backup og meta

တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

    ကိုယ်ဝန်ရချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် နေ့စဉ်သောက် တားဆေး ကို ရပ်လိုက်တဲ့အခါ ကြုံရနိုင်တဲ့အခြေအနေတွေကို ပြောပြပေးသွားပါ့မယ်။

    တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

    နေ့စဉ်သောက် တားဆေးတွေက ဟော်မုန်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ပျိုမေတို့ အတော်များများ သိပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ်တွေ အားလုံးနီးပါး အပေါ်ကို ဟော်မုန်းဓာတ်တွေ သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းပါတဲ့ တားဆေးတွေ ရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်လာမှာ သေချာပါတယ်။ နေ့စဉ်သောက် တားဆေး သောက်သုံးမှုကို ရပ်လိုက်ရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်။

    ၁ – ကိုယ်ဝန်ရသွားနိုင်ပါတယ်

    နောက်နေတာ မဟုတ်ပါဘူး။ တကယ်ဖြစ်ပါတယ်။ တားဆေး ဆက်မသောက်တော့တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းတွေကို ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်ပြီး သားဥပြန်ကြွေနိုင်ပါတယ်။ သားဥကြွေပြီဆိုတာနဲ့ ကိုယ်ဝန်ပြန်ရနိုင်တာကြောင့် ကလေးယူဖို့ အစီအစဉ် မရှိသေးရင် ကွန်ဒုံးလိုမျိုး တခြားသားဆက်ခြားနည်း တစ်ခုခုကို ဆက်သုံးစွဲဖို့ အကြံပေးချင်ပါတယ်။

    ၂ – ရာသီပုံမှန်ပြန်လာဖို့ နည်းနည်းစောင့်ရတတ်တယ်

    ဟော်မုန်းနဲ့ဆိုင်တဲ့ ကိစ္စတွေအကုန်လုံးက နည်းနည်း ရှုပ်ထွေးပါတယ်။ တားဆေး ရပ်လိုက်တာနဲ့ ရာသီပုံမှန် ပြန်လာတဲ့သူတွေ ရှိသလို တချို့ကျလည်း ၂လ၊ ၃လလောက် စောင့်ရတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ စိတ်ရှည်ရှည်နဲ့ ၃လ လောက် စောင့်ကြည့်ပြီးတဲ့အထိ ရာသီ ပြန်မလာရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ မမှားပါဘူး။

    ၃ – ရာသီစက်ဝန်းအပြောင်းအလဲဖြစ်တတ်တယ်

    တားဆေးက ရာသီ ပုံမှန်လာအောင် လုပ်ပေးပါတယ်။ တားဆေး ဖြတ်ပြီးရင်တော့ လာနေကျရက်ထက် စောလာတာ၊ နောက်ကျလာတာတွေ ကြုံရတတ်ပါတယ်။ နောက်ပြီး ပုံမှန်ထက် သွေးဆင်းများတာတွေ၊ သားဥကြွေချိန်မှာ ကိုက်ခဲတာတွေလည်း ဖြစ်နိုင်ပါတယ်။

    ၄ – ရာသီလာခါနီးဖြစ်တဲ့ပြဿနာ (PMS) တွေပြန်ကြုံရမယ်

    ဟော်မုန်းပါတဲ့ တားဆေးတွေရဲ့ အားသာချက်တစ်ခုက ရာသီလာခါနီး ခံစားရတတ်တဲ့ ခေါင်းကိုက်တာ၊ ကြွက်သားကိုက်ခဲတာ၊ လေပွတာ၊ စိတ်အပြောင်းအလဲမြန်တာတွေကို သက်သာအောင် လုပ်ပေးပါတယ်။ ဒါကြောင့် တချို့အမျိုးသမီးတွေက ဒီလက္ခဏာတွေသက်သာဖို့ တမင်တားဆေးသောက်သုံးတာတွေတောင် ရှိပါတယ်။ ဟော်မုန်းအတက်အကျဖြစ်တာကြောင့် ဒီလက္ခဏာတွေကြုံရတာဖြစ်တယ်လို့ယူဆကြပြီး တားဆေးထဲမှာပါတဲ့ ဟော်မုန်းတွေက ဟော်မုန်းပမာဏကို ထိန်းညှိပေးသလိုဖြစ်ပြီး အပေါ်ကလက္ခဏာတွေကို သက်သာစေပါတယ်။ တားဆေးဖြတ်လိုက်ရင်တော့ ဒီလိုထိန်းညှိပေးတာမျိုး မရှိတော့တဲ့အတွက် PMSလက္ခဏာတွေ ပြန်ခံစားရနိုင်ပါတယ်။

    ၅ – တားဆေး ဖြတ်လိုက်လည်း ကိုယ်အလေးချိန်ကျချင်မှ ကျမှာပါ

    တားဆေးသောက်ရင် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ မမှန်ပါဘူး။ ဒါ့ကြောင့်တားဆေးဖြတ်လိုက်လည်း ပြန်ပိန်သွားမယ်လို့ ကံသေကံမ မမှတ်ယူစေချင်ပါဘူး။ တားဆေးနဲ့ ကိုယ်အလေးချိန်အတက်အကျ  ဆက်စပ်မှုရှိ၊မရှိဆိုတာ အခုထိလည်းလေ့လာနေဆဲပဲရှိပါသေးတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်တာက တားဆေးသောက်ခြင်း၊ မသောက်ခြင်းထက် ကိုယ့်ရဲ့စားသောက်နေထိုင်ပုံအပေါ်ပဲ မူတည်နေတယ်လို့ ပြောရမှာပါ။

    ၆ – ဝက်ခြံတွေ ပြန်ပေါက်လာနိုင်တယ်

    တားဆေးတွေက ဟော်မုန်းထွက်မညီမျှတာကြောင့်ဖြစ်တဲ့ ဝက်ခြံထွက်တာနဲ့ အမွေးအမျှင်ထူတာကိုသက်သာ စေပါတယ် (လုံးဝပျောက်ကင်းတာမဟုတ်ပါဘူး၊ သက်သာသွားရုံပါပဲ)။ တားဆေးရပ်လိုက်ရင်တော့ ဟော်မုန်း အတက်အကျပြန်ဖြစ်လာပြီး ဒီပြဿနာတွေ ပြန်ကြုံရနိုင်ပါတယ်။

    ၇ – လိင်စိတ်ပြန်တက်လာသလို ခံစားရနိုင်တယ်

    ဒီအချက်က မိန်းကလေးတိုင်းအတွက်တော့ မှန်ချင်မှမှန်ပါလိမ့်မယ်။ အမျိုးသမီးတချို့ကတော့ တားဆေးကြောင့် အမျိုးသားနဲ့ အတူနေလိုစိတ် နည်းနည်းကျသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် တားဆေးဖြတ်လိုက်ချိန်မှာ အရင်လိုလိင်စိတ်ပြန်နိုးကြားလာတယ်လို့ ပြောကြားကြပါတယ်။ ဒီအချက်ကို သိပ္ပံနည်းကျသက်သေပြထားတာမျိုး မရှိသေးပေမယ့် ဟော်မုန်းဓာတ်တွေရဲ့  ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်ကြောင့် လုံးဝမှားတယ်လို့လည်း ပြောလို့မရပြန်ပါဘူး။

    ‌ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement