backup og meta

ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ

    ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ ဆိုလို့ ခေါင်းစဉ်ကြည့်ပြီးတာနဲ့ ဆဲဖို့ ပြင်နေလောက်ပြီဆိုတာကို သဘောပေါက်ပါတယ်။

    မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး။ လူငယ်တွေအတုယူမှားအောင်လုပ်နေတယ် စသဖြင့် ဘယ်လိုပဲပြောပြော ချစ်သူများနေ့အလေ့အထက မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုတွင်ကျယ်လာနေတာ ငြင်းမရနိုင်တဲ့ကိစ္စပါ။ ခေတ်ရဲ့ပုံစံအရဖြစ်လာတဲ့ကိစ္စအပေါ် မသိဘူး မရှိဘူး ဖြစ်မနေဘူးဆိုပြီး မျက်စိပိတ်နားပိတ်လုပ်ပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချတာ ရောဂါပိုးတွေကူးစက်ခံရတာတွေ ပိုမိုမြင့်တက်လာနေစေမယ့်အစား အစကတည်းက ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်အောင် ပြင်ဆင်ပညာပေးတာက အများကြီးပိုကောင်းပါတယ်။

    ကိလေသာကုန်ခမ်းနေတဲ့သူတွေမဟုတ်တော့လည်း လိင်မှုကိစ္စ ဆိုတာက မပါမဖြစ်ပါနေတာပဲပေါ့။ ဒီဆောင်းပါးမှာ ချစ်သူများနေ့မှာ ဘေးကင်းစိတ်ချရပြီး နောက်ဆက်တွဲဆိုးကျိုးတွေကင်းတဲ့ လိင်မှုကိစ္စဖြစ်အောင်ဘာတွေ ဆောင်ရရှောင်ရမလဲဆိုတာကို ပြောပြပေးပါ့မယ်။

    အပျိုဘဝကိုထိန်းသိမ်းပါ လူပျိုဘဝကိုထိန်းသိမ်းပါဆိုတဲ့ အလုပ်မဖြစ်တော့တဲ့ ဆုံးမစကားတွေအစား လိုရင်းကိုပဲသွားရအောင်။ ချစ်သူများနေ့မှာ ဘေးကင်းပြီး နောက်ဆက်တွဲမလိုလားအပ်တဲ့ဆိုးကျိုးတွေကင်းတဲ့ လိင်မှုကိစ္စ ဖြစ်ဖို့အတွက် အချက်နှစ်ချက်ကို သတိထားရပါမယ်။ ပထမအချက်က လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေဖြစ်ပြီး ဒုတိယအချက်ကတော့ မလိုလားအပ်တဲ့ကိုယ်ဝန်ဖြစ်ပါတယ်။

    လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေမဖြစ်အောင် ဆောင်ရန်ရှောင်ရန်များ။

    လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါဆိုတာ HIV (ခုခံအားကျဆင်းမှုရောဂါပိုး) တစ်ခုတည်းရှိတာမဟုတ်ပါဘူး။

    • ကြွက်နို့အသားပိုရောဂါ
    • ဆီးပူညောင်းကျရောဂါ
    • ကာလသားရောဂါ
    • ရေယုန်
    • အသည်းရောင်အသားဝါရောဂါပိုးတွေကလည်း လိင်ကနေတဆင့်ကူးစက်တတ်ပါတယ်။

    တစ်ရက်တည်းနဲ့တော့ ဘဝတစ်ခုလုံးမလဲလိုက်ချင်ဘူးမလား။ မတန်ဘူးလေ။ ပျော်ရွှင်ကြည်နူးသင့်တဲ့အခိုက်အတန့်တွေကို စိုးရိမ်ပူပန်စိတ်ညစ်စရာတွေမဖြစ်ချက်ဘူးမလား။

    ရောဂါပိုးရှိနေသူဟာ ရုပ်ကြည့်ရုံနဲ့မသိနိုင်ပါဘူး။ ရုပ်ကလေးက ရိုးသားဖြူစင်အပြစ်ကင်းတဲ့ပုံပေါက်နေပေမယ့်လည်း ရောဂါပိုးရှိနေတာဖြစ်နိုင်တယ်လေ။ ဒါကိုကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့

    • ယုံကြည်စိတ်ချရပြီး အကြောင်းသိပြီးသားဖြစ်တဲ့ကိုယ့်ရဲ့လက်တွဲဖော်တစ်ဦးတည်းနဲ့သာ လိင်ဆက်ဆံမှုကိုပြုလုပ်ပါ။
    • ကိုယ့်ရဲ့လက်တွဲဖော်နဲ့မဟုတ်ဘဲ တခြားသူနဲ့ အတူနေမယ် လိင်ဆက်ဆံမှုပြုလုပ်မယ်ဆိုရင်တော့ ကွန်ဒုံးကိုအသုံးပြုပါ။ ကွန်ဒုံးဟာ စနစ်တကျအသုံးပြုမယ်ဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို အကာအကွယ်ပေးနိုင်ပါတယ်။
    • အရက်သေစာအလွန်အမင်းသောက်စားတာ၊ တခြားသော မူးယစ်ထုံထိုင်းစေတာတွေပြုလုပ်တာကို ရှောင်ရှားပါ။ မူးယစ် ယစ်မူးနေတဲ့အချိန်မှာ ကွန်ဒုံးအသုံးပြုဖို့ သတိမရတာ၊ ကောင်းမွန်စွာအသုံးမပြုတာနဲ့ တခြားမလိုလားအပ်တဲ့အမှားတွေကျူးလွန်နိုင်ခြေအရမ်းများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

    မလိုလားအပ်တဲ့ ကိုယ်ဝန်မရရှိအောင်ဆောင်ရန် ရှောင်ရန်များ။

    လိင်ဆက်ဆံမှု ပြုလုပ်တာက ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံပါ။ ဒီလိုပျော်ရွှင်သာယာဖွယ်ကောင်းတဲ့အတွေ့အကြုံကို နောက်ဆက်တွဲ မလိုလားအပ်တဲ့ကိုယ်ဝန်ရရှိလာလို့ စိတ်ညစ်ရတာ၊ အဲဒီကိုယ်ဝန်ကိုဖျက်ချဖို့ကြိုးစားရင်း ဘေးအန္တရာယ်တွေကြုံတွေ့ရတာ ငွေကုန်လူပန်းဖြစ်ရတာတွေကျတော့ ဘယ်သူကလိုချင်ပါ့မလဲ။ ကိုယ်ဝန်ဖျက်ချတာကြောင့် ပိုးဆိပ်သင့်ပြီး အသက်ဆုံးရှုံးရတဲ့ပြဿနာက အမျိုးသမီးတွေသေဆုံးမှုအကြောင်းရင်းမှာ ထိပ်ဆုံးက ပါနေဆဲပါပဲ။ ကိုယ်ဝန်ရရှိသွားခဲ့ပြီဆိုရင် ရွေးချယ်စရာနည်းလမ်းသိပ်များများစားစားမရှိတော့ပါဘူး။ ဒါကြောင့်မဖြစ်ခင်က ကြိုတင်ကာကွယ်တာပဲ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဖြစ်သွားပြီးမှ ကူပါကယ်ပါဦးလုပ်နေလည်း ဘယ်သူမှကူညီနိုင်မှာမဟုတ်ပါဘူး။ ချစ်သူများနေ့မှာ အချစ်နယ်ကျွံပြီး မလိုလားအပ်တဲ့ကိုယ်ဝန်ရှိလာနိုင်တာကို ကာကွယ်ဖို့အတွက်

    • ကွန်ဒုံးသုံးပါ။ အလွှာပါးပေမယ့် ကမ္ဘာခြားတယ်ဘာညာနဲ့ မသုံးဘူးဆိုရင် ဗိုက်ကြီးမှရှိုက်ကြီးတငင်ငိုနေရပါလိမ့်မယ်နော်။ ကွန်ဒုံးအသုံးပြုခြင်းက မလိုလားအပ်တဲ့ကိုယ်ဝန်ကို အကာအကွယ်ပေးနိုင်တဲ့အပြင် လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကိုလည်း အကာအကွယ်ပေးပြီးသားဖြစ်နိုင်ပါတယ်။
    • အပြင်ထုတ်တဲ့နည်းလမ်းကို အပြည့်အဝမယုံကြည်ပါနဲ့။ အလွှာပါးပေမယ့် ကမ္ဘာခြားတယ်ဆိုတဲ့ဆရာသမားတွေရဲ့ အကြိုက်ဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံပြီး ပြီးခါနီးကျမှ အပြင်ကိုထုတ်ပြီး သုက်လွှတ်တဲ့နည်းပါပဲ။ ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရဘူးဆိုတဲ့စကားကို ကြားဖူးကြတယ်မလား။ အပြင်ကိုထုတ်တဲ့နည်းလမ်းကိုကျင့်သုံးတယ်ဆိုလည်း ကိုယ့်ဖွားဖက်တော်ညီတော်မောင်က အပြည့်အဝမယုံရပါဘူး။ ကိုယ်ဝန်တည်လာဖို့အတွက် သုက်ပိုးတစ်ကောင်နဲ့ မမျိုးဥတစ်ကောင်ပေါင်းတာနဲ့ရပါတယ်။ အမျိုးသားတွေသုက်လွှတ်တဲ့အခါ သုက်ပိုးသန်းပေါင်းများစွာပါပါတယ်။ တကယ်လို့များ တစ်ကောင်တလေက ကြိုးကြိုးစားစားနဲ့ စောစောစီးစီး ခရီးထထွက်ခဲ့ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်လိင်တံတလျှောက်မှာ ပထမတစ်ခါလိင်ဆက်ဆံပြီး ကျန်နေတဲ့သုက်ပိုးတွေကသာ လှုပ်ရှားရင်းရောက်သွားခဲ့ရင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါကြောင့်အပြင်မှာထုတ်တဲ့နည်းလမ်းက နားထောင်လို့တော့ကောင်းတယ်။ အလုပ်မဖြစ်တာပါ။ ဒါကိုသတိထားရပါမယ်။ မေးနေကျ အစောပိုင်းအရည်ကြည်ဝင်ရုံနဲ့ ကိုယ်ဝန်ရနိုင်မလားမေးခွန်းအတွက် တဆက်တည်းဖြေရရင်တော့ ရသွားနိုင်ခြေရှိပါတယ်။
    • အရေးပေါ်သန္ဓေတားဆေးသုံးပါ။ ကဲဟုတ်ပြီ ကွန်ဒုံး လည်းမသုံးချင်ဘူး။ အပြင်မှာထုတ်တာလည်းစိတ်မချရဘူးဆိုတော့ အချစ်နယ်ကျွံကြမယ့်သူတွေအတွက်အသုံးပြုဖို့ နည်းလမ်းတစ်ခုပဲကျန်တာက အရေးပေါ်သန္ဓေတားဆေးနည်းလမ်းပါ။ ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင် သိထားရမယ့်အရာတွေရှိပါတယ်။
      • အရေးပေါ်တားဆေးကို တစ်လုံးတည်းလာတာတွေရှိသလို နှစ်လုံးလာတာတွေလည်းရှိပါတယ်။ ဆေးပမာဏကွာခြားတတ်ပေမယ့် သက်ရောက်မှုခြင်းကတော့ တူပါတယ်။
      • တစ်လုံးပဲဖြစ်ဖြစ် နှစ်လုံးဖြစ်ဖြစ် တစ်ခါတည်းသောက်ရမှာဖြစ်ပါတယ်။
      • အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် သုံးရက်အတွင်း (၇၂နာရီအတွင်း) သောက်သုံးနိုင်ပါတယ်။ သတိထားရမှာကတော့ စောစောသောက်လေ ပိုပြီးကာကွယ်နိုင်လေဖြစ်ပြီး နောက်ကျတာနဲ့အမျှ ကာကွယ်မှုနှုန်းလျော့လာနိုင်တယ်ဆိုတာကိုပါ။
      • ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ သောက်ထားပြီးလာတဲ့ရာသီမှာ စောတာနောက်ကျတာ နာကျင်ကိုက်ခဲတာလေးတွေတော့ရှိနိုင်ပါတယ်။
      • အရေးပေါ်ဆေးဖြစ်တဲ့အတွက် ကျန်တဲ့သန္ဓေတားနည်းလမ်းတွေလောက် ရာနှုန်းပြည့်နီးပါးစိတ်မချရပါဘူး။ ဒါကြောင့်ပုံမှန်လိင်ဆက်ဆံတယ်ဆိုရင် အရေးပေါ်ဆေးထက်ပိုပြီးစိတ်ချရတဲ့သန္ဓေတားနည်းလမ်းကို အသုံးပြုဖို့လိုအပ်ပါတယ်။
  • တချို့တွေစိုးရိမ်နေသလိုမျိုး ကလေးမရနိုင်တော့တာ သားဥအိမ်ပျက်စီးတာ သားအိမ်ပျက်စီးတာဆိုတာမျိုးတွေတော့ မဖြစ်နိုင်ပါဘူး။
  • တချို့က ဆေးဝယ်ရမှာရှက်တာတွေဘာတွေရှိနေသေးတယ်။ ကိုယ့်လူတို့က လုပ်တော့လုပ်ချင်တယ် ဆေးဝယ်ရမှာကျတော့လည်းရှက်တယ်ဆိုတော့ အင်အင်းပါချင်ပေမယ့် ဖင်လှန်ရမှာရှက်တယ်ဆိုသလိုဖြစ်နေတယ်။ လိုချင်တာရှိရင်ပေးဆပ်မှုတော့လည်းရှိရမှာပေါ့။ ခုခေတ်မှာ အရေးပေါ်ဆေးဝယ်လို့ဆိုပြီး အထင်သေးအမြင်သေးကြည့်တတ်တာမျိုးတွေလည်းမရှိတော့ပါဘူး။

    အချုပ်ဆိုရရင်တော့ ချစ်သူများနေ့မှာ လိင်မှုကိစ္စ တွေကလည်း မပါမဖြစ်ပါလာကြပြီဆိုတော့ မသိဘူးမဖြစ်ဘူးမရှိပါဘူးလို့ မျက်စိစုံမှိတ်ငြင်းဆန်နေကြမယ့်အစား ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေလုပ်ခြင်းက ပိုကောင်းပါတယ်။ ပိုမိုပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ချစ်သူများနေ့ကို အားလုံးပဲ ပိုင်ဆိုင်နိုင်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement