backup og meta

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ

    လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ

    ကျွန်တော်တို့မြန်မာတွေဟာ ဘာသာရေးအဆုံးအမ အရရော၊ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေအရရော အင်မတန်မှ အရှက်အကြောက်ကြီးတဲ့သူတွေဖြစ်ပြီး လိင်မှုရေးရာနဲ့ ပတ်သက်လို့ လျှို့ဝှက်သိုသိပ်တတ်ကြပါတယ်။ မိဘက သားသမီးကို၊လူကြီးကလူငယ်ကို လိင်ပညာပေးလက်ဆင့်ကမ်းမှုတွေ လုံလုံလောက်လောက် မလုပ်ပေးနိုင်တာမို့ လူငယ်တွေဟာ ကာလသားကြီးတွေရဲ့အပြောနဲ့ တတ်ယောင်ကား လက်တည့်စမ်းတတ်ကြပါတယ်။ ဒီလို လက်တည့်စမ်းတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိခြင်းများ စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်လေးတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

    ၁။ ပေပေတေတေ နေတတ်သူတွေ၊တွေ့ကရာလူနဲ့ အိပ်တတ်သူတွေမှာပဲ ဒီရောဂါတွေ ဖြစ်နိုင်တယ်။

    မှားပါတယ်။ လူတိုင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေကို ညီညီမျှမျှ ကူးစက်ခံရနိုင်ပါတယ်။ သင့်အနေနဲ့ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊နည်းမှန်လမ်းမှန် မသုံးတာပဲဖြစ်ဖြစ် ဒီရောဂါတွေ ကူးစက်ခံရနိုင်ချေ ရှိနေပါတယ်။ ဘယ်သူ့မှာတော့ ရောဂါရှိနေပြီး ဘယ်သူ့မှာတော့ မရှိဘူးဆိုတာကိုလည်း ကြည့်ရုံနဲ့ သိနိုင်မှာမဟုတ်ဘဲ ဆေးရုံဆေးခန်းမှာ စစ်ဆေးကြည့်မှ သိနိုင်မှာပါ။

    ၂။ အရွယ်ရောက်ပြီးသူတွေမှာပဲ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်။

    မှားပါတယ်။ တကယ်တမ်းက ပြောင်းပြန်ပါ။ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်လေးတွေ (အထူးသဖြင့် မိန်းကလေးတွေ)မှာ ဒီရောဂါတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။ ဇီဝဖြစ်စဉ်အရ ငယ်ရွယ်သူတွေကို လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ပိုဖြစ်စေနိုင်တဲ့ အချက်တွေ ရှိနေပြီး အသက်ကြီးလာတဲ့အခါ မျိုးမအောင်တာ၊အမျိုးသမီးတွေမှာဆိုရင် မျိုးပွားအင်္ဂါပြဿနာတွေ ဖြစ်ပေါ်တာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    ၃။ ပါးစပ်နဲ့ လိင်ဆက်ဆံတာ ဒါမှမဟုတ် စအိုကတဆင့် လိင်ဆက်ဆံတာမျိုးဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မရနိုင်ဘူး။

    မှားပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ ဒီလိုမျိုး အမှတ်မှားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ခန္ဓါကိုယ်က ထွက်တဲ့ အရည်တွေအကုန်လုံးမှာ ကူးစက်ရောဂါပိုးတွေ ပါလာနိုင်တဲ့အတွက် ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊စအိုနဲ့ပဲဖြစ်ဖြစ် လိင်ဆက်ဆံရင်လည်း ရောဂါကူးစက်နိုင်ပါတယ်။ ပါးစပ်အတွင်းက အရေပြား၊စအိုအတွင်းဖက်က အရေပြားတွေဟာ ခန္ဓါကိုယ်အပြင်ဖက်ကို ကာကွယ်ပေးထားတဲ့ အရေပြားတွေထက် ပိုပါးလျ၊နူးညံ့တဲ့အတွက် လွယ်လွယ်ကူကူ စုတ်ပြဲသွားနိုင်ပြီး ရောဂါကူးစက်နိုင်ချေကို ပိုလို့တောင် များလာစေပါတယ်။ သိထားရမှာက ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊စအိုမှတဆင့် လိင်ဆက်ဆံတာတွေကနေ ရောဂါပိုးကူးစက်နှုန်းဟာ ယောနိနဲ့ သမားရိုးကျ ဆက်ဆံလို့ ရောဂါပိုးကူးစက်နှုန်းနဲ့ အတူတူနီးနီး မြင့်မားတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် ဘယ်လိုနည်းလမ်းနဲ့ပဲ ဆက်ဆံ၊ဆက်ဆံ အကာအကွယ်ပစ္စည်းကွန်ဒုံးကို အသုံးပြုရပါမယ်။

    ၄။ ဘိုထိုင်အိမ်သာကွက်တွေကနေ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ပျံ့နှံ့နိုင်တယ်။

    မှားပါတယ်။ ဒီရောဂါပိုးတွေဟာ လူ့ခန္ဓါကိုယ်အပြင်မှာ အချိန်ကြာကြာ မနေနိုင်တဲ့အတွက် တဦးကနေ နောက်တဦးစီ ရောဂါကူးစက်ဖို့ အခွင့်အလမ်းက မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အများသုံးအိမ်သာမှာ အသုံးပြုဖို့ အကြောင်းဖန်လာပြီဆို

    ရင် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေ ရလာမှာ မပူဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

    ၅။ တကြိမ်ဆက်ဆံရုံနဲ့ ရောဂါမကူးစက်နိုင်ဘူး။

    မှားပါတယ်။ သင့်ဆက်ဆံဖော်မှာ ကာလသားရောဂါ(ဆစ်ဖလစ်) ဒါမှမဟုတ် ဆီးပူညောင်းကျရောဂါ (ဂနိုးရီးယား) ဒါမှမဟုတ် ကလာမိုင်းဒီးယားရောဂါပိုးကူးစက်ခံနေရပြီဆိုရင် သူနဲ့ တကြိမ်လိင်ဆက်ဆံရုံနဲ့ သင့်ဆီရောဂါကူးစက်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းရှိတဲ့အတွက် ဒါဟာ အတော်လေးများတဲ့ အချိုးအဆဖြစ်ပါတယ်။ ဒါကြောင့် ဂါထာဟောင်းပဲ ထပ်ရွတ်ရမယ်ဆိုရင် ကွန်ဒုံးအသုံးပြုပါ။

    ၆။ လိင်ဆက်ဆံပြီးချိန်မှာ ရေချိုးဇလုံထဲမှာ ရေနွေးစိမ်လိုက်ရင် ဒါမှမဟုတ် ရေကူးကန်ထဲမှာ စိမ်လိုက်ရင် အပူ/ကလိုရင်းဓါတ်က လိင်မှတဆင့်ကူးစက်တတ်သောရောဂါပိုးတွေကို သတ်ပစ်နိုင်တယ်။

    မှားပါတယ်။ အပူ ဒါမှမဟုတ် ကလိုရင်းဓါတ်ဟာ သင့်ခန္ဓါကိုယ်ထဲ ရောက်နေပြီးသားဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးတွေကို မသတ်ပစ်နိုင်ပါဘူး။

    ၇။ ကွန်ဒုံးနှစ်ခုထပ်သုံးတာဟာ တခုတည်း သုံးတာထက် ပိုကောင်းတယ်။

    မှားပါတယ်။ ကွန်ဒုံးနှစ်ထပ်သုံးရင် အချင်းချင်းပွတ်တိုက်ပြီး ပေါက်ပြဲနိုင်ချေပိုများတဲ့အတွက် လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ပိုလို့တောင် ပျံ့နှံ့ကူးစက်စေပါလိမ့်မယ်။ တထပ်တည်းကိုပဲ စနစ်တကျဝတ်ဆင်တာ အမှန်ကန်ဆုံးပါ။

    အသက်ဉာဏ်စောင့်ဆိုသလို ကျန်းမာရေးဗဟုသုတတွေကို ဖတ်မှတ်လေ့လာထားဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ သူများ ပါးစပ်ဖျားမှာ လမ်းမဆုံးရစေမှာပါ။ အထက်မှာဖော်ပြခဲ့တဲ့ အယူအဆ အလွဲအမှားတွေကို သင်ကိုယ်တိုင်ယုံကြည်နေခဲ့မိတယ်ဆိုရင်တော့ ဒီကနေ့ကစပြီး လုံးလုံးလျားလျား ဖျောက်ပစ်လိုက်ဖို့ အကြံပေးလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement