backup og meta

ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစား ဆက်စပ်မှု ရှိသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစား ဆက်စပ်မှု ရှိသလား

    လိင်တံအရွယ်အစားဆိုတာဟာ အမျိုးသားတွေကြားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆွေးနွေးစရာ တခု ဖြစ်ပါတယ်။ ဒါဟာ ယောက်ျားပီသမှု၊လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတခုအဖြစ် အဓိက ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမယ့် လေ့လာချက်အသစ်တခုအရတော့ လိင်တံအရွယ်အစားဟာ ဒီထက်အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

    ယေဘုယျအားဖြင့် အမျိုးသားတဦးရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်ချေ ရှိမရှိ)ကို အတိအကျ သိဖို့ဆိုရင် သုတ်ကောင်တွေရဲ့ အရေအတွက်၊အရည်အသွေး စတာတွေကို ဓါတ်ခွဲခန်းမှာ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် University of Utah က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ပျမ်းမျှ လိင်တံအရွယ်အစားထက် ပိုသေးတဲ့ အမျိုးသားတွေဟာ မျိုးအောင်နိုင်ချေနည်းတယ်လို့ သိရှိခဲ့ရပါတယ်။

    ဘယ်သူတွေကို လေ့လာခဲ့သလဲ

    ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆေးရုံဆေးခန်းတွေဆီ ရောက်လာခဲ့ကြတဲ့ အမျိုးသား ၈၁၅ ယောက်ဆီက စုဆောင်းကောက်ယူထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာပါ။ ဒီလို လေ့လာခဲ့ရာမှာတော့ ကလေးမရလို့ ဆေးခန်းရောက်လာသူတွေ ပါဝင်သလို မျိုးပွားခြင်းဆိုင်ရာ ပြဿနာတစုံတရာ မရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ အတိအကျပြောရရင် မျိုးမအောင်ခြင်း (ကလေးမရခြင်း) ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဆေးခန်းကို ရောက်လာသူ အမျိုးသား ၂၁၉ ဦးနဲ့ အခြားသော ပြဿနာတွေကြောင့် (ဥပမာ ပန်းသေပန်းညှိုးခြင်း၊ဝှေးစေ့နာကျင်ခြင်း) ဆေးခန်းရောက်လာသူ ၅၉၆ ဦး ဖြစ်ပါတယ်။

    ဘာတွေ တွေ့ရှိခဲ့သလဲ

    ဒီလို လေ့လာရာမှာ မျိုးမအောင်ခြင်း (ကလေးမရနိုင်ခြင်း) ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားဟာ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတစုံတရာ မရှိတဲ့ အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားထက် ယေဘုယျအားဖြင့် ဝ.၄ လက်မ ပိုတိုနေတာကို တွေ့ရှိခဲ့ရပါသတဲ့။ မျိုးမအောင်တဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ ပျမ်းမျှအားဖြင့် ၄.၉၂ လက်မ အရှည်ရှိပြီး မျိုးအောင်နိုင်စွမ်းရှိတဲ့ အမျိုးသားတွေရဲ့ လိင်တံကတော့ ပျမ်းမျှခြင်း ၅.၃ လက်မ အရှည်ရှိပါတယ်။ ဒီအတိုင်းအတာတွေကတော့ လိင်တံထောင်မတ်နေချိန်မှာ တိုင်းတာထားခြင်း ဖြစ်ပါတယ်။

    လိင်တံအရွယ်အစားနဲ့ မျိုးအောင်နိုင်စွမ်းကို ချိတ်ဆက်သုတေသနပြုခြင်းဟာ ဒါ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ သုတေသနပြုလုပ်ရာမှာ ပါဝင်သူဦးရေဟာလည်း (အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း) သိပ်များလှတယ် မဆိုနိုင်တာမို့ ဦးဦးတို၊ကိုကိုတို တို့အနေနဲ့ သိပ်ကြီးအလန့်တကြား ဖြစ်သွားဖို့ မလိုပါဘူး။ ကနဦး သုတေသန အဆင့်ပဲ ရှိပါသေးတယ်။ လိင်တံသေးတယ်၊တိုတယ် ဆိုတာနဲ့ ကလေးမရနိုင်တော့ဘူးလို့ ကံသေကံမ ဆိုလိုခြင်း မဟုတ်ပါဘူး။ လိင်တံတိုခြင်းဟာ ကပ္ပါယ်အိတ်ထဲ ဝှေးစေ့မဆင်းခြင်းကဲ့သို့သော အခြားသော မျိုးမအောင်နိုင်တဲ့ ပြဿနာတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဒါကြောင့် ထူးထူးခြားခြားကြီး လန့်သွားဖို့ မလိုပါဘူး။

    ဒါပေမယ့် လိင်တံတိုလေ မျိုးမအောင်ဖို့ ရာခိုင်နှုန်းများလေ ဖြစ်မလားဆိုတဲ့ အချက်ကိုလည်း ဆက်လက်သုတေသန ပြုရပါဦးမယ်။ ဒါပေမယ့် တဖက်က ပြန်တွေးရင်လည်း အမျိုးသားတွေအနေနဲ့ လိင်တံအတိုအရှည်ကိစ္စကို နဂိုကတည်းက သောကမျိုးစုံ ပွားနေခဲ့ကြ၊ဆေးဝါးမျိုးစုံ မှီဝဲနေကြနဲ့ အလုပ်ရှုပ်နေကြပြီးသားပါ။ ဒါကိုမှ ဗူးလေးရာ ဖရုံဆင့်ဆိုသလို လိင်တံတိုရင် ကလေးမရနိုင်ဘူးလို့ ပြောလိုက်ခြင်းဟာ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေကိုသာ ပေါ်ပေါက်လာစေနိုင်တယ်လို့ ဝေဖန်ကြတဲ့ ပညာရှင်တွေလည်း ရှိနေပါတယ်။ အထက်မှာ ပြောခဲ့ပြီးသလို ဒီလေ့လာချက်ဟာ ကနဦးအဆင့်သာ ရှိသေးတာမို့ လိင်တံအတိုအရှည်နဲ့ ကလေးရနိုင်ချေ တိုက်ရိုက်ဆက်စပ်နေတယ်လို့ တထစ်ချကြီး ယူဆထားဖို့ မလိုသေးပါဘူး။ ဒါပေမယ့် သင့်အရွယ်အစားကို သင် စိတ်ကျေနပ်ခြင်း မရှိဘူး၊ကလေးမရမှာကို စိုးရိမ်တယ် စတဲ့ ပူပန်မှုတွေ ရှိနေရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ သွားရောက်ပြသတိုင်ပင်သင့်ပါတယ်။ အရက်သေစာ ရှောင်ကျဉ်ခြင်း၊သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပေးခြင်း၊သင့်အသက်အရွက်၊အရပ်အမောင်းနဲ့ လိုက်လျောညီထွေရှိမယ့် ကိုယ်အလေးချိန်ကို ထိန်းထားခြင်း စတဲ့အချက်တွေဟာ သင့်ခန္ဓါကိုယ်ထဲက သုတ်ကောင်လေးတွေရဲ့ အရေအတွက်ရော၊အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်တဲ့အတွက် မျိုးအောင်နိုင်ချေ ပိုများလာပါလိမ့်မယ် ဆိုတဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement