backup og meta

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

    ကွန်ဒုံး အရပ်အခေါ်အရဆိုရင် ဦးထုပ် သို့မဟုတ် အကာအကွယ်ပေါ့ဗျာ။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်တယ်။ လိင်မှတစ်ဆင့် ရောဂါတွေ ကိုယ့်ဆီကိုရော၊ ကိုယ့်အဖော်ဆီကိုပါ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ဒီတော့ အဖက်ဖက်ကနေ အသုံးဝင်တဲ့ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့၊ အသုံးပြုတဲ့နည်းလမ်းကို ပုရိသတို့အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်။ ကဲ …. ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

    ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားဖို့ လိုပါမယ်။

    • ကွန်ဒုံးကို ဘယ်အချိန်မှာ အသုံးပြုဖို့ လိုအပ်လဲ။

    ထိုးသွင်းမှု ပါတဲ့ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပေးရပါမယ်။ ထိုးသွင်းဆက်ဆံမှုလို့ ဆိုရာမှာ အမျိုးသား လိင်တံနဲ့ ဆက်ဆံဖော်ရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဝအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ HIV အပြင် ကာလသားရောဂါ၊ ရေယုန် အစရှိတဲ့ ရောဂါတွေ ကူးစက်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုပေမယ့် လုံးဝမကူးစက်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် အသုံးပြုသင့်တယ်လို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

    ကွန်ဒုံးအစားထိုး သုံးစရာပစ္စည်းတွေရော မရှိဘူးလား။

    လူတော်တော်များများ အထူးသဖြင့် အမျိုးသားတွေကိုယ်တိုင်က ကွန်ဒုံး ဝယ်ရမှာကို ရှက်သလို၊ စိတ်မလုံသလို ဖြစ်တတ်ပါတယ်။ တကယ်တော့ လိင်ကိစ္စဆိုတာ လူသားတိုင်း ရှောင်လွှဲလို့ မရတဲ့ ကိစ္စဖြစ်တာကြောင့် အကောင်းဆုံးကတော့ ကွန်ဒုံးတွေကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားဖို့ပါပဲ။

    ကွန်ဒုံးအစားထိုးပစ္စည်းလို့ ဆိုရာမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို တားဆီးပေးဖို့ အရေးပေါ် သန္ဓေတားဆေး၊ လက်မောင်းတွင်း ထိုးဆေးတွေ ရှိသလို၊ သုက်ရည်ကို အပြင်ဘက်မှာ စွန့်ထုတ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ HIV ပိုး မကူးစက်စေဖို့ ကြိုတင်သောက်လို့ ရတဲ့ PreP ဆေးဝါးတွေ၊ အရေးပေါ် PeP ဆေးတွေ ရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ကွန်ဒုံးလိုမျိုး ကာကွယ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ကိုယ်ဝန်နဲ့ HIV ကိုပဲ ကာကွယ်ပေးတာဖြစ်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ (ဥပမာ – ဂနို၊ ရေယုန်၊ ကာလသားရောဂါ) ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအိမ်ထောင်ဖက်နဲ့ ဖြစ်စေ၊ တခြားအဖော်နဲ့ဖြစ်စေ လိင်ဆက်ဆံတော့မယ်ဆိုရင် ကွန်ဒုံးကိုပဲ မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုတာ အကောင်းဆုံးပါပဲ။

    • အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ ကွန်ဒုံးတစ်ခု ဘယ်လိုရွေးချယ်မလဲ။

    အမျိုးသားတိုင်း ကွန်ဒုံးဝယ်တော့မယ်ဆိုရင် အောက်မှာပြထားတဲ့အချက်တွေအတိုင်း သေချာစစ်ကြည့်ဖို့ အရေးကြီးပါတယ်။

    ၁။ ကွန်ဒုံးရဲ့ ကုန်ဆုံးမယ့်သက်တမ်းကို စစ်ကြည့်ပါ။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေ၊ ကုန်ဆုံးသက်တမ်း မပါဝင်တဲ့ ပစ္စည်းတွေကို လုံးဝ မဝယ်ပါနဲ့။

    ၂။ ကွန်ဒုံးဖောက်ပြီးသွားတဲ့အခါ လက်နဲ့ စမ်းကြည့်ပါ။ ကြွပ်ဆတ်ဆတ် ဖြစ်နေတာ၊ စေးကပ်နေတာ၊ အရောင်ပြောင်းနေတာ၊ အနံ့ထွက်နေတာ အစရှိတဲ့ ပုံမှန်မဟုတ် လက္ခဏာတွေ တွေ့ရရင် မသုံးပါနဲ့။

    ၃။ ကွန်ဒုံးကို အသုံးမပြုခင်မှာ ပေါက်နေတာ၊ ပြဲနေတာမျိုး ရှိ၊ မရှိ သေချာစစ်ကြည့်ပါ။ အထူးသဖြင့် အပြင်ဘက်က ပိတ်ထားတဲ့ ပါကင်မှာ ပြဲနေတာမျိုး တွေ့ရင် ဆက်မသုံးပါနဲ့တော့။

    ၄။ လိင်တံနဲ့ ကွန်ဒုံးအရွယ်အစား ထပ်တူကျဖို့ လိုပါတယ်။ ကြီးနေရင်လည်း ဆက်ဆံနေရင်း ကျွတ်ဖို့ လွယ်နိုင်သလို သေးလွန်းရင်လည်း စွပ်ဖို့ အဆင်မပြေတာ၊ ပေါက်ပြဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။

    ၅။ ပူလွန်းတဲ့ နေရာတွေမှာ ကွန်ဒုံးကို မထားပါနဲ့။ အပြင်သွားစရာ မရှိဘူးဆိုရင် ကွန်ဒုံးကို အခန်းအပူချိန်မှာပဲ ထားထားပါ။ ဘောင်းဘီအိတ်၊ ပိုက်ဆံအိတ်ထဲ အကြာကြီးထည့်ထားရင် ပူလွန်းတဲ့အတွက် ပြဲသွားနိုင်ပါတယ်။

    • အမျိုးသားသုံး ကွန်ဒုံးကို ဘယ်လိုမှန်ကန်စွာ အသုံးပြုမလဲ။

    အမျိုးသားတွေ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်နေစဉ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်တွေ မိန်းမကိုယ်တွင်း မဝင်သွားစေဖို့၊ အပြင်ကို ထွက်မလာစေဖို့ အထိန်းအစွပ်အနေနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီကွန်ဒုံးကို မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းသာမက ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။

    ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမလဲဆိုရင်

    ၁။ ကွန်ဒုံးထည့်ထားတဲ့ အထုပ်ကို သတိထားပြီး ဖွင့်ပါ။ သွားနဲ့ ကိုက်ဖွင့်လိုက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုးမလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးပါ ပေါက်ပြီးပြဲသွားနိုင်ပါတယ်။

    ၂။ ကွန်ဒုံးကို မစွပ်ခင်မှာ ပေါက်ပြဲနေတာ၊ ထိခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ အရင်စစ်ဆေးပါ။

    ၃။ ကွန်ဒုံးရဲ့ ဖုဖောင်းနေတဲ့ ထိပ်ကလေးကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပါ။

    ၄။ ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ ကွန်ဒုံးအနားသားတွေကို အောက်ကို ဖြည်းဖြည်းချင်း ဆွဲချပါ။ ဆွဲလို့ အဆင်မပြေတာ၊ အရမ်းကျပ်နေတာ၊ ဆွဲနေရင်းနဲ့ ပြဲသွားတာဆိုရင် လွှင့်ပစ်ပြီး အသစ်တစ်ခု ယူသုံးပါ။

    ၅။ ထိခိုက်ပွန်းပဲ့မှု နည်းစေဖို့နဲ့ ထိုးသွင်းဆက်ဆံတာ ပိုလွယ်သွားအောင် ရေအခြေပြု (Water-based) ချောဆီနည်းနည်းကို ကွန်ဒုံးအပြင်ဘက်ကို သုတ်လိမ်းထားပါ။

    ၆။ သုက်လွှတ်ပြီးသွားချိန် လိင်တံမပျော့သွားခင် အမြန်ဆွဲထုတ်ပြီး ကွန်ဒုံးကို လွှင့်ပစ်ပါ။ လိင်တံပျော့သွားတဲ့အခါ စွပ်ထားတဲ့ ကွန်ဒုံးက ချောင်ပြီး အပြင်ကို ကျွတ်ထွက်သွားနိုင်သလို သုက်ရည်တွေပါ စိမ့်သွားနိုင်တာကြောင့်ပါ။

    ၇။ ကွန်ဒုံးကို ဆွဲချွတ်တဲ့အခါ ထိပ်နားကို လက်နဲ့ထိန်းပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးရပါမယ်။

    ၈။ ပြီးတာနဲ့ သုက်ရည်တွေကို အပြင်ဘက် မဖိတ်ကျအောင် သေချာဂရုစိုက်ပြီး အမှိုက်ပုံးထဲ ကွန်ဒုံးကို ပစ်လိုက်ရုံပါပဲ။

    လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတယ်လို့ သံသယရှိရင် အမြန်ဆုံးဆွဲချွတ်ပြီး အသစ်တစ်ခု ပြန်တပ်ပါ။ ပြဲနေတဲ့ကွန်ဒုံးကို ဆက်ပြီး သုံးနေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီနည်းလမ်းတွေအတိုင်း ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကိုယ်ဝန်အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ တားဆီးပေးနိုင်မှာပါ။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို တကယ့်အရေးအကြောင်းရယ်မှ ကွန်ဒုံးနဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ မဖြစ်ရလေအောင် ဒီနည်းလမ်းတွေနဲ့ ကြိုတင်လေ့ကျင့်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement