backup og meta

ပေဒိုဖီးလီးယား (Pedophilia) ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပေဒိုဖီးလီးယား (Pedophilia) ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်း

    ဒီဖက်ပိုင်းမှာ ခပ်စိပ်စိပ်ကြားလာရ၊စိတ်မချမ်းမြေ့စွာ မြင်လာရတဲ့ နောက်ဆုံးပေါ် မှုခင်းတစ်မျိုးက သက်ငယ်မုဒိမ်းမှုပါ။ သူ့ကို ကိုယ်မယုံ၊ကိုယ့်ကို သူမယုံနဲ့ဖြစ်လာကြပြီး အရင်းအချာချင်းတွေတောင် ဆင်ဆင်ခြင်ခြင်နေထိုင်နေကြရပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ပညာပေးမှုတွေ၊ဆောင်ရန်ရှောင်ရန် နည်းလမ်းတွေကို မီဒီယာတွေ၊လူမှုကွန်ယက်တွေကနေ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနေတာမို့ ဒီဆောင်းပါးလေးမှာတော့ တခြားဆက်စပ်အကြောင်းအရာတစ်ခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ခေါင်းစဉ်မှာတင်ထားတဲ့အတိုင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်မှုဖြစ်ခြင်း (Pedophilia) ဆိုတဲ့ အကြောင်းပါ။

    ပေဒိုဖီးလီးယား (Pedophilia) ဆိုတာ ဘာလဲ။

    Paedo ဆိုတာ ကလေးသူငယ်လို့ အဓိပ္ပာယ်ရပြီး ဂရိစာလုံး pais ကနေ ဆင်းသက်ပါတယ်။ philia ဆိုတာကတော့ စွဲလမ်းတွယ်တာခြင်း လို့အဓိပ္ပါယ်ရတဲ့ ရှေးဟောင်းဂရိစာလုံးဖြစ်ပါတယ်။ ဒီတော့ စာလုံးနှစ်လုံးကို ပေါင်းစပ်ထားတဲ့ ပေဒိုဖီးလီးယားဆိုတာဟာ ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်းလို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ကလေးသူငယ်ဆိုတဲ့နေရာမှာ အသက် ၁၃နှစ်နှင့် အောက်ကလေးတွေကို ဆိုလိုပါတယ်။

    ပေဒိုဖီးလီးယား(Pedophilia)ကို စိတ်ရောဂါတစ်မျိုးအဖြစ် သတ်မှတ်သလား။

    သတ်မှတ်ပါတယ်။ အမေရိကန် စိတ်ရောဂါကုဆရာဝန်များ အစည်းအရုံးကနေ ထုတ်ဝေတဲ့ ‘စိတ်ရောဂါအမျိုးမျိုး၏ စရိုက်လက္ခဏာများနှင့် ဖြစ်ပွားမှုစာရင်းဇယားများ’ စာအုပ်မှာ ပေဒိုဖီးလီးယားကို စိတ်ရောဂါတစ်မျိုး အဖြစ် သတ်မှတ်ထားပါတယ် (ဒီစာအုပ်ကို ၁၉၆၈ ခုနှစ်ကတည်းက ထုတ်ဝေတာပါ)။ လူတစ်ဦးအနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ တပ်မက်မှု ခံစားနေရမယ်၊ ဒီလို တပ်မက်မှုတွေကြောင့် မိမိကိုယ်ကို အပြစ်ရှိသလို ခံစားစေမယ်၊ စိုးရိမ်ပူပန်ကြောင့်ကျမှုတွေ ဖြစ်စေမယ်၊ မိမိကိုယ်ကို ရွံရှာစက်ဆုပ်မှု ရှိကောင်းရှိမယ်၊ ဘဝပန်းတိုင်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ အနှောင့်အယှက် ဖြစ်စေမယ် ဒါမှမဟုတ် တကယ့်လက်တွေ့ဘဝမှာ ကလေးသူငယ်တွေကို (လိင်တူ/လိင်ကွဲမဟူ) လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ကြိုးစားမိမယ် … ဒီလို အချက်လက္ခဏာတွေနဲ့ ပြည့်စုံနေတယ်ဆိုရင်တော့ လူတစ်ယောက်ကို ပေဒိုဖီးလီးယား ရောဂါသည်အဖြစ် သတ်မှတ်နိုင်ပါတယ်။

    ပေဒိုဖီးလီးယားကို ကုသလို့ရလား။

    ရပါတယ်။ ကလေးသူငယ်တွေအပေါ် လိင်စိတ်စွဲလမ်းတဲ့ ခံစားချက်ကို ပျောက်ပျက်သွားအောင် အပြီးအပိုင်ကုသဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပညာရှင်အများစုက ယူဆထားကြပေမယ့် ဒီခံစားချက်တွေကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်အောင်၊လက်တွေ့အကောင်အထည်မဖော်နိုင်အောင်တော့ ကူညီကုသပေးလို့ရနိုင်တယ်လို့ လက်ခံထားကြပါတယ်။ သက်ငယ်မုဒိမ်းကျူးလွန်ဖို့ရာ အင်မတန်အခွင့်အလမ်းများနေသူ ပေဒိုဖီးလစ်တွေကိုတော့ ဆေးဝါးအကူအညီယူပြီး လိင်စိတ်လျှော့ချပေးဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

    ဘယ်သူတွေမှာ ပိုအဖြစ်များလဲ။

    ပေဒိုဖီးလီးယားဟာ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။

    ပေဒိုဖီးလစ်တွေကို အပြင်ပန်းကြည့်ရုံနဲ့ ဘယ်လိုမှ ခွဲခြားနိုင်ခြင်းမရှိတာမို့ မိဘတွေအနေနဲ့ မိမိရဲ့ ရင်သွေးလူမမယ်လေးတွေကို မျက်စိကွယ်ရာမှာ အချိန်ကြာကြာ ပစ်မထားဖို့ အထူးလိုအပ်ပါတယ်။ တဖက်ကပြန်ကြည့်ရင်လည်း မိမိဟာ ပေဒိုဖီးလီးယား စိတ်ရောဂါခံစားနေတယ်လို့ သံသယရှိတယ်ဆိုရင် မလိုလားအပ်တဲ့ အမှုအခင်းတွေ၊ဝမ်းနည်းစရာ လူမှုရေးပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အထူးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပေဒိုဖီးလစ်တွေဟာ သက်ငယ်မုဒိမ်းတရားခံတွေ ဖြစ်လာနိုင်သလို ကလေးတွေနဲ့ မထိတွေ့မိအောင် တတ်နိုင်သမျှ ရှောင်ကြဉ်ရင်း မိမိကိုယ်တိုင်လည်း စိတ်ကျဝေဒနာခံစားရပြီး ကိုယ့်ကိုယ်ကို သတ်သေတာမျိုး၊လူတောမတိုးရဲတော့တာမျိုး စတာတွေ ဖြစ်ပေါ်လာနိုင်လို့ပါပဲ။

    ကိုယ့်သားသမီးငယ်တွေကို ဘယ်လိုကာကွယ်နိုင်မလဲ။

    ၁။ ရင်သား၊ တင်ပါးနဲ့ လိင်အင်္ဂါ စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ သီးသန့်ဆန်တဲ့ Private parts တွေ ဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ် အဲဒီနေရာတွေကို လာကိုင်ရင် လုံးဝလက်သင့်မခံဖို့ မှာထားပါ။

    ၂။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ရဲ့ အဲဒီအစိတ်အပိုင်းတွေကို ဓာတ်ပုံရိုက်ခွင့် မရှိကြောင်းလည်း ပြောထားပါ။

    ၃။ အဲဒီလိုပဲ တစ်ဦးတစ်ယောက်ကနေ သူ့ရဲ့ အဲဒီလိုအစိတ်အပိုင်းတွေကို ကိုင်ကြည့်ဖို့ ကလေးကို ပြောလာရင်လည်း လက်သင့်မခံဖို့ ပြောထားပါ

    ၄။ မူမမှန်တဲ့ အခြေအနေတွေ ဖြစ်လာရင်၊ ဒါမှမဟုတ် ဖြစ်နေတယ်လို့ ခံစားရရင် ချက်ချင်းရှောင်ထွက်ဖို့ အသိပေးပါ။

    ၅။ ဖြစ်သမျှအကြောင်း အကုန်အစင်ကို မိဘကို ထုတ်ဖော်ပြောခြင်းကသာ သူတို့အတွက် ဘေးကင်းမှာဖြစ်ကြောင်း ကလေးကို အသိပေးထားပါ။

    ၆။ ကလေးဆီမှာ လျှို့ဝှက်ထားတာ ဘာတစ်ခုမှ ရှိမနေစေဖို့ မှာထားပါ။

    ၇။ အခုသင်ပေးခဲ့သမျှတွေအားလုံးဟာ သူစိမ်းများနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ရင်းနှီးသူများနဲ့ ကလေးအချင်းချင်းမှာပါ အဲဒီလိုပြုမူမှုများ ရှိလာရင် လူကြီးမိဘကို အသိပေးဖို့လိုမှာဖြစ်ကြောင်း အသိပေးထားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement