backup og meta

ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

    ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ဆေးပေးခါနီးရင် ဆေးမတည့်တာ ရှိလား။ စွဲသောက်နေတဲ့ ဆေးတွေ ဘာရှိလဲဆိုပြီး မေးတာ ကြုံဖူးမှာပါ။ ဘာလို့လဲဆိုတော့ ဆေးတွေက အချင်းချင်း ဓာတ်ပြုနိုင်လို့ပါပဲ။ တချို့ဆေးတွေက တွဲသောက်မိရင် အချင်းချင်း ဓာတ်ပြုပြီး တစ်ခုက နောက်တစ်ခုရဲ့ ဆေးအာနိသင်ကို ပိတ်လိုက်တာမျိုး ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဒီဆေးကို ခန္ဓာကိုယ်က မချေဖျက်နိုင်အောင် တားလိုက်တာကြောင့် ဆေးက ကိုယ်ထဲမှာ အကြာကြီး ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို  drug interaction လို့ ခေါ်ပါတယ်။

    တားဆေး သောက်နေတဲ့သူဆို ဒီအချက်ကို သတိထားသင့်ပါတယ်။ တားဆေးမှန်မှန်သောက်နေရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဒီလိုအကြောင်းတွေကြောင့်လည်း ပါပါတယ်။ ကိုယ်သောက်လိုက်တဲ့ ဆေးက တားဆေးအာနိသင်ကို ပိတ်လိုက်တာကြောင့် ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျသွားတာပေါ့။ ဒီတော့ ဘာဆေးတွေက တားဆေးရဲ့ အာနိသင်ကို ထိခိုက်နိုင်လဲ။ ခုကိုယ်သောက်နေတဲ့ထဲမှာ ဒီဆေးတွေပါလားဆိုတာ ကြည့်ကြည့်ရအောင်။

    တားဆေး အာနိသင်ကို လျှော့စေတဲ့ဆေးများ

    • ပိုးသတ်ဆေးများ

    များသောအားဖြင့်တော့ ပိုးသတ်ဆေးတွေက စိတ်ချလက်ချ သောက်လို့ရပါတယ်။ အသုံးများတဲ့ ပင်နင်ဆလင်အုပ်စုတွေ၊ အမောက်စစလင်အုပ်စုတွေက တားဆေးရဲ့ အာနိသင်ကို မထိခိုက်ပါဘူး။

    ပိုးသတ်ဆေးထဲမှာ တားဆေးနဲ့ တွဲမပေးရဘူးလို့ နာမည်ကြီးတဲ့ဆေးက Rifampicin လို့ ခေါ်တဲ့ တီဘီမှာ သုံးတဲ့ဆေးပါ။ သူကတော့ တားဆေး အာနိသင်ကို ကျစေလို့ ဒီဆေးသောက်နေတယ်ဆိုရင် ကွန်ဒုံးသုံးတာဖြစ်ဖြစ် တခြားနည်းနဲ့ သန္ဓေတားတာ ဖြစ်ဖြစ် လုပ်ရမှာပါ။

    သူကလွဲလို့ တခြားပိုးသတ်ဆေးတွေကတော့ တားဆေးနဲ့ ရောသောက်လို့ရသလို အပိုဆောင်းသန္ဓေတားနည်းတွေ (ဥပမာ ကွန်ဒုံး)လည်း မလိုပါဘူး။

    HIVဆေးတွေထဲမှာဆိုရင်လည်း

    -Darunavir

    -Efavirenz

    -Lopinavir/ ritonavir

    -Nevirapine စတဲ့ဆေးတွေပါ။

    တခြားဆေးတွေကတော့ သောက်လို့ရပါတယ်။

    • မှိုသတ်ဆေးတွေ

    မှိုသတ်ဆေးတွေထဲမှာ သတိထားရမှာက griseofulvinနဲ့ ketoconazoleပါ။ Griseofulvinက သဲဝဲစားရောဂါမှာ သုံးပါတယ်။ Ketoconazoleကတော့ သုံးခဲပါတယ်။ တခြားမှိုဆေးတွေ မရှိ ဒါမှမဟုတ် မနိုင်မှ သုံးတာပါ။ နောက် Nystatinဆေးကလည်း တားဆေး အာနိသင်ကို လျော့စေတယ်လို့ ဆိုပါတယ်။ ကိုယ့်မှာ မှိုစွဲတဲ့ ရောဂါရှိလို့ ဆေးကုရတော့မယ်ဆိုရင် တားဆေးသောက်နေကြောင်း ဆရာဝန်ကို ပြောပြပါ။

  • အတက်ကျဆေး
  • အတက်ကျဆေးတွေက တားဆေးတွေကို ခန္ဓာကိုယ်ထဲမှာ မြန်မြန်ပျက်စေတာမို့လို့ ဆေးအာနိသင် ပြချိန်မရလိုက်ပါဘူး။ ဒါတွေကတော့

    -Carbamazepine

    -Felbamate

    -Oxcarbazepine

    -Phenobarbital

    -Primidone

    -Topiramate စတဲ့ ဆေးတွေပါပဲ။

    ဒါကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် တခြား အပိုဆောင်းသန္ဓေတားနည်းလမ်းတွေ သုံးဖို့ စဉ်းစားပါ။ အတက်ကျဆေးက တားဆေး အာနိသင်ကို လျော့စေပေမယ့် တားဆေးကြောင့် အတက်ကျဆေးရဲ့ ဆေးစွမ်း မထိခိုက်ပါဘူး။

    • Modanafil

    ဒီဆေးက အိပ်စက်ခြင်း ရောဂါတွေ ဖြစ်တဲ့ အိပ်ဟောက်ရှူရပ်ရောဂါတို့၊ အအိပ်လွန်တဲ့ ရောဂါတို့မှာ သုံးပါတယ်။ လေ့လာချက်တွေအရ သူသည်လည်း တားဆေးရဲ့ အာနိသင်ကို ကျစေတယ်လို့ဆိုပါတယ်။

    • သစ်ဥသစ်ဖုများ

    အောက်မှာ ဆက်ပြောမယ့် သစ်ဥသစ်ဖုတွေကလည်း တားဆေးအာနိသင်ကို ကျစေလို့ ဒါတွေသောက်နေရင် သတိထားပါ။ အနည်းဆုံးတော့ အလွန်အကျွံမသောက်မိပါစေနဲ့။

    -St.John’s worts (တောင်ရေချမ်းယားအပင်) : ဒီအပင်ကို စိတ်ကျဝေဒနာနဲ့ အိပ်စက်ခြင်း ဝေဒနာတွေအတွက် သုံးပါတယ်။ လေ့လာချက်တွေအရ ဒီအပင်နဲ့ တားဆေးနဲ့ကို တွဲသောက်မိမယ်ဆိုရင် ရာသီမဟုတ်ဘဲ သွေးဆင်းတာ၊ တားဆေးမှာ ပါတဲ့ အီစထရိုဂျင်ကို ဖျက်ဆီးလိုက်တာမျိုး ဖြစ်တတ်ပါတယ်တဲ့။

    -Saw palmetto (ဆေးထန်းပင်) : ဆံပင်ကျွတ်တာ သက်သာအောင် တချို့တွေ သောက်တတ်ကြပါတယ်။

    -Alfalfa (အယ်လ်ဖာဖာ) : ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးကျိတ်ပြဿနာတွေအတွက် သုံးတတ်ကြပါတယ်။

    -နှမ်းကြတ်စေ့ : အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေအတွက် သောက်ကြပါတယ်။

    သစ်ဥသစ်ဖုတွေကို ဘယ်လောက်စားရင် တားဆေးအာနိသင်ကျတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် အလွန်အကျွံမစားမိဖို့ သတိပြုပါ။ ဒါတွေ စားနေမိတယ်ဆိုရင် တားဆေးပြောင်းသုံးတာဖြစ်ဖြစ်၊ စားနေတဲ့ အချိန်တွင်းမှာ အပိုဆောင်းသန္ဓတားနည်းလမ်းသုံးတာ ဖြစ်ဖြစ် လုပ်ပေးပါ။

    အဲ့ဒီတော့ ပြန်ပြောရရင် တားဆေးမှ မဟုတ်ပါဘူး။ ကိုယ့်မှာ စွဲသောက်နေတဲ့ ဆေးရှိရင် နောက်ဆေးသောက်ဖို့ လိုလာတိုင်းမှာ စွဲသောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဆေးဓာတ်ပြုခြင်း ရှိ မရှိ ဆင်ခြင်ပြီး ပေးလို့ရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement