backup og meta

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ

    အမျိုးသား အယောက် ၁၀၀ မှာ ၉၅ ယောက်လောက်က ငယ်ငယ်ကလေးဘဝကရော၊ ကြီးလာတဲ့အချိန်မှာပါ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေ၊ အရေပြားရှည်လွန်းတာ၊ ငယ်လွန်းတဲ့ ကလေးတွေနဲ့ အတွင်းခံဘောင်းဘီ မဝတ်ဘဲ ဘောင်းဘီဇစ်တပ်လိုက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ သေးငယ်တဲ့ မတော်တဆ ဆိုပေမယ့် ခံရတဲ့ကိုယ့်လူအတွက်ကတော့ ဝေဒနာက အသက်ပါမတတ်ပါပဲ။ အဖိုးတန် ဖွားဖက်တော်မှာဖြစ်တာဆိုတော့လည်း တခြားနေရာတွေမှာ ဖြစ်တာထက် ပိုပြီး စိုးရိမ်ထိတ်လန့်ကြောက်နေမိမှာပါ။ ခုဆောင်းပါးမှာ လိင်တံအရေပြားနဲ့ ဘောင်းဘီဇစ်ညှပ်သွားရင် ဘာလုပ်သင့်လဲ၊ အနာကို ဘယ်လိုဂရုစိုက်မလဲ၊ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ၁။ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပါ။

    ကိုယ်တိုင်က ညပ်နေတဲ့သူလား၊ ဒါမှမဟုတ် ညပ်နေတဲ့သူကို ကူပေးရမယ့်သူလား၊ ဘယ်သူပဲဖြစ်နေပါစေ၊ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားနေရင် ပိုအမှားပါတတ်ပါတယ်။ စိတ်ငြိမ်အောင်ထိန်းထားနိုင်ပြီဆိုမှ ရှေ့ဆက်လုပ်ပါ။

    ၂။ ဆီတစ်ခုခု အရင်ရှာပါ။

    ကိုယ့်အိမ်မှာ အုန်းဆီ၊ သံလွင်ဆီ စတဲ့ဆီတစ်မျိုးမျိုးရှိလားဆိုတာ အရင်ရှာကြည့်ပါ။ အိမ်တော်တော်များများမှာတော့ အုန်းဆီကို ဆောင်ထားတတ်တာ ပိုများပါတယ်။ အဆင်ပြေတဲ့ ဆီတစ်မျိုးမျိုးကို တွေ့တဲ့အခါ အရင်ဆုံး ညပ်နေတဲ့ လိင်တံအရေပြားနဲ့ သူ့ဘေးပတ်ပတ်လည်ကို ဆီနဲ့ နှံ့နေအောင် စွတ်ပေးပါ။ ဘောင်းဘီဇစ်ကိုလည်း ဆီများများစွတ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့် ဒီအတိုင်းထားထားလိုက်ပါ။ ကြာသွားတဲ့အခါ ညပ်နေတဲ့နေရာက ချောပြီး ဖြုတ်ဖို့ပိုလွယ်ကူသွားပါလိမ့်မယ်။

    ၃။ အရေပြားကို ဇစ်ကနေ ဖြုတ်ဖို့ကြိုးစားကြည့်ပါ။

    အရင်ဆုံး ဇစ်က ဘယ်လောက်အတိုင်းအတာထိ ညှပ်နေလဲဆိုတာ စစ်ကြည့်ပါ။ လက်တစ်ဖက်က လိင်တံအရေပြားကို အပေါ်သို့ လှန်ဆွဲပြီး ကျန်တစ်ဖက်က ဘောင်းဘီဇစ်ကို အောက်သို့ ဖြည်းဖြည်းချင်းဆွဲချကြည့်ပါ။ လုပ်နေရင်းနဲ့ အရေပြားပြဲသွားတာ၊ သွေးထွက်လာတာ တွေ့ရင်တော့ ရပ်လိုက်ပြီး ဆေးခန်းအမြန်ပို့ပါ။

    ၄။ အိမ်မှာရှိတဲ့ လက်သုံးပစ္စည်းတွေနဲ့ ဇစ်ကို ဖြုတ်ကြည့်ပါ။

    ကိုယ်က အရေပြားကို ဖြည်းဖြည်းချင်းဆွဲကြည့်လို့ မရဘူးဆိုတော့မှ ဘောင်းဘီဇစ်ကို ပလာယာ သို့မဟုတ် ဝက်အူလှည့်နဲ့ပဲဖြစ်ဖြစ် ဖြုတ်ဖို့ ကြိုးစားကြည့်ပါ။ ညှပ်နေတဲ့ ဇစ်က ဘောင်းဘီကနေ ပြုတ်သွားပြီဆိုရင် လက်နဲ့ ပြန်ဖြေလို့ပိုလွယ်သွားပါလိမ့်မယ်။ မိသားစုဝင်တွေထဲကမှ လက်သုံးပစ္စည်းတွေကို အသုံးပြုနေကျ အမျိုးသားဆိုရင် ပိုအဆင်ပြေပါတယ်။

    ၅။ ဘယ်လိုချွတ်ချွတ် မရဘူးဆိုရင် ဆေးခန်းအမြန်သွားပါ။

    ကိုယ်တိုင်လုပ်လို့ အဆင်မပြေတာ၊ လုံးဝကျွတ်ထွက်မသွားတာ၊ ညပ်ခံရတာက အရမ်းငယ်သေးတဲ့ ကလေးဆိုရင်တော့ ဆေးခန်းပြလိုက်တာ ပိုကောင်းပါလိမ့်မယ်။ လိုအပ်ရင် ထုံဆေးအရင်ပေးပြီး လူနာစိတ်ငြိမ်သွားပြီဆိုတော့ ဆရာဝန်အနေနဲ့ ဘောင်းဘီကို အရင်ဖြဲပြီး ဇစ်ကိုပဲ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ထုံဆေးက အရှိန်ရလာတဲ့အခါ လိင်တံအရေပြားက ထုံကျဉ်နေပြီး ဇစ်ကနေ ဖြုတ်ချလိုက်ဖို့ ပိုလွယ်ကူသွားပါလိမ့်မယ်။

    ၆။ အနာကို သေချာဂရုစိုက်ပါ။

    အထူးသဖြင့် သွေးထွက်သွားတယ်ဆိုရင် လုံးဝမပေါ့ပါနဲ့။ သွေးအရမ်းထွက်နေတယ်ဆိုရင်တော့ အရင်ဆုံး သွေးတိတ်အောင် အဝတ်နဲ့ အရေပြားကို ဆယ်မိနစ်ခန့် ဖိထားပေးပါ။ ပြီးသွားရင် ဆပ်ပြာအပျော့စားကို ရေနွေးနဲ့ လိင်အင်္ဂါကို သေချာဆေးကြောပေးပါ။ ခြောက်အောင်သုတ်ပြီးသွားပြီဆိုမှ ဆရာဝန်ပေးလိုက်တဲ့ လိမ်းဆေး ဒါမှမဟုတ် အနာသက်သာစေဖို့ ဆီနည်းနည်းလိမ်းပြီး ပိုးသတ်ထားတဲ့ ဂွမ်း၊ ပလာစတာနဲ့ အုပ်ပေးထားပါ။

    ၇။ အနာမရင်းပါစေနဲ့။

    သေချာသန့်သန့်ရှင်းရှင်းမထားတာ၊ ရေစိုနေတဲ့ ပလာစတာကို မခွာဘဲ ဒီအတိုင်းကပ်ထားရင်တော့ ပိုးဝင်ပြီး အနာကတော်ရုံနဲ့ ကျက်မှာမဟုတ်ပါဘူး။ အနာပတ်လည်က နီရဲပြီး ရောင်ကိုင်းလာတာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ရောင် ပြည်တွေထွက်လာတာ၊ အနာဘေးနားမှာ အနီရောင်သွေးကြောအမျှင်တွေ ထွက်နေတာ၊ ပျော့ပျော့အိအိဖြစ်နေတာ၊ အနာသက်သာလောက်မယ့် အချိန်ထိ နာနေသေးတာ၊ အဖျားတက်တာ စတဲ့ အနာထဲပိုးဝင်တဲ့လက္ခဏာတွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြီး ပြဖို့လိုအပ်ပါတယ်။

    ဆေးခန်းသွားပြတဲ့အချိန်မှာ အရေပြားက အရမ်းရှည်နေပြီး ဘယ်လိုမှ ဇစ်ကနေ ဖြုတ်လို့မရဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ ထိပ်အရေပြားဖြတ်ဖို့ (Circumcision လုပ်ခြင်း) အကြံပေးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာက ယောက်ျားလေးအများစု ငယ်ရာကနေ ကြီးတဲ့အထိ ကြုံတွေ့ရတတ်တဲ့ မတော်တဆမှုဖြစ်တာကြောင့် မပေါ့ဆပါနဲ့ သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement