backup og meta

အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

    အမျိုးသား လိင်အင်္ဂါရဲ့ အရေပြားဆိုတာ မနူးညံ့တဲ့တိုင်အောင် ထိခိုက်ပွန်းပဲ့ဖို့ အရမ်းလွယ်ကူပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများလွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကြောင့် အမျိုးသားလိင်တံရဲ့ ထိပ်ဖူး၊ ကိုယ်ထည်နဲ့ ထိပ်ဖုံးအရေပြားမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ အကယ်လို့ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

    အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

    အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ သက်သောင့်သက်သာ မဖြစ်ဘူးဆိုပေမယ့် ကိုယ်သာ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ကူတာကြောင့် သိပ်တော့ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ဘော်ဒါတွေထဲမှာ မကြာခဏ ငယ်ပါကို ထိခိုက်မိတဲ့သူတွေ ရှိရင် ဒါမှမဟုတ် ကိုယ်တိုင်လည်း ဒီလိုဖြစ်လာခဲ့ရင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးဖတ်ကြည့်ရင်း လေ့လာကြရအောင်လား။

    လိင်အင်္ဂါတွင် ထိခိုက်ပွန်းပဲ့စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိစေတဲ့ အကြောင်းအရင်းတွေကတော့

    ၁။ အရေပြား ပွတ်တိုက်ခံရခြင်းကြောင့် ဖြစ်ခြင်း (Friction Injuries)

    ချည်သားမဝတ်ဘဲ နိုင်လွန်သား ဘောင်းဘီတွေ၊ အတွင်းခံတွေ ဝတ်တဲ့အခါ အဝတ်စနဲ့ လိင်တံအရေပြား ထိခိုက်မိပြီး အရေပြားခြောက်သွေ့ကာ ပွန်းပဲ့ခြင်းဖြစ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါ ချောဆီအသုံးမပြုတာ၊ အကြမ်းပတမ်း ထိုးသွင်းဆက်ဆံတာ၊ တစ်ကိုယ်ရေအာသာဖြေတဲ့အချိန် လက်နဲ့ လိင်တံကို အတင်းညှစ်ထားတာ၊ ဘောင်းဘီအကျပ်ဝတ်ပြီး ပြေးတာ၊ စက်ဘီးစီးတာ၊ အားကစားလုပ်တာတွေကြောင့်လည်း ပွန်းပဲ့နိုင်ပါတယ်။

    ၂။ လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis)

    လိင်တံထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းရင်းကတော့ ရေချိုးတဲ့အခါ အရေပြားကို နောက်လှန်ဆွဲပြီး ဆေးကြောသန့်ရှင်းမှုမလုပ်တဲ့အတွက် အဖြူရောင်အကျိအချွဲတွေ အောင်းနေပြီး ပိုးတွေပွားလာကာ ရောင်ရမ်းခြင်းဖြစ်စေပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်တံအရေပြားမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်နေချိန်မှာ လိင်တံရဲ့ ထိပ်ဖူးသည် နီရဲပြီးရောင်ရမ်းနေမယ်၊ ယားယံနေမယ်၊ ဆီးသွားနေစဉ် နာကျင်ခြင်းဖြစ်မယ်၊ အရေပြားက ပုံမှန်ထက်ပိုပြီး ခြောက်သွေ့နေတဲ့အတွက် နည်းနည်းထိခိုက်မိရုံနဲ့ ပွန်းပဲ့စေနိုင်ပါတယ်။

    ၃။ လိင်တံအရေပြား မှိုစွဲခြင်း (Yeast Infection)

    လိင်အင်္ဂါကို သေချာသန့်ရှင်းမှုမလုပ်တဲ့အခါ၊ ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်တာ၊ မိန်းမကိုယ်မှိုစွဲနေတဲ့ အမျိုးသမီးနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲ့အခါ အရေပြားက မှိုစွဲနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ လိင်တံအရေပြားပေါ်မှာ အဖြူရောင်အကွက်တွေ ပေါ်လာတာ၊ မှိုစွဲတဲ့နေရာက ယားပြီး ပြောင်လက်လက်၊ စိုလက်လက် ဖြစ်နေတာ၊ နီရဲနေတာ၊ ပူစပ်ပူလောင်ဖြစ်တာတွေကို တွေ့နိုင်ပါတယ်။ မှိုစွဲနေတဲ့ အရေပြားကို ပွတ်တိုက်မိတဲ့အခါ၊ ကုတ်မိတဲ့အခါ၊ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမှာလည်း ပွန်းပဲ့ဒဏ်ရာဖြစ်နိုင်ပါတယ်။

    ၄။ လိင်မှတဆင့် ကူးစက်ရောဂါတွေ (STDs)

    လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ၊ HIV ကူးစက်ခံရတဲ့အခါ လိင်အင်္ဂါရဲ့ အရေပြားက ပွန်းပဲ့ထားသလိုမျိုး နီပြီးယားယံတာမျိုး၊ အင်ပျဉ်ထတာမျိုး တွေ့ရပါတယ်။ လက္ခဏာအရမ်းပြင်းထန်လာတဲ့အခါမှာ လိင်တံရဲ့ အရေပြားက ဟပြီး ပြဲသွားတတ်ပါတယ်။ ပုံမှန်ပွန်းပဲ့ဒဏ်ရာလိုမဟုတ်ဘဲ လိင်မှတစ်ဆင့်ကူးစက်ရောဂါကြောင့် ဖြစ်တဲ့ဒဏ်ရာတွေက အောက်သိုးသိုး အနံ့ထွက်တာ၊ အလွန်အမင်းနာကျင်ပြီး ရောင်ရမ်းနေတာ၊ အဖျားတက်ပြီး ခေါင်းကိုက်တာ၊ အဖုအပိမ့်တွေ ထတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။

    ဆရာဝန်ပြဖို့လိုအပ်လား။ ဘာလုပ်သင့်လဲ။

    ပုံမှန်ပွန်းပဲ့ထိခိုက်တာလောက်နဲ့တော့ ဆရာဝန်နဲ့ပြဖို့ မလိုအပ်ပါဘူး။ အနာဖြစ်ကာစအချိန်ကနေ ပျောက်သွားတဲ့အချိန်ထိ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လည်း လွယ်သလို အနာမရင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    • အရင်ဆုံး လက်ကိုဆပ်ပြာနဲ့ သန့်စင်အောင်ဆေးကြောပါ။
    • ပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ပြီး ရေအေးနဲ့ လောင်းချလိုက်ပါ။
    • ခြောက်အောင် သုတ်ပါ။ သုတ်ပြီးသွားမှ ပိုးသတ်လိမ်းဆေး တစ်မျိုးမျိုး လိမ်းထားပါ။
    • ဒဏ်ရာနည်းနည်းကြီးရင် ပလာစတာကပ်ပါ။ အနာသေးရင် မကပ်လည်းရပါတယ်။
    • ပလာစတာ ကပ်ထားရင် တစ်နေ့တစ်ကြိမ် သို့မဟုတ် ရေချိုးပြီးတိုင်း အသစ်တစ်ခုလဲပါ။
    • လက်နဲ့ အနာနဲ့ မထိအောင်၊ မကုတ်မိအောင် ဂရုစိုက်ပါ။
    • လက်နဲ့အာသာဖြေတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံတာကို တတ်နိုင်သလောက် ရှောင်ပါ။

    ပုံမှန်အားဖြင့် ဒီလိုပွန်းပဲ့ဒဏ်ရာမျိုးက တစ်ပတ် ၂ပတ်အတွင်း သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်တာမြန်ပါတယ်။ လုံးဝမသက်သာတာ၊ အနာကနေ ပြည်တွေထွက်ပြီး တဆစ်ဆစ်နဲ့ ကိုက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြကြည့်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement