backup og meta

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

    ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

    ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ သန္ဓေတားဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့သုံးခဲ့တဲ့ ပစ္စည်းတွေထဲမှာ တိရစ္ဆာန် အညစ်အကြေးတွေ၊ အဆိပ်ရည်တွေ၊ ရှောက်သံပုရာမျိုးနွယ်ဝင်အသီးတွေက စလို့ သစ်သားအတုံးတွေ အထိပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဆေးပညာက သန္ဓေသားနည်းတွေကို မတီထွင်ရသေးတဲ့ အချိန်တုန်းက လူသားတွေဟာ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနည်းမျိုးစုံကို အသုံးပြုခဲ့ရတာပါ။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ခေတ်မှီဆေးဝါးအစုံအလင် အသုံးပြုခွင့်ရတာ ဟာ တော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။

    ၁။ သံအတွင်းခံ

    chastity belt ဆိုတာကိုကြားဖူးကြလား။ chastity ဆိုတာ ဗြဟ္မစရိယကျင့်ခြင်းလို့ အဓိပ္ပါယ်ရပြီး အလယ်ခေတ်ကအမျိုးသမီးတွေ သူမရဲ့ခင်ပွန်းဖြစ်သူကလွဲပြီး တခြားသူနဲ့ လိင်ဆက်ဆံလို့ မရအောင် ဝတ်ကြတဲ့ ခါးပတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီသံခါးပတ်တွေဟာ အလယ်ခေတ်ကာလလောက်က ညှင်းပန်းနှိပ်စက်တဲ့ နေရာတွေမှာလည်း သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက ဒီခါးပတ်တွေဟာ ၁၈၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်မှာ လူသိများလာခဲ့တာပါ။ ၁၈၀၀ ခုနှစ်လောက်မှာ ဖက်ရှင် မဂ္ဂဇင်းတော်တော်များများက ဒီခါးပတ်တွေကို မုဒိမ်းအကျင့်ခံရတဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ အသုံးအဆောင်တစ်ခု အဖြစ် ဖော်ပြခဲ့ပြီး စက်မှုခေတ်ကာလလောက်က အင်္ဂလန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံက အမျိုးသမီးတော်တော်များများဟာ စက်ရုံတွေထဲမှာ အများအပြားအလုပ်ဝင်လုပ်ခဲ့ကြတဲ့ အချိန်မှာတော့ တစ်ချို့သော အမျိုးသမီးတွေကတော့ မုဒိမ်းမှုကျူးလွန်ခံရခြင်းမှ ကာကွယ်ရန် ဒီလို သက်တောင့်သက်သာမရှိတဲ့ သံအတွင်းခံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ အလယ်ခေတ်တုန်းကလည်း အမျိုးသားအများစုဟာ သူတို့ရဲ့ဇနီးတွေ ဖောက်ပြန်ခြင်းနဲ့ အာသာဖြေတာတွေ လုပ်လို့မရအောင် ဒီလို သံအတွင်းခံတွေ ဝတ်ဆင်ခိုင်းခဲ့ကြပါတယ်။

    ၂။ မာကျူရီ၊ (ပြဒါး)

    သတ္တုအောက်ခံဘောင်းဘီကို ဝတ်ဆင်တာက ခံစားရခက်တယ်ဆိုပေမဲ့ အဆိပ်တွေ မြိုချတာလောက်တော့ မဆိုးသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁ ထောင်ကျော်လောက်က တရုတ်အမျိုးသမီးတစ်ချို့ဟာ မာကျူရီကို သန္ဓေသားဆေး အဖြစ် အသုံးပြုခဲ့ကြပါတယ်။ မာကျူရီသောက်ခြင်းဟာ မြုံခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်း၊ ဦးနှောက်ပျက်ဆီးခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

    ၃။ ရေပူ

    AD 98 မှာမွေးဖွားခဲ့တဲ့ ဂရိ သားဖွားမီးယပ်ဆေးပညာရှင် ဆိုရန်နပ်စ် ဟာ သူ့ခေတ်တုန်းက အမျိုးသမီးတွေကို လိင်ဆက်ဆံပြီးတာနဲ့ နောက်ပြန် ၇ ခါ ခုန်ခိုင်းခဲ့ပြီး ပန်းပဲသမားတွေ သတ္တုကို အေးစေဖို့ စိမ်ရတဲ့ ရေကို သောက်ဖို့ ညွှန်ကြားဖူးပါတယ်။ ဆိုရန်နပ်စ် သိတာကတော့ ဒီလို သတ္တုကို ရေစိမ်ထားတဲ့ ရေတွေဟာ သတ္တုအဆိပ်သင့်နိုင်စေတယ်ဆိုတာပါပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့ ရေကို သောက်ရင် ကိုယ်ဝန်ပျက်ကျမယ်ဆိုတဲ့ အတွေးနဲ့ ဒီရေကို သောက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိခေတ်လောက်က ခဏထားဦး။ ပထမ ကမ္ဘာစစ်တုန်းကလည်း အမျိုးသမီးတစ်ချို့ဟာ ကိုယ်ဝန်တားဖို့အတွက် ခဲသတ္တုစက်ရုံတွေမှာ လုပ်အားပေးဝင်လုပ်ခဲ့ကြဖူးပါတယ်။

    ၄။ ကွန်ဒုံးရဲ့ မူလဘူတ

    ကွန်ဒုံးကို ပထမဆုံး စတင်ပြောဆိုကြတဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ BC 3000 ကျော်လောက်ကပါ။ ဟိုးမားရဲ့ အိလိယဒ် လင်္ကာကြီးထဲမှာပါဝင်တဲ့ မင်နိုစ်ဘုရင်ကြီးဟာ သူမိန်းမထံကို သူ့ရဲ့သုတ်ရည်ထဲမှာ ပါဝင်တဲ့ နတ်ဆိုးတွေနဲ့ ကင်းမြီးကောက်တွေရဲ့ ရန်မှ ကာကွယ်ဖို့အတွက် ဆိတ်ရဲ့ ဆီးအိမ်ကို အသုံးပြုခဲ့တယ် လို့ဖော်ပြထားပါတယ်။ ထိုအချိန်ကစပြီး လူသားတွေဟာ ပိတ်ထည်တွေ၊ သိုးအူအစတွေ၊ ငါးဆီးအိမ်တွေကို သန္ဓေတားဖို့အတွက် စတင် အသုံးပြုခဲ့ကြပါတယ်။

    ၅။ ကိုကာကိုလာ

    ကိုကာကိုလာကိုဝေမျှလိုက်ပါဆိုတဲ့ ကြော်ငြာတွေ မတိုင်ခင် အမျိုးသမီးအများစုဟာ ကိုကာကိုလာကိုသောက်ဖို့အတွက်သာမက တခြား အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်လောက်က ဟားဗတ်တက္ကသိုလ်ပါမောက္ခတွေဟာ ဆိုဒါက သုတ်ကောင်တွေကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစလို့ အမျိုးသမီး အများစုက ကိုကာကိုလာကို သန္ဓေဖျက်ချဖို့အတွက် ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုကာကိုလာဟာ သုတ်ကောင်တွေကို သေစေနိုင်တယ်လို့ နောက်ပိုင်း ဘယ်လေ့လာချက်တစ်ခုကမှ အတည်မပြုထားပါဘူး။

    ၆။ ပိုးမွှားကင်းစင်ဆေးရည်

    ပိုးမွှား ကင်းစင်ဆေးရည်တွေကို မီးဖိုချောင်တွေနဲ့ အိမ်တွင်းရေး နေရာတွေမှာ ပဲ အသုံးပြုကြတာပါ။ ဒါပေမဲ့ အရင်ခေတ်တုန်းက အမျိုးသမီးတွေဟာ သန္ဓေတားဖို့အတွက် ဒီဆေးရည်တွေကို သူတို့ရဲ့ သားဖွားလမ်းကြောင်းမှာ အသုံးပြုခဲ့ကြဖူးပါတယ်။ ဒီဆေးရည်တွေကို ၁၈၀၀ ခုနှစ်တစ်ဝိုက်လောက်က ခန္ဓါကိုယ်သန့်ရှင်းစေရန်နဲ့ ခံတွင်းနံ့ ပျောက်ကင်းစေဖို့ အတွက်ပါ အသုံးပြုခဲ့ကြဖူးပါတယ်။ ၁၈၇၃ ခုနှစ် အမေရိကန်နိုင်ငံ Comstock ဥပေဒဟာ နောက်ပိုင်းမှာ ဒီဆေးရည်တွေကို သန္ဓေဖျက်ချရန်အတွက် အသုံး မပြုကြဖို့ တားမြစ်ခဲ့ပါတယ်။ သန္ဓေတားဖို့အတွက် တရားဝင်အသုံးပြုလို့မရတဲ့အခါ အမျိုးသမီးတွေဟာ ဒီဆေးရည်ကို အမျိုးသမီးကိုယ်ကျန်းမာရေးပစ္စည်း အဖြစ် အသုံးပြုခဲ့ကြပါတယ်။ Great Depression လို့ခေါ်တဲ့ ၁၉၃၀ ခုနှစ်တစ်ဝိုက်မှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဒီဆေးရည်တွေကို သန္ဓေတားဆေး အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဆေးရည်တွေဟာ အမျိုးသမီးကိုယ် ယောင်ယမ်းခြင်းနဲ့ အသားကိုလောင်စေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေဆို ဒီဆေးရည်ကို သန္ဓေတားဖို့အတွက် အသုံးပြုကြရင်း သေဆုံးခဲ့ကြတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

    ၇။ မှော်အသုံးအဆောင်တွေ

    အလယ်ခေတ်လောက်က သန္ဓေတားဖို့အတွက် မှော်ဂါထာတွေနဲ့ ဆေးရည်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။ လူအများစုဟာ လားရဲ့ နားဖာချေးနဲ့ လိမ်းကျံထားတဲ့ အဆောင်တွေ၊ ဖျံမျိုးရင်း သတ္တဝါတစ်မျိုးရဲ့ ဝှေးစေ့တွေနဲ့ ကြောင်အနက်ရဲ့ ညာဘက်က နံရိုးစသဖြင့် မှော်နည်းလမ်းဆိုင်ရာ အဆောင်အယောင်တွေကို သန္ဓေတားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

    ၈။ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးရတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများ

    သုတ်မဝင်အောင် တားဆီးပေးနိုင်တဲ့ ရာဘာပစ္စည်းတွေ မပေါ်ခင်က အမျိုးသမီး တစ်ချို့ဟာ သုတ်တားဆီးရေး အထိန်းအကာတွေ အဖြစ် ထူးထူးဆန်းဆန်းပစ္စည်းတွေကို အသုံးပြုခဲ့ကြပါတယ်။

    • ရှေးအိန္ဒိယအမျိုးသမီးများနဲ့ ဂရိအမျိုးသမီးများဟာ ခွန်းအားကြီးတဲ့ သတ္တဝါတွေ ဖြစ်တဲ့ မိကျောင်းနဲ့ ဆင်တွေရဲ့ မစင်ကို သုတ်အတားအဆီးအဖြစ် အသုံးပြုခဲ့ကြဖူးပါတယ်။ ဒီမစင်တွေရဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှုကြောင့် ဒီပစ္စည်းတွေကလည်း သုတ်တားပစ္စည်းတွေ အဖြစ် တကယ် အလုပ်ဖြစ်ခဲ့ပါတယ်။
    • အာဖရိက လူမျိုးတွေကတော့ စဉ်းထားတဲ့ မြက်ပင်တွေနဲ့ အဝတ်စတွေကို သုတ်တားဆီးဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
    • ဂျပန် ပြည်တန်ဆာများကတော့ ဝါး စက္ကူပါးလက်သုတ်ပုဝါတွေကို သုတ်တားဆီးဖို့အတွက် အသုံးပြုကြပါတယ်။
    • ရှေးအစ္စလာမ်နဲ့ ဂရိအမျိုးသမီးတွေကတော့ ဝါဂွမ်းစတွေကို သုံးပြီး သန္ဓေတားခဲ့ကြပါတယ်။
    • ကျွန်များကတော့ အဝတ်စုတ်တွေကို အသုံးပြုခဲ့ကြပါတယ်။
    • ဂျူးအမျိုးသမီးတွေကတော့ ပင်လယ်ရေမြုပ်ကို ဝါဂွမ်းနဲ့ တွဲပြီး သန္ဓေတားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

    ၉။ သံပုရာသီး

    ၁၇၂၅ ခုနှစ်မှာ မွေးဖွားတဲ့ အီတလီစာရေးဆရာ ဂျီယာကိုမို ကာဆာနိုဗာ (Giacomo Casanova) ဟာ သူ့ရဲ့ ချစ်သူ မိန်းကလေးတွေကို သံပရာသီး အပိုင်းတွေ အသုံးပြုပြီး သန္ဓေတားဖို့တောင်းဆိုခဲ့ကြောင်းမှတ်တမ်းများအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သံပုရာသီးတွေရဲ့ များပြားလှတဲ့ အက်ဆစ်ပမာဏက သုတ်ကောင်တွေကို သေစေနိုင်လို့ပါ။

    ၁၁။ အီဂျစ် သန္ဓေတားနည်း

    အီဂျစ်တွေရဲ့ သန္ဓေတားနည်းတစ်မျိုးကို လွန်ခဲ့တဲ့ BC 1550 ခုနှစ်ခန့်က ပါပါယပ်စ် ကျူစက္ကူပေါ်မှာ ရေးသားထားတာ ရှိပါတယ်။ ဒီဆေးနည်းမှာ သန္ဓေတားဖို့အတွက် ဝါဂွမ်း အတောင့်တစ်မျိုးကို ပျားရည်တို့နဲ့စိမ်ပြီး မိန်းမ ကိုယ်လမ်းကြောင်းထဲ ထည့်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့တာပါ။

    ၁၂။ သစ်သားတုံးများ

    အခုလို ထူးထူးဆန်းဆန်းသန္ဓေတားနည်းတွေ ဖတ်ရတော့ စာဖတ်သူတွေလည်း နည်းနည်းတော့ လန့်နေလောက်ပြီပေါ့။ ဒါတင်မကသေးပါဘူး။ ရှေးခေတ်က အမျိုးသမီးတွေဟာ သန္ဓေတားဖို့အတွက် သစ်သားတုံးတွေကိုပါ မိန်းမကိုယ်ထဲ ထည့်ကာ အသုံးပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို သစ်သားထည့်ပြီး သန္ဓေတားခြင်းဟာ နှိပ်စက်နည်း တစ်မျိုး ဖြစ်တယ်လို့ဆိုကာ ၁၉၃၀ တစ်ဝိုက်က အမေရိကန်နိုင်ငံမှာ တားမြစ်ခဲ့ရပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement