား ထုတ်ပစ်ပြီး ကျန်ဆေးများကို ဆက်သောက်ပါ။

    ရေးသားသူ – Dr. May Thazin Oo

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement