backup og meta

သင့်မှာ ခံတွင်းနံ့ဆိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက် (၇)ချက်


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ ခံတွင်းနံ့ဆိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက် (၇)ချက်

    ခံတွင်းအနံ့ဆိုး ထွက်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ထိခိုက်စေသလို အများအမြင်မှာလည်း အထင်သေးစရာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ၊ သွားတိုက်နည်း စနစ် မမှန်တာ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ ကိုယ်ပုံမှန်စားနေတဲ့ အစားအစာတွေကြောင့် ခံတွင်းအနံ့ဆိုး ဖြစ်နိုင်ပါတယ်။

    ခံတွင်းအနံ့ဆိုးတာရဲ့ နောက်ကွယ်မှာ ခံတွင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ၊ သွား အပေါ်ယံကြွေလွှာ ပျက်စီးတာ၊ သွားချေးတက်တာ (သွားကျောက်တည်တာ)၊ သွား အရောင်မှိန်လာတာ၊ သွားပိုးပေါက်ဖြစ်တာ၊ သွားပိုးစားတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ချစ်ရတဲ့သူ၊ ခင်မင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ၊ စကားပြောဆိုတဲ့အခါ ကိုယ့်ကိုယ်ကို ရှက်ရွံ့နေပြီး စိတ်မလုံသလို၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။

    တချို့လူတွေမှာတော့ ကိုယ် ခံတွင်းအနံ့ဆိုးတာကို သိနေပေမယ့် ကိုယ့်ကိုယ်ကို ခံတွင်းနံ့ဆိုး ရှိနေမှန်း မသိတဲ့ သူတွေလည်း အများကြီးပါပဲ။ ကိုယ့်မှာ ခံတွင်းအနံ့ဆိုးတွေ ရှိနေပြီလားဆိုတာ ဘယ်လိုအချက်တွေကို ကြည့်ပြီး သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ၁။ အိပ်ရာထစဉ် အနံ့ထွက်ခြင်း

    အိပ်ရာထတဲ့အခါမှာ ပုံမှန်အားဖြင့်တော့ ခံတွင်းအနံ့ အနည်းငယ်ထွက်နိုင်ပါတယ်။ ရေအသောက်နည်းတာ၊ အိပ်နေစဉ် ရေဓါတ်ခမ်းခြောက်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းအနံ့ဆိုး ရှိနေတဲ့သူတွေအတွက်တော့ ခံတွင်းအနံ့ဟာ ဆိုးဆိုးရွားရွား ထွက်လာနိုင်ပါတယ်။ သွားတိုက်ပြီးတဲ့အခါမှာလည်း ခဏလောက်ကြာတာနဲ့ နဂိုအတိုင်း အနံ့ထွက်လာပြီဆိုရင်တော့ သေချာနေပါပြီ။

    ၂။ ပါးစပ်မှာ မကြာခဏ အနာပေါက်ခြင်း

    အပူကန်နာလို့ လူတော်တော်များများ ခေါ်တတ်ကြတဲ့ ပါးစပ်အတွင်းက အဖြူရောင်အကွက်လေးတွေပဲ ဖြစ်ပါတယ်။ ပူလွန်း၊ အေးလွန်းတဲ့ အချိန်၊ မာလွန်းတဲ့ အစားအစာ သို့မဟုတ် သွားတိုက်မိရင်းကနေ သွားဖုံးကို ထိခိုက်မိတဲ့အခါ အနာပေါက်နိုင်ပါတယ်။ အကြောင်းရင်းမရှိပဲ မကြာခဏ ခံတွင်း၊ လျှာနဲ့ လည်ချောင်းမှာ မကြာခဏ အနာပေါက်နေပြီဆိုရင်တော့ ဒါဟာ ခံတွင်းအနံ့ဆိုး ရှိတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

    ၃။ အစားအစာ စားပြီးတဲ့အခါတိုင်း အနံ့ပြင်းပြင်းကျန်ခဲ့ခြင်း

    ပုံမှန်အားဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ချောကလက်၊ ကော်ဖီ အစရှိတဲ့ အစားအစာတွေ စားပြီး သောက်ပြီးတဲ့အခါ ခံတွင်းက အနံ့ထွက်လာနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်မို့ မထူးဆန်းတော့ပေမယ့် အစာစားပြီး ပလုတ်ကျင်း၊ ခံတွင်းသန့်ရှင်းပြီးတဲ့အခါမှာတောင် ခံတွင်းအနံ့ဆိုး ကျန်နေသေးတယ်၊ ပျောက်မသွားဘူးဆိုရင် ခံတွင်းအနံ့ဆိုး ရှိတာ သေချာနေပါပြီ။

    ၄။ ပါးစပ်ထဲမှာ မကောင်းတဲ့ အရသာ ရနေတာ

    ခံတွင်းအနံ့အသက်ဟာ ပါးစပ်ထဲမှာ ရှိနေတဲ့ တံတွေးကိုပါ သက်ရောက်နေပါတယ်။ ခံတွင်းအနံ့ဆိုး ရှိတဲ့သူတွေမှာ အနံ့ပြင်းတဲ့ တံတွေးတွေ အရသာခံမိတာ၊ အစာစားနေစဉ်မှာ မကောင်းတဲ့ အနံ့အသက်၊ အရသာမျိုး ခံစားမိတာ ဖြစ်နိုင်ပါတယ်။

    ၅။ လက်ကောက်ဝတ်ဖြင့် စမ်းသပ်ခြင်း

    လက်ကောက်ဝတ်အတွင်းဘက်ကို လျှာနဲ့ အရင်လျက်ကြည့်ပါ။ တစ်မိနစ်လောက် အခြောက်ခံထားပြီး အနံ့ခံကြည့်လို့ မကောင်းတဲ့ အနံ့အသက်မျိုး ထွက်နေပြီဆိုရင် ကိုယ့်မှာ ခံတွင်းအနံ့ဆိုး ရှိနေတာ သေချာပါတယ်။ လူတော်တော်များများကတော့ ခံတွင်း နံ၊ မနံ သိချင်ရင် ပါးစပ်ကို လက်နဲ့ အုပ်ပြီး၊ ပါးစပ်ကနေ အသက်ရှူထုတ်ပြီး ထွက်လာတဲ့ လေကို ရှူရှိုက်တတ်ပါတယ်။ ဒီနည်းလမ်းထက်စာရင် လက်ကောက်ဝတ်နဲ့ စမ်းသပ်တဲ့ နည်းလမ်းကို အသုံးပြုတာ ပိုကောင်းပါတယ်။

    ၆။ ကိုယ် စကားပြောနေချိန် တစ်ဖက်သားလူ မျက်နှာမကောင်းတာ

    ကိုယ်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေရတဲ့အခါ ကိုယ့်ဆီက ခံတွင်းအနံ့ဆိုးတွေက တစ်ဖက်သားလူရဲ့ နှာခေါင်းတည့်တည့်ကို တန်းရောက်ပါတယ်။ ဒီအခါမှာ မျက်နှာမကောင်းတာ၊ နှာခေါင်းပိတ်သလို လုပ်တာ၊ မျက်စိမျက်နာ ပျက်နေတာ၊ ရှောင်ထွက်သွားတာမျိုး၊ ကိုယ့်နဲ့ ဝေးရာမှာ စကားပြောတာ အစရှိတဲ့ လက္ခဏာတွေဟာ ကိုယ့်မှာ ခံတွင်းအနံ့ဆိုးရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

    ၇။ မှန်ကြည့်လိုက်တဲ့အခါ

    လူတော်တော်များများ မှန်ကြည့်တဲ့အခါ ခံတွင်းကို သေချာကြည့်ဖို့ မေ့တတ်ပါတယ်။ မနက်ပိုင်း သွားတိုက်ပြီးနောက် မှန်ထဲမှာ လျှာထုတ်ကြည့်လိုက်လို့ ကိုယ့်ရဲ့ လျှာပေါ်မှာ အဖြူရောင်အရိအချွဲတွေ ဖုံးနေမယ်၊ သွားပတ်လည်မှာ အဝါရောင် ကျောက်တွေ(သွားချေး) ကပ်နေတာမျိုးတွေ့ရပြီဆိုရင် ကိုယ့်မှာ ခံတွင်းအနံ့ဆိုး ရှိနေတယ်ဆိုတာ သိနိုင်ပါပြီ။

    ခံတွင်းအနံ့ဆိုးခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ ကိုယ့်မှာ ခံတွင်းအနံ့အသက်တွေ ရှိနေတာသေချာသွားပြီဆိုရင်တော့ သွားဆရာဝန်နဲ့သေချာပြသကြည့်လို့ ရပါတယ်။

    ခံတွင်းအနံ့ဆိုးခြင်းဟာ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်နဲ့ စကားပြောတဲ့ သူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တယ်။ ကြာလာတဲ့အခါ စကားပြောရမှာ မဝံ့ရဲတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတာအစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အပြင် သွားအရောင်ဝါလာတာ၊ သွားပိုးစားတာ၊ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၂ကြိမ် ပုံမှန်သွားတိုက်ပြီး၊ သွားပွတ်ကြိုးကိုပါ အသုံးပြုပေးပါ။ ၆လ သို့မဟုတ် တစ်နှစ် တစ်ကြိမ် သွားဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ ခံတွင်းကို သေချာစစ်ဆေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement