backup og meta

လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက်

    လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက်

    လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် တွေက ဘာတွေများလဲ။

    ၁။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။

    မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။

    ယောက်ျားလေးတစ်ယောက်က သူ့ရဲ့ပထမအကြိမ် အတူနေရုံနဲ့ မိန်းကလေးအား ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးသည့်အချိန်မှစ၍ ကိုယ်ဝန်ဆောင်နိုင်ပါပြီ။ ရာသီစက်ဝန်း ကို လေ့လာကြည့်ပါ။

    တားဆေးသုံးခြင်းက မလိုချင်သော ကိုယ်ဝန်ရရှိခြင်းကို တားဆီးပေးပါတယ်။ ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။ အသုံးပြုသင့်တဲ့ တားဆေးတွေ၊ ကွန်ဒုံး တွေအကြောင်းကို လေ့လာကြည့်ပါ။

    ၂။ သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းကလည်း သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။

    ဆက်ဆံဖော် အမျိုးသားက သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရရှိနိုင်ခြင်းကို မတားဆီးနိုင်ပါဘူး။ အမျိုးသားတွေ သုက်မလွှတ်ခင် လိင်စိတ်လှုပ်ရှားမှုကြောင့် သုက်မလွှတ်ခင် ထွက်တဲ့ အရည်ကြည် ထဲမှာ သုက်ကောင်တွေ ပါရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရဖို့ သုက်ကောင် တစ်ကောင်သာ လိုအပ်တာပါ။ ဒါ့အပြင် ထိုအရည်ကြည်ထဲမှာ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေပါဝင်တာကြောင့် သုက်မလွှတ်ခင် အပြင်ထုတ်ခြင်းဟာလည်း လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) ကိုလည်း မကာကွယ်နိုင်ပါဘူး။

    တကယ်လို့ သင့်ဆက်ဆံဖော်အမျိုးသားက သုက်မလွှတ်ခင် အပြင်ထုတ်ပေးမယ်လို့ ပြောရင် မယုံပါနဲ့။ ဘယ်သူမှ အဲ့ဒီစိတ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို အသုံးပြုပါ။ ကွန်ဒုံးက လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မလိုချင်ပါက တခြား သားဆက်ခြား နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါတယ်။

    ၃။ ရာသီလာစဉ် ချစ်တင်းနှောလျှင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်

    ရာသီလာစဉ် အတူနေပါက ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ ကောလဟာလကို ကြားဖူးမှာပါ။ အမှန်က အမျိုးသမီးတစ်ဦးက ဘယ်အချိန်မှာမဆို အကာအကွယ်မသုံးဘဲ အတူနေပါက ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ကောင်တွေက သင့်ကိုယ်တွင်းမှာ ရက်အတန်ကြာ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာစဉ် အတူနေသော်လည်း အချိန်အတန်ကြာ အသက်ရှင်နိုင်သော သုက်ကောင်တွေက သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။

    ၄။ ချစ်တင်းနှောတဲ့ ပုံစံတွေကလည်း ကိုယ်ဝန်ရခြင်းကို မတားဆီးနိုင်ပါဘူး။

    ထိုင်ထလုပ်တာတွေ၊ မတ်တပ်ရပ်ချစ်တင်းနှောတာ၊ ထိုင်လျက်ချစ်တင်းနှောတာတွေက ကိုယ်ဝန်မရစေနိုင်ဘူးဆိုတဲ့ စကားအမှားတွေကိုလဲ မယုံသင့်ပါဘူး။ ကိုယ်ဝန်မရအောင် အတူနေလို့ရတဲ့ ပုံစံ၊ နေရာဆိုတာ မရှိပါဘူး။ အကာအကွယ်တစ်မျိုးမျိုး၊ ကွန်ဒုံးသုံးမှသာ တားဆီးနိုင်မှာပါ။ ဘယ်လိုပုံစံ ဘယ်လိုနေရာမှာ အတူနေပါစေ၊ သုက်ကောင်နဲ့ မျိုးဥ ပေါင်းမိပါက ကိုယ်ဝန်ရရှိမှာပါ။

    ၅။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်မရနိုင်ပါဘူး

    သုက်ရည်ကို မျိုချမိလို့ ကိုယ်ဝန်မရနိုင်ပါဘူး။ သို့သော် ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကြောင့် ကာလသားရောဂါ၊ ရေယုန် စတဲ့ လိင်မှတစ်ဆင့်ကူးစက်သောရောဂါ များဖြစ်စေနိုင်ပါတယ်။ အမျိုးသားအတွက် ကွန်ဒုံး၊ အမျိုးသမီးအတွက် အကာအကွယ် ( ပါးစပ်နဲ့ လိင်ဆက်ဆံလျှင် သုံးတဲ့ အကာအကွယ်ပစ္စည်း) တို့ကို အသုံးပြုသင့်ပါတယ်။

    ၆။ အရက်သောက်ခြင်းသည် အိပ်ရာပေါ်က သင့်စွမ်းဆောင်ရည်ကို မတိုးတက်စေပါဘူး

    အရက်သောက်ပြီးချစ်တင်းနှောပါက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ ပြောကြပါတယ်။ အမှန်ကတော့ အန္တရာယ်တောင် ပိုများနိုင်ပါတယ်။ သင်အဆင်သင့်မဖြစ်ဘဲ အတူနေမိခြင်း၊ သင်သဘောမကျတဲ့သူနဲ့ အတူနေမိခြင်း စတဲ့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိနိုင်ပါတယ်။ အရက်သောက်ခြင်းက သင့်ကို အတွေ့အကြုံကောင်းတွေ ရစေမှာ မဟုတ်ပါဘူး။ နောင်တတွေသာ ရရှိလာပါလိမ့်မယ်။

    ၇။ ပလပ်စတစ်အိတ်အမျိုးမျိုးကို ကွန်ဒုံးအစား သုံးလို့မရပါဘူး

    ပလတ်စတစ်အိတ်၊ clingfirm၊ crisp packet စတဲ့ ပလပ်စတစ်အိတ်တွေကို ချစ်တင်းနှောရာမှာ အသုံးမပြုသင့်ပါဘူး။ ကွန်ဒုံးကသာ လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ကို ကာကွယ်နိုင်တာပါ။ ကွန်ဒုံးအခမဲ့ရနိုင်တဲ့နေရာတွေကတော့ –

    • လူထုမျိုးပွားကျန်းမာရေး ဆေးပေးခန်းများ
    • လိင်ကျန်းမာရေး ဆေးခန်းများ

    တခြား ဆေးခန်းဆေးဆိုင်တွေမှာလည်း ဝယ်နိုင်ပါတယ်။ စံချိန်စံနှုန်းနဲ့ ကိုက်ညီကြောင်း ပြတဲ့ အမှတ်အသားပါမပါ ကို သေချာ ဂရုစိုက် စစ်ဆေးပါ။

    ၈။ ယောက်ျားလေးတစ်ယောက်ဟာ ချစ်မှုချစ်ရာမပြုဘူးဆိုရင် သူ့ရဲ့ဝှေးစေ့က ကွဲထွက်သွားနိုင်တယ်ဆိုတာ အမှားပါ။

    ချစ်မှုချစ်ရာ ပြုခြင်း မပြုခြင်းက သင့်ရဲ့လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်မှုမရှိနိုင်ပါဘူး။ ဝှေးစေ့လဲ မကွဲနိုင်ပါဘူး။ ယောက်ျားလေးတစ်ယောက်မှာ သုက်ကောင်ထုတ်လုပ်မှုက အမြဲဖြစ်ပွားနေတာပါ။ သုက်မလွှတ်ရင် ခန္ဓာကိုယ်က စုပ်ယူသွားမှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ လိင်ကိစ္စအိပ်မက်မက်ခြင်း ဖြင့် သုက်လွှတ်မှု ဖြစ်ပေါ်တတ်ပါတယ်။ ချစ်တင်းနှောမှ မဟုတ်ပါဘူး။ ပိုမိုသိရှိလိုပါက ယောက်ျားလေးခန္ဓာဗေဒကို လေ့လာပါ။

    ၉။ ကွန်ဒုံးကို ပြန်လျှော်ပြီး အသုံးပြုခြင်း မပြုလုပ်သင့်ပါ။

    သုံးပြီးသား ကွန်ဒုံးကို ပြန်အသုံးပြုနိုင်တယ်လို့ပြောရင် မယုံကြည်ပါနဲ့။ ကွန်ဒုံးဆိုတာ တစ်ခါသုံး ပစ္စည်းပါ။ သုံးပြီးရင် လွှင့်ပစ်ရမှာပါ။ နောက်တစ်ခါ အတူနေမယ်ဆိုရင် အသစ်တစ်ခု ထပ်ဝယ်ပါ။ ဒါဟာ အမျိုးသားသုံးအတွက်သာမက အမျိုးသမီးသုံးအတွက်ပါ အကျုံးဝင်ပါတယ်။ တကယ့်လက်တွေ့မှာ ကွန်ဒုံးကို မိနစ်သုံးဆယ်ထက် ပိုပြီး အသုံးမပြုသင့်ပါဘူး။ ပွတ်တိုက်မှုများလာတဲ့အခါ ကွန်ဒုံးပေါက်ပြဲ ပျက်စီးဖို့ ပိုမိုလွယ်ကူစေလို့ပါ။ ကွန်ဒုံးအသုံးပြုပုံပြုနည်းကို လေ့လာသင့်ပါတယ်။

    ၁၀။ တစ်ကြိမ်တစ်ခါ အတူနေရုံနဲ့လဲ ကိုယ်ဝန်ရနိုင်ပါတယ်။

    အကြိမ်ရေများများ အတူနေမှ ကိုယ်ဝန်ရနိုင်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ တစ်ကြိမ်တစ်ခါနဲ့လဲ ကိုယ်ဝန်ရနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ဝန်ရဖို့အတွက် သုက်ကောင်တစ်ကောင်နဲ့ မျိုးဥတစ်လုံးပဲ လိုအပ်တာပါ။ ကိုယ်ဝန်မလိုချင်ပါက တားဆေး တစ်မျိုးမျိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်ရန်အတွက် ကွန်ဒုံး တို့ကို သုံးသင့်ပါတယ်။

    ၁၁။ လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်သောရောဂါများ ရှိတိုင်းလဲ လက္ခဏာ အမြဲမပြပါဘူး

    သင်ကြားဖူးမှာပါ။ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါ ရှိပါက ဆီးသွား၊ ဝမ်းသွားရင် နာကျင်မယ်၊ အနံ့အသက်မကောင်းဘူး ဆိုတာတွေက အမြဲ မမှန်ပါဘူး။ လူတော်တော်များများက ဒီရောဂါရှိနေရင်တောင် သတိမမူမိတတ်ကြပါဘူး။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဒီရောဂါတွေ ရှိ၊ မရှိ မသိနိုင်ပါဘူး။ သင့်မှာ ဒီရောဂါ ရှိတယ်လို့ သံသယရှိပါက ဆေးခန်း တစ်ခုခုမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

    ၁၂။ အမျိုးသမီးအချင်းချင်း ချစ်တင်းနှောရင်လည်း လိင်မှတစ်ဆင့်ရောဂါများ ကူးစက်နိုင်ပါတယ်။

    အမျိုးသမီးအချင်းချင်း မကူးစက်ဘူးလို့ မထင်ပါနဲ့။ တစ်ယောက်မှာ ဒီရောဂါတွေ ရှိရင် အတူနေတဲ့သူတွေကို အမျိုးသမီးအင်္ဂါက ထွက်တဲ့ အရည်၊ သွေးနဲ့ ကိုယ်ခန္ဓာမှထွက်တဲ့အရည်က တဆင့် ကူးစက်နိုင်ပါသည်။

    အတူအသုံးပြုမယ့် လိင်အရုပ် တွေကို ကွန်ဒုံးစွပ်ပြီးမှ အသုံးပြုသင့်ပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း လုပ်ပါက ပါးစပ်အကာအကွယ် dam ကိုအသုံးပြုသင့်ပါ။

    အကယ်၍ အမျိုးသမီးက အမျိုးသားနဲ့လည်း လိင်ဆက်ဆံမှုပြုတယ်ဆိုရင် မလိုချင်သော ကိုယ်ဝန်နဲ့ ကူးစက်ရောဂါများ ကာကွယ်ရန် တားဆေးနဲ့ကွန်ဒုံး အသုံးပြုသင့်ပါတယ်။

    ၁၃။ မိန်းမလျာတိုင်းက စအိုနဲ့လိင်ဆက်ဆံခြင်း မလုပ်ကြပါဘူး။

    မိန်းမလျာတိုင်း စအိုနဲ့လိင်ဆက်ဆံခြင်း မလုပ်ကြပါဘူး။ စအိုနဲ့လိင်ဆက်ဆံခြင်း ဆိုတာ တခြား ချစ်တင်းနှောခြင်းတွေလိုမျိုး ဖြစ်စဉ် တစ်ခုပါပဲ။ မိန်းမလျာမှ မဟုတ်ပါဘူး။ ယောက်ျားစစ်စစ် မိန်းမစစ်စစ် တွေမှာပါ တချို့က ဒါကို လက်ခံပြီး အတူနေကြသလို တချို့က လက်မခံကြပါဘူး။ လေ့လာမှုတစ်ခု အရ ၁၉၉၉ခုနစ်မှာ ယောက်ျားလေး ၁၂.၃ ရာခိုင်နှုန်း နဲ့ မိန်းကလေး ၁၁.၃ ရာခိုင်နှုန်း သာ စအိုနဲ့လိင်ဆက်ဆံခြင်း ကို ပြုလုပ်ခဲ့ကြတာပါ။ ဘယ်လိုပုံစံနဲ့ အတူနေနေ လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို ကာကွယ်ဖို့ ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။

    လိင်ဆက်ဆံခြင်း ဟာ သင့်ချစ်တဲ့သူအပေါ်သင်ဘယ်လိုသဘောထားတယ်ဆိုတာ ပြသနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်တာကိုတော့ သတိပြုသင့်ပါတယ်။

    ၁၄။ ရာသီစလာပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်နိုင်ပြီဆိုတာ မမှန်ပါဘူး။

    မိန်းကလေးတစ်ယောက်ဟာ ရာသီလာပြီးတာနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်တာတော့ မဟုတ်ပါဘူး။ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရာသီလာတယ်ဆိုတာ အပျိုဖော်ဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ချစ်တင်းနှီးနှောဖို့ အချက်ပြတာ မဟုတ်ပါဘူး။ အတူနေတယ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီနဲ့ဆိုင်တဲ့ စိတ်ခံစားချက်ပါ။ ဗြိတိန်နိုင်ငံမှာ မိန်းကလေးတစ်ယောက်က အသက် ၁၆နှစ်နဲ့ အထက်မှသာ ချစ်တင်းနှောခြင်းအမှုကို ပြုကြပါတယ်။

    ပိုမိုသိရှိလိုပါက ရာသီလာခြင်းနဲ့ ရာသီစက်ဝန်းအကြောင်းကို လေ့လာကြည့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement