သားသမီးရတနာ ထွန်းကားစေမည့် နည်းလမ်းများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ချစ်သူစုံတွဲအများစုအတွက်တော့ အိမ်ထောင်ပြုပြီးရင် သားသားမီးမီးလိုချင်တတ်ကြတာ ဓမ္မတာပဲဖြစ်ပါတယ်။ ဖေဖေမေမေ ဖြစ်ချင်သူတွေ သားသမီးရတနာ ထွန်းကားစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

မျိုးဥကြွေချိန်ကိုခန့်မှန်းပြီး ချစ်တင်းနှီးနှောပါ

အမျိုးသမီးရဲ့ ရာသီစက်ဝန်းကို မှတ်သားပြီး မျိုးဥကြွေမယ့်ရက်တွေကို ခန့်မှန်းပါ။ သုတ်အားကောင်းစေဖို့ တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ် ချစ်တင်းနှီးနှောပါ။ ကြွေကျပြီး မျိုးဥတစ်လုံးရဲ့ သက်တမ်းက အချိန်တစ်ရက်ခန့်သာရှိပေမယ့် သုတ်ကောင်တွေကတော့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး ၃ရက် ရှင်သန်နိုင်ပါတယ်။

ဒါကြောင့် မျိုးဥမကြွေမီ ၃ရက်ခန့်အလိုကတည်းက ချစ်တင်းနှီးနှောခြင်းအားဖြင့် အကျိုးထူးနိုင်မှာဖြစ်ပါတယ်။ ရာသီစက်ဝန်းကို မှတ်သားထားရုံနဲ့ မျိုးဥကြွေရက်နဲ့ သန္ဓေအောင်နိုင်ချေ အမြင့်မားဆုံးရက်တွေကို တွက်ထုတ်ပေးနိုင်တဲ့ application တွေ အများကြီးရှိပါတယ်။ လိင်ဆက်ဆံရာမှာ ချောဆီအသုံးပြုခြင်းဖြင့်လည်း ဆက်ဆံရလွယ်ကူစေသလို သုတ်ကောင်တွေရဲ့လှုပ်ရှားမှုကို ပိုမိုချောမွေ့စေမှာ ဖြစ်ပါတယ်။

အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ

ဖေဖေမေမေ ဖြစ်ချင်သူတွေအနေနဲ့ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင် စီနဲ့ ဒီ ပါဝင်တဲ့ အစာအစာတွေကို ဦးစားပေး စားသုံးရမှာဖြစ်ပါတယ်။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာဖြစ်ပြီး လတ်ဆတ်တဲ့ အော်ဂဲနစ်အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ် စားသုံးခြင်းက မျိုးဥတွေကို ကျန်းမာစေတဲ့လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

ရေခဲမုန့်၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဖရုံစေ့၊ ငှက်ပျောသီး၊ ဥအမျိုးမျိုး၊ ဗာဒံစေ့၊ အချဉ်ဓာတ်ပါသည့် သစ်သီးများ၊ တို့ဟူး နဲ့ ဆယ်လ်မွန်ငါးတို့သည်လည်း ပဋိသန္ဓေရနိုင်ချေ မြင့်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒီအစားအစာတွေအပြင် အခြား ဖြည့်စွက်စာတွေ ထပ်မံစားသုံးဖို့ လိုမလို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

နောက်တစ်ချက်က ရေဓာတ်ဟာ သုတ်ကောင်တွေကို မျိုးဥဆီရောက်အောင် အကူအညီပေးတဲ့အတွက် ရေများများသောက်ဖို့လည်း လိုပါလိမ့်မယ်။

နှိပ်နယ်ခြင်း

ခန္ဓာကိုယ်ကို နှိပ်နယ်ခြင်းဟာ သားအိမ်ဆီ အောက်ဆီဂျင်ပါတဲ့သွေးလှည့်ပတ်မှု အားကောင်းစေရုံသာမက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်တဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။

အပန်းဖြေအနားယူပါ

သီချင်းနားထောင်ပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့ စိတ်ပြေလျော့စေမယ့် အရာတစ်ခုခု လုပ်ကြည့်ပါ။ ဒါမှမဟုတ် အားလပ်ရက်ယူပြီး စိတ်အပန်းဖြေပါ။ ကိုယ်ရောစိတ်ပါ ကြည်လင်ရွှင်လန်းတဲ့ အားလပ်ရက်မှာ ချစ်တင်းနှီးနှောခြင်းက ကလေးရနိုင်မယ့် အခွင့်အလမ်းကို ပိုမိုကောင်းမွန်စေပါတယ်။ ရိုးရာနည်းနဲ့နှိပ်နယ်တာ၊ ဆီမွှေးအသုံးပြုကုထုံး ခံယူတာ စတဲ့ စိတ်အပန်းပြေစေမယ့် နည်းလမ်းတွေကလည်း သင့်ကို အကျိုးပြုပါလိမ့်မယ်။

ဆေးလိပ်နဲ့အရက် ရှောင်ကြဉ်ပါ

အကယ်၍သင့်မှာ ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် သင့်ကလေးကို မထိခိုက်စေဖို့ အရက်သေစာသောက်စားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အရက်အလွန်အကျွံ သောက်သုံးခြင်းဟာ သုတ်အားနည်းစေတာကို သတိပြုဆင်ခြင်သင့်ပါတယ်။

နောက်တစ်ချက်က ကိုယ်ဝန်ယူမယ့်အမျိုးသမီးဟာ ကိုယ်တိုင်ဆေးလိပ်သောက်ရင်ဖြစ်စေ၊ အခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကို တဆင့်ရှူရှိုက်မိရင်ဖြစ်စေ သန္ဓေအောင်မယ့် အခွင့်အလမ်းနည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် သားသားမီးမီး ရနိုင်ဖို့၊ လက်တွဲဖော်ရဲ့ ကျန်းမာရေး မထိခိုက်စေဖို့ ဆေးလိပ်ဖြတ်တာက အကောင်းဆုံးရွေးချယ်မှုပါပဲ။

ဇနီးမောင်နှံတွေအဖို့ သားသမီးရအောင် ကြိုးစားရတဲ့အချိန်ဟာ အာရုံအစိုက်ရဆုံး အချိန်ပါပဲ။ အထက်မှာပြောခဲ့တဲ့အချက်တွေကို အတိုချုပ်ပြန်ပြောရရင် သုတ်ကောင်တစ်ကောင်ဟာ အမျိုးသမီးခန္ဓာကိုယ်ထဲမှာ ခုနစ်ရက်အထိ နေနိုင်ပေမယ့် ကြွေကျပြီး မျိုးဥတစ်လုံးရဲ့သက်တမ်းဟာ ၁၂နာရီကနေ ၂၄နာရီခန့်သာ ရှိတဲ့အတွက် ဒီအချိန်တိုအတွင်းမှာ မျိုးအောင်ဖို့ စွမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလိုချင်သူတွေအနေနဲ့ တစ်လမှာ နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ ချစ်တင်းနှီးနှောခြင်းအားဖြင့် အကောင်းဆုံးအခွင့်အရေး ရရှိနိုင်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇှနျ 1, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 1, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ