backup og meta

လိင်တံထောင်မတ်နိုင်စွမ်းနှင့် အံ့အားသင့်စရာ အချက်(၁၂)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံထောင်မတ်နိုင်စွမ်းနှင့် အံ့အားသင့်စရာ အချက်(၁၂)ချက်

    အမျိုးသားတော်တော်များများ ဝန်မခံရဲကြတဲ့ ပြဿနာတွေထဲမှာ ဖွားဖက်တော် ကောင်းစွာ မထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ပုံမှန်အားဖြင့် အသက်ကြီးလာမှ လုပ်ဆောင်ရည် ကျသွားတယ်ဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖွဲတစ်ဆုပ်မနိုင်တော့တဲ့ သူတွေလည်း အများကြီးပါပဲ။ အခုဆောင်းပါးမှာ ပုရိသတို့ သိထားသင့်တဲ့ လိင်တံထောင်မတ်နိုင်ခြင်းနဲ့ ပတ်သက်တဲ့ အချက် ၁၂ ချက်ကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ၁။ လိင်တံမထောင်မတ်နိုင်သူ အများစုဟာ စိုးရိမ်စိတ်တွေကြောင့် ဖြစ်နေရတာပါ။

    အသက်အရွယ်ကြောင့် မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေကို လေ့လာကြည့်တဲ့အခါ အများစုက လိင်ဆက်ဆံမှု ပြုရာမှာ ကောင်းစွာ စွမ်းဆောင်နိုင်ပါ့မလား၊ ကိုယ့်ရဲ့ အဖော်ကို စိတ်တိုင်းကျစေပါ့မလား အစရှိသဖြင့် စိုးရိမ်ပူပန်စိတ်တွေ ရှိတတ်ပါတယ်။ ဒီစိတ်ကြောင့် ကိုယ်က သေချာအာရုံမစူးစိုက်နိုင်တော့တာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာပါ။

    ၂။ လိင်တံတွေဟာ ထောင်မတ်နေချိန်မှာ ကျိုးဖို့ ပိုလွယ်ကူပါတယ်။

    လိင်ဆက်ဆံတဲ့ အနေအထား မမှန်တာ (ဥပမာအားဖြင့် ကိုယ့်ရဲ့ လိင်တံက အပေါ်ကို ထောင်မတ်နေချိန်မှာ ကိုယ့်အဖော်က အားနဲ့ ဆောင့်ဖိလိုက်တာမျိုး) ကြောင့် လိင်တံ ကျိုးနိုင်ပါတယ်။ အရိုးကျိုးတာမျိုး မဟုတ်ဘဲ လိင်တံအတွင်းက သွေးကြောတွေ ပေါက်ပြဲထွက်ပြီး အလွန်အမင်း နာကျင်တာ၊ ရောင်ရမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့သာ အမြန်ဆုံးပြသဖို့ လက်မနှေးသင့်ဘူးနော်။

    ၃။ လူပျိုဖြစ်မှ လိင်တံထောင်မတ်နိုင်တာ မဟုတ်ပါဘူး။

    တချို့ကလေးတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ စောစီးစွာ လူပျိုဖော်ဝင်တာအပြင် မိခင်ရဲ့ ဝမ်းထဲမှာ သန္ဓေသားအဖြစ် တည်နေတဲ့အချိန်မှာကတည်းက လိင်တံထောင်မတ်နိုင်ပါတယ်။

    ၄။ ပန်းသေပန်းညှိုးအတွက် ဆေးဟာ အမြဲကောင်းချင်မှ ကောင်းနိုင်မှာပါ။

    တချို့ဆေးတွေဟာ ပန်းသေပန်းညှိုးဖြစ်နေတဲ့ ဝေဒနာကို သက်သာစေပြီး လိင်မှုဘဝသာယာစေဖို့ ထုတ်ပေးတာဖြစ်ပေမဲ့ တကယ့်လက်ရှိမှာ ၃ ပုံ ၂ပုံလောက်သာ ဆေးရဲ့ အာနိသင်ကို အပြည့်အဝရနိုင်တယ်လို့ ဆိုထားပါတယ်။ ဆေးကို ပိုပြီး များများသောက်လေလေ၊ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ပိုခံရနိုင်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ဘူးနော်။

    ၅။ လိင်တံအရွယ်အစား သေးသူတွေက ထောင်မတ်တဲ့အခါ ပိုပြီး ကြီးနိုင်ပါတယ်။

    ပျော့နေချိန်မှာ လိင်တံအရွယ်အစား သေးတယ်လို့ ထင်ရတဲ့ အမျိုးသားတွေ ထောင်မတ်လာတဲ့အခါမှ အံ့အားသင့်ရလောက်တဲ့အထိကို အရွယ်အစား ကြီးလာနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ ဒါ့အပြင် လိင်တံသေးသူတွေက ပိုပြီး ထောင်မတ်နိုင်စွမ်းကောင်းတယ်လို့လည်း ဆိုထားကြပါတယ်။

    ၆။ ပုံမှန်ထောင်မတ်တဲ့ အရွယ်အစားက ၅.၆ လက်မ ရှိပါတယ်။

    တစ်ကမ္ဘာလုံး အမျိုးသားထုကြီးရဲ့ လိင်တံထောင်မတ်နေချိန်မှာ အရွယ်အစားက ပျမ်းမျှ ၅.၆ လက်မ ရှိတယ်ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်လို့ ရပါတယ်။

    ၇။ ကမ္ဘာ့အကြီးဆုံး လိင်တံဟာ ထောင်မတ်နေချိန်မှာ ၁၃.၅ လက်မ ရှိပါတယ်။

    လက်ရှိ တစ်ကမ္ဘာလုံးမှာ လိင်တံအရွယ်အစား အကြီးမားဆုံးလို့ သတ်မှတ်ထားတဲ့ Jonah Falcon ဆိုသူရဲ့ လိင်တံဟာ ပျော့နေချိန်မှာ ၉.၅ လက်မရှိပြီး ထောင်မတ်လာချိန်မှာ ၁ပေထက်တောင် ပိုရှည်တဲ့ ၁၃.၅ လက်မ ရှိပါတယ်။

    ၈။ ပန်းသေပန်းညှိုးမှာ တခြားကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။

    လိင်ကိစ္စမို့ စိတ်မဝင်စားဘူးဆိုပြီး ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ ဒီလက္ခဏာဟာ နှလုံးရောဂါ၊ ဆီးချို၊ ပါကင်ဆန်ရောဂါ၊ သွေးတွင်း ကိုလက်စထရောဓါတ် အဆမတန်များနေတာအပြင် တခြားသော စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကို ပြသနိုင်ပါတယ်။

    ၉။ လိင်စိတ်ဆန္ဒပြီးမြောက်ဖို့ အပြည့်အဝ ထောင်မတ်စရာ မလိုပါဘူး။

    လူတော်တော်များများက လိင်တံ လုံးဝထောင်မတ်နေမှ လိင်စိတ်ဆန္ဒပြီးမြောက်မယ်လို့ ထင်ထားပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ အနည်းငယ် မာနေတယ်ဆိုရင်လည်း သုက်ရည်ထွက်နိုင်ပြီး လိင်စိတ်ပြီးမြောက်လို့ ရပါတယ်။

    ၁၀။ ပန်းသေပန်းညှိုးဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။၏

    အရက်၊ ဆေးလိပ် အလွန်အကျွံသောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အဝလွန်တာ၊ အဆီအစိမ့်တွေ၊ အချိုတွေ စားလွန်းတာ၊ စက်ဘီးကို အချိန်အကြာကြီးစီးတာ၊ ရောဂါပျောက်ဆေးတွေကို နှစ်ရှည်လများ စွဲပြီး သောက်သုံးတာ အစရှိတာတွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါတယ်။

    ၁၁။ ယောက်ျားတိုင်းက ညအိပ်ချိန်မှာ ၃ကြိမ်မှ ၅ကြိမ်ထိ လိင်တံထောင်မတ်ပါတယ်။

    ကျွန်တော်တို့ အိပ်နေတဲ့ အချိန်မှာ ဦးနှောက်က အနားယူနေပေမဲ့ အနားမယူပဲ မာန်ထနေတာကတော့ ဖွားဖက်တော်ပါပဲ။ ကျန်းမာရေးကောင်းတဲ့ အမျိုးသားတိုင်းက ညအိပ်ချိန်မှာ ပုံမှန်အားဖြင့် ၅ကြိမ်ထိ အလိုအလျောက် လိင်တံထောင်မတ်လာနိုင်ပြီး မိနစ် ၃၀ခန့် ကြာအောင် ထောင်မတ်ပါတယ်။

    ၁၂။ လိင်မှုဘဝနဲ့ စိတ်ကျန်းမာရေးဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။

    ကိုယ်က လိင်ဆက်ဆံတော့မယ်ဆိုမှ ညီတော်မောင်က ပျော့ကျသွားပြန်ပါပြီရဲ့။ ဒါကို စိတ်ထဲမှာ စွဲသွားရင် နောက်တစ်ခါ လိင်ဆက်ဆံတော့မယ်ဆိုရင်လည်း ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်က ဝင်လာပါတယ်။ ဒီစိုးရိမ်စိတ်ကြောင့် လိင်မှုဘဝကိုသာမက စိတ်ကျန်းမာရေးကိုပါ ဒုက္ခများစွာ ပေးနိုင်ပါတယ်။ မကြာခဏ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာခံစားနေရပြီဆိုရင် လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြသကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement