backup og meta

အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေး ဖယ်ရှားခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေး ဖယ်ရှားခြင်း

    ဆီးခုံမွေး နဲ့ ပတ်သက်ပြီး ရိတ်ဖို့လိုတယ်လို့ အခိုင်အမာပြောတဲ့သူတွေလည်း ရှိသလို မလိုအပ်ဘူး သဘာဝအတိုင်းပဲ ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပါပဲ။ အမျိုးသားထုရဲ့ လိင်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းကသာ အမျိုးသားတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ပိုပြီး မြှင့်တင်ပေးနိုင်တာပါ။ ဆီးခုံမွေးရိတ်ခြင်း မရိတ်ခြင်းကတော့ ဘယ်လိုအကျိုးသက်ရောက်မှုမှ မဖြစ်စေပါဘူး။

    ဆီးခုံမွေး မရိတ်ရင်ရော ရသလား။

    ရပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာအမျိုးသားအများစုကတော့ မရိတ်တတ်ကြပါဘူး။ အဲ့လိုမရိတ်တဲ့အခါမှာ သတိထားဖို့ လိုတာကတော့ ချွေးနံ့ပါပဲ။ ဟုတ်ကဲ့၊ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အနံ့ဆိုတာ ရှိသလို အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ချွေးတွေ မကြာခဏဆိုသလို အောင်းနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပွားများပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။

    နောက်ပြဿနာတစ်ခုကတော့ အမွေးနဲ့ ဇစ်နဲ့ ညှပ်တာပါ။ ထိပ်အရေပြားကို ညှပ်မိတာလောက်တော့ စိုးရိမ်စရာမဟုတ်ပေမယ့် အမွေးတွေ ထူပြိန်းနေတဲ့အခါ အမြဲလိုလို ဇစ်နဲ့ညှပ်မိပြီး ဆောင့်ဆွဲသလိုဖြစ်ရာကနေ မွေးကျွတ်နာတွေ ဖြစ်နိုင်ပါတယ်။

    ဆီးခုံမွေး ကို အရှည်အတိုင်း ထားတဲ့အခါ ယောက်ျားလေးအများစုက ရေချိုးရင် လိင်အင်္ဂါကိုပဲ ပွတ်ဆေးပြီး အမွေးတွေကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ပါတယ်။ အဲ့ဒီအခါ ပွေး၊ ဝဲခြောက်၊ ဝဲစို၊ လိင်အင်္ဂါညှင်း၊ ရေယုန် ပေါက်ဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။

    ဆီးခုံမွေး ရိတ်လို့ ဘာထူးသွားတာရှိလဲ။

    ဘာမှတော့ ပိုမထူးပါဘူး။ အသန့်အလွန်ကြိုက်တဲ့ အမျိုးသား သို့မဟုတ် ကိုယ့်ချစ်သူက အမွေးအမျှင်မကြိုက်ဘူးဆိုရင်တော့ ရိတ်လိုက်တာ ပိုအဆင်ပြေပါတယ်။ တချို့သောအမျိုးသားတွေအနေနဲ့ အမွေးအမျှင်တွေ မရှိတဲ့အခါ လိင်အင်္ဂါက ပုံမှန်ထက်ကြီးနေသယောင် ခံစားရပြီး လိင်ဆက်ဆံတာ၊ အာသာဖြေတဲ့နေရာမှာ ပိုပြီး ခံစားမှုအားကောင်းတယ်လို့ ထွက်ဆိုထားတာမျိုး ရှိပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။

    ဆီးခုံမွေးရိတ်ခြင်း လုပ်ငန်းစဉ်။

    ဒီဆောင်းပါးကတော့ အသန့်ကြိုက်တဲ့အမျိုးသားတွေနဲ့ အမွေးအမျှင်တွေကို အန္တရာယ်ကင်းကင်း ဖယ်ရှားလိုတဲ့ အမျိုးသားတွေအတွက်ပဲ ဖြစ်ပါတယ်။

    • အရင်ဆုံး ကိုယ့်ရဲ့ဆီးခုံမွေးက အရမ်းထူနေတယ်၊ ရှည်နေတယ်ဆိုရင် ကတ်ကြေးတစ်လက်နဲ့ ပါးပါးဖြစ်အောင် ညှပ်ပါ။ တိုတိုလေးပဲ ကျန်ခဲ့ရင် ဓားနဲ့ရိတ်ရတာ ပိုလွယ်ပါတယ်။

    • ရေအေး သို့မဟုတ် ရေကျက်နွေးထဲမှာ ၅မိနစ်ခန့် စိမ်ထားပေးပါ။ ကိုယ့်အိမ်မှာ ရေစိမ်ကန်မရှိရင်တော့ ဆီးခုံမွေးရှိတဲ့နေရာတွေ အကုန်လုံးကို ရေများများစွတ်ပေးထားပါ။

    • မုတ်ဆိတ်မွေးရိတ်တဲ့ နေရာမှာ သုံးတဲ့ ခရင်မ် သို့မဟုတ် ဂျယ်လ်တွေကို များများသုတ်လိမ်းထားပါ။ ဆီးခုံမွေး ရှင်းလင်းရေးအတွက်တော့ ခရင်မ်အမျိုးအစားက ပိုအဆင်ပြေပါတယ်။

    • အရင်ဆုံး ဘေးဘက်တွေကို ရှင်းလင်းပေးပါ။ ကိုယ်က ညာသန်ဆိုရင် ဓားကို ညာလက်နဲ့ကိုင်ပြီး လိင်အင်္ဂါကို တခြားလက်တစ်ဖက်နဲ့ ကိုယ့်ရိတ်မယ့်ဘက်ရဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဆွဲထားပေးပါ။

    • အပေါ်ဘက်ကနေ အောက်ကို ဖြည်းဖြည်းချင်း ခြစ်ချပါ။ အားအရမ်းမသုံးပါနဲ့။

    • ရိတ်တဲ့အခါ ဘေးနှစ်ဘက်နဲ့ အပေါ်ဘက်ကို အရင်ဆုံးဖယ်ရှားပါ။ ကပ္ပာယ်အိတ်ပေါ်မှာရှိနေတဲ့ အမွေးအမျှင်ကို နောက်ဆုံးမှလုပ်ပါ။ မလုပ်ရဲဘူးဆိုရင်တော့ အဲ့နေရာကို ချန်ခဲ့လိုက်ပါ။

    • အမွေးရိတ်တဲ့ ဘလိတ်ဓားကို အသစ်ပဲ သုံးပေးပါ။ တုံးနေတာ၊ သံချေးကိုက်နေတဲ့ ဓားတွေနဲ့ မရိတ်ပါနဲ့။ ပွန်းပဲ့ထိခိုက်ဖို့လည်း ပိုလွယ်သလို အနာထဲကိုလည်း မေးခိုင်ပိုးတွေ ဝင်သွားနိုင်ပါတယ်။

    • ၂ချက် ၃ချက် ရိတ်ပြီးတိုင်း ဘလိတ်ဓားကို ရေနဲ့ ပြန်ဆေးချပါ။ ပြီးသွားမှ ထပ်ရိတ်ပါ။

    • ကပ္ပာယ်အိတ်ကို မရိတ်ခင်မှာ ရေများများလောင်းချပြီး အေးနေအောင် ထားထားပါ။ အေးလာတဲ့အခါ ဝှေးစေ့က အပေါ်ဘက်ကို တက်သွားပြီး ကပ္ပာယ်အိတ်အရေပြားက ကျုံ့သွားတတ်တဲ့အတွက် ရိတ်တဲ့အခါ တော်ရုံမပွန်းပဲ့နိုင်တော့ပါဘူး။

    • ကပ္ပာယ်အိတ်ပေါ်က အမွေးတွေကို ရိတ်တဲ့အခါ အား လုံးဝမသုံးပါနဲ့။ ဖြည်းဖြည်းချင်းပဲ ဓားကိုရွှေ့ပေးပါ။

    • ပြီးသွားတဲ့အခါ လိင်အင်္ဂါတစ်ဝိုက်ကို ရေနဲ့ပြောင်အောင်ဆေးချပြီး ခြောက်အောင်သုတ်ပါ။ အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် အဆီတစ်မျိုးမျိုး လိမ်းပေးပါ။ အရမ်းကြီးရွှဲနေဖို့ မလိုပါဘူး။

    • မတော်တဆ ဓားနဲ့ ခြစ်မိခဲ့ရင် ရေနဲ့သေချာဆေးပြီး အဲ့ဒီနေရာကို ဓားနဲ့ထပ်ရိတ်တာ၊ လက်နဲ့ထိတာမျိုး မလုပ်ပါနဲ့။ သိပ်မပြင်းထန်ရင် ရက်အနည်းငယ်အတွင်းမှာ ပြန်ပျောက်သွားမှာပါ။

    • ဓားသုံးရတာ မကြိုက်ဘူးဆိုရင်တော့ ဗျူးတီးဆလွန်းဆိုင်တွေမှာ ဖယောင်းနဲ့ အမွေးအမျှင်ဖယ်လို့ရတဲ့နည်းလမ်း (Waxing လုပ်ခြင်း) တွေရှိပါတယ်။ ဒီနည်းလမ်းကတော့ စလုပ်ကာစမှာ အရမ်းနာပါလိမ့်မယ်။ သူက ဖယောင်းနဲ့ အမွေးအမျှင်ပေါ်ကို ကပ်ပြီး အမြစ်ကိုပါအောင် ဆွဲခွာတာဖြစ်တဲ့အတွက် ပြန်ပေါက်ဖို့လည်း ကြာသလို အမွေးပေါက်တဲ့အခါမှာလည်း ဓားနဲ့ ရိတ်ထားသလို ယားယံခြင်း သိပ်မရှိပါဘူး။

    ဆီးခုံမွေး ရိတ်ခြင်း၊ မရိတ်ခြင်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် သက်ရောက်မှုအများကြီးမရှိတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်ထဲ ထားစရာမလိုပါဘူး။ ကိုယ့်အကြိုက်နဲ့ ကိုယ်ရွေးချယ်လို့ရပါတယ်။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement