backup og meta

နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း

    နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း တွေက ဘာတွေ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

    နို့တိုက်နေတာက အကောင်းဆုံး သားဆက်ခြားနည်း လို့ပြောကြပါတယ်။ ဒါကို အမေတိုင်းသိကြပါတယ်။ ဒါက မှန်သင့်သလောက်ပဲ မှန်ပါတယ်။

    နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း

    နို့တိုက်ရင် ကလေးမရဘူးဆိုတာက အမေက ကလေးကို နို့ချည်းပဲ တိုက်နေမှပါ။ ဒါကလည်း မွေးပြီး၆လအထိပဲ အဆင်ပြေပါတယ်။ အောင်အောင်မြင်မြင် သားဆက်ခြား နိုင်ဖို့အတွက် နေ့ဘက်မှာ ၄နာရီခြား၊ ညဘက်မှာ ၆နာရီခြား တိုက်ရပါမယ်။ မိခင်နို့ကလွဲပြီး တခြားဘာမှမတိုက်ရပါဘူး။

    နို့တိုက်နေတုန်းမှာ မျိုးဥကြွေတယ်။ ကိုယ်ဝန်မရဘူးဆိုရင် ၂ပတ်လောက်ကြာတဲ့အခါ ရာသီလာပါတယ်။ ရာသီလာမှ မျိုးဥကြွေတာကို ပြန်ပြောင်းသိရတာ ဖြစ်တဲ့အတွက် ဒီအချိန်အတွင်းမှာ အတူနေမိရင် ကိုယ်ဝန်ရနိုင်ပါတယ်။  ဘယ်လမှာပဲ ဖြစ်ဖြစ် နို့တိုက်ရင်း ရာသီပြန်လာပြီဆိုရင် တခြားသားဆက်ခြားတဲ့ နည်းလမ်းတစ်ခုခုကို သုံးရတော့မှာပါ။

    အများစုကတော့ ၆လကျော်မှ သားဆက်ခြား ကြပါတယ်။ အကြောင်းက ၆လအထိ အမေနို့တိုက်လို့ပါ။ ဒါပေမယ့် နို့တိုက်နည်းမမှန်လို့ ၆လမတိုင်ခင်မှာ သားဥကြွေတဲ့အခါ ရာသီပြန်လာပါတယ်။ ၆လမတိုင်ခင် ရာသီပြန်လာတဲ့အခါ သားဆက်ခြားနည်းကို သုံးရတော့မှာပါ။ နို့တိုက်နေပေမယ့်လည်း သုံးရတော့မှာပါ။ ၆လပြည့်လို့ နို့မတိုက်တော့ဘူးဆိုရင်လည်း သားဆက်ခြားရမှာပါ။

    ဒါဆိုရင်တော့ သင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုနေပါပြီ။ အမေအများစုကတော့ အီစထရိုဂျင်ပါတဲ့ တားဆေးတွေက နို့ထွက်နည်းတယ်ဆိုပြီး စောဒကတက်ကြပါတယ်။ ဒါဆိုလည်း တခြားနည်းလမ်းတွေ အများကြီး ရှိသေးတာကြောင့်  ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။

    • သားဆက်ခြား နည်းလမ်း (၁)  သားအိမ်ထဲ ပစ္စည်းထည့်ခြင်း

    သားအိမ်ထဲပစ္စည်းထည့်တာက ၉၉ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ပါတယ်။ ဟော်မုန်းပါတာရော မပါတာရော ရှိပါတယ်။ နှစ်ခုလုံးက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးရတာပါ။

    ဟော်မုန်းဆိုတာက ပရိုဂျက်စတုန်း ပါတာပါ။ ဒီဟော်မုန်းက မိန်းမကိုယ်အချွဲကို ပျစ်စေတာကြောင့် သုတ်ပိုးကို သားအိမ်မရောက်အောင် တားဆီးပေးပါတယ်။ တစ်ခါထည့်ထားရင် ၃နှစ်ခံ၊ ၅နှစ်ခံ စသဖြင့် အစားစားရှိပါတယ်။

    ကလေးမွေးပြီးတာနဲ့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းကို ထည့်လို့ရပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ တချို့ကျတော့လည်း မွေးပြီးလို့ သားအိမ်ကောင်းကောင်း အနားရပြီးမှ (မီးတွင်း၄၅ရက်ပြီးမှ) ပြန်ထည့်ချင်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ထည့်ပြီးပြီးချင်း ဆီးစပ်ကိုက်တာ၊ ရာသီမမှန်တာ၊ သွေးဆင်းများတာ၊ ကြားဖောက်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ၆လလောက်နေရင်တော့ အလိုလို သက်သာသွားပါတယ်။ ကိုယ်ဝန် ပြန်လိုချင်တယ် ဆိုရင်လည်း ပစ္စည်းကို ပြန်ထုတ်လိုက်တာနဲ့ တန်းရနိုင်ပါတယ်။

    • သားဆက်ခြား နည်းလမ်း (၂) တားဆေးသောက်ခြင်း

    အသုံးများတဲ့ ဒီတားဆေးကတော့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးပေါင်းထားတာပါ။ တချို့ကတော့ ဒါကို သောက်ပြီး နို့သိပ်မထွက်တော့တဲ့အတွက် ရလဒ်အနေနဲ့ နို့လည်း ဆက်မတိုက်ကြတော့ပါဘူး။ ဒီဟော်မုန်းနှစ်ခုမှာ အီစထရိုဂျင်ကြောင့် ဖြစ်ရတာပါ။

    ဒါကြောင့် တားဆေးသောက်မယ်ဆိုရင် ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတာကိုပဲ သောက်နိုင်ပါတယ်။ ပရိုဂျက်စတုန်းတစ်မျိုးပဲပါတဲ့ ဆေးရဲ့ အားနည်းချက်ကတော့ ရာသီထိန်တတ်တာပါ။ စစချင်းမှာတော့ ရာသီမမှန်တာ၊ နည်းနည်းပဲဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ မှန်မှန်သောက်မယ်ဆိုရင် ၈၇-၉၉.၇ ရာခိုင်နှုန်းထိ ကာကွယ်နိုင်ပါတယ်။

    ကိုယ်ဝန်ပြန်လိုချင်တယ်ဆိုရင် ဆေးဖြတ်လို့ရပါတယ်။ တချို့က ချက်ချင်းပြန်ရပေမယ့် တချို့က လနည်းနည်း ကြာတာမျိုးရှိပါတယ်။

    အီစထရိုဂျင်မပါပေမယ့် ဟော်မုန်းဆေးဖြစ်တဲ့ အတွက် တစ်ခါတစ်လေ နို့ထွက်နည်းတာမျိုး ရှိပါတယ်။ ဒီလိုမဖြစ်အောင် မကြာမကြာနို့တိုက်ပေးတာ၊ ညှစ်ထုတ်ပေးတာ လုပ်ပေးနိုင်ပါတယ်။ ဒါတောင်မှ နို့ထွက်နည်းသေးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

  • သားဆက်ခြား နည်းလမ်း (၃) Barrier Methods
  • ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ သုတ်ပိုးကို သားအိမ်ထဲမရောက်အောင် တားတဲ့ barrier နည်းလမ်းကို ပြောတာပါ။ ကောင်းတဲ့အချက်က ဟော်မုန်းမပါတဲ့အတွက် နို့ထွက်တာကို မထိခိုက်ပါဘူး။ အသုံးများတာကတော့ အမျိုးသားတွေအတွက်ဆို ကွန်ုဒုံး၊အမျိုးသမီးတွေ အတွက်ဆို ကွန်ဒုံး၊ သားအိမ်ခေါင်းအစွပ်တို့၊ diaphragmတို့ ရှိပါတယ်။ ဒီမှာ အသုံးများတာကတော့ ကွန်ုဒုံး ဖြစ်တဲ့အတွက် ဒီအကြောင်းရှင်းပြပေးပါ့မယ်။

    ကွန်ဒုံးက သုတ်ပိုးကို သားအိမ်ထဲမရောက်အောင် တားပေးတာပါ။ အမျိုးသားသုံး၊ အမျိုးသမီးသုံးဆိုပြီး ရှိပေမယ့် အမျိုးသားသုံးတာများပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ကိုယ်ဝန်ကို တားတဲ့အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ နည်းမှန် လမ်းမှန်သုံးမယ်ဆိုရင် ၉၈ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပိုပြီးစိတ်ချချင်ရင်တော့ တခြားသားဆက်ခြားနည်းတွေနဲ့ တွဲပြီ သုံးလို့ရပါတယ်။

    • သားဆက်ခြား နည်းလမ်း (၄) လက်မောင်းအောက်ထည့် သားဆက်ခြားပစ္စည်း

    လက်မောင်းအောက်ထည့်တဲ့ ပစ္စည်းကတော့ ၉၉ရာခိုင်နှုန်း ထိရောက်မှု ရှိပါတယ်။ ဆရာဝန်ကပဲ ထည့်ပေးနိုင်တာပါ။ မီးခြစ်ဆံသာသာလောက်ရှိတဲ့ ပစ္စည်းကို လက်မောင်းအောက် အရေပြားထဲ မြုပ်ထားတာပါ။ တစ်ခါထည့်ပြီးရင် နှစ်နဲ့ချီ ခံပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်းပါပါတယ်။ ကလေးလိုချင်ရင် ပြန်ထုတ်လိုက်လို့ ရပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ လက်မောင်းအောင့်တာ၊ ပိုးဝင်တာ၊ သွေးဆင်းများတာ စတာတွေ ဖြစ်နိုင်ပါတယ်။

    • သားဆက်ခြား နည်းလမ်း (၅) ၃လခံဆေးထိုးခြင်း

    လူတိုင်းရင်းနှီးပြီးသား နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီပို (depo) လို့လဲ အရပ်ထဲမှာ ခေါ်ကြပါတယ်။ ၃လခံဆေးရော ၁လခံဆေးရော ရှိပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်း ပါပါတယ်။ ၃လတစ်ခါမှ ထိုးရတဲ့အတွက် မေ့တတ်တဲ့ လူတွေ အတွက် အဆင်ပြေပါတယ်။ ၉၇ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ဗိုက့်အောင့်တာ၊ ခေါင်းကိုက်တာ၊ ဝလာတာ စတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ဆေးဖြတ်လိုက်ရင်လည်း ကလေးရဖို့ ကြာတတ်ပါတယ်။ တစ်တစ်လေ ၁၀လလောက် စောင့်ရတတ်ပါတယ်။

  • သားဆက်ခြား နည်းလမ်း (၆) သဘာဝအတိုင်း သားဆက်ခြားခြင်း
  • ရက်ရှောင်နည်းကို ပြောတာပါ။ ဒီနည်းကို သုံးမယ်ဆိုရင် ကိုယ့်ရဲ့ ရာသီအကြောင်းကို ကောင်းကောင်းသိထားဖို့ လိုပါတယ်။ လွဲသွားရင် ကိုယ်ဝန်ရနိုင်ပါတယ်။ ရာသီမမှန်တဲ့သူတွေ မသုံးသင့်ပါဘူး။

    • သားဆက်ခြား နည်းလမ်း (၇) သားကြောဖြတ်ခြင်း

    မြန်မာနိုင်ငံမှာတော့ သားကြောဖြတ်မယ်ဆိုရင် ဆေးရုံက ဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်လိုပါတယ်။ သတ်မှတ်ချက်တွေ ကိုက်ညီမှသာ သားကြောဖြတ်ခွင့် ရတာပါ။ ဒါကြောင့် လုပ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    သိထားရမှာက နို့တိုက်နေပေမယ့်လည်း စနစ်မကျဘူးဆိုရင် အချိန်မရွေး ကိုယ်ဝန်ရသွား နိုင်ပါတယ်။ အနည်းဆုံး ၄နာရီခြား ၆နာရီခြား တိုက်မှသာ ကိုယ်ဝန်ကို ကာကွယ်နိုင်မှာပါ။ နို့တိုက်နေရင်းနဲ့ ရာသီလာနေပြီဆိုရင် သားဆက်ခြားရတော့မှာပါ။ ကိုယ်ဝန်မရချင်ဘူးဆိုရင် အပေါ်မှာ ပြောထားတဲ့ သားဆက်ခြားတဲ့ နည်းလမ်း တွေကို သုံးလို့ရပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement