backup og meta

အရွယ်ရောက်ပြီး သူတွေအနေနဲ့ သွားမှာ စတီးကြိုး တပ်သင့်မတပ်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်ရောက်ပြီး သူတွေအနေနဲ့ သွားမှာ စတီးကြိုး တပ်သင့်မတပ်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲ

    သွားမှာတပ်တဲ့စတီးကြိုးလို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံတွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီသွားစတီးကြိုးတွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း သွားမှာစတီးကြိုးတပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွားမှာတပ်တဲ့ စတီးကြိုးကိုအသုံးပြုကြတာလဲ။

    ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။

    လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း ထပ်ပြီးပေါက်နေတာမျိုး ဖြစ်လေ့ရှိကြပေမယ့် အဲ့ဒီအချိန်တုန်းက မိဘက မတတ်နိုင်တဲ့အတွက် စတီးကြိုးတွေကို မတပ်ခဲ့ရပါဘူး။ အရွယ်ရောက်လာလို့ အလုပ်လုပ်ပြီ၊ ပိုက်ဆံရှာနိုင်ပြီဆိုတဲ့အချိန်မှာ ထပ်နေတဲ့သွားလေးတွေကို ပြုပြင်ချင်စိတ်ပေါ်လာလေ့ရှိကြပါတယ်။ ပိုကောင်းတဲ့ ပိုလှတဲ့အပြုံးလေး ဒါမှမဟုတ် အလုပ်အကိုင်အသစ်အတွက်ပေါ့။

    လူအချို့အနေနဲ့ ဒါဟာ လုပ်သင့်တယ်၊ ထိုက်တန်တယ်လို့ယူဆကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရတာ၊ နေရာတာတမျိုးကြီး ဖြစ်ကောင်းဖြစ်နေမယ်၊ သွားဆရာဝန်ဆီ ခဏခဏသွားဖို့ လိုကောင်းလိုလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ နှစ်အနည်းငယ်အတွင်းမှာ အရာထင်လာပါလိမ့်မယ်။ တစ်သက်တာ အသာစံဖို့ခဏတာအနာခံရတာလို့သူတို့အနေနဲ့ ပြောလေ့ရှိကြပါတယ်။

    မကောင်းတဲ့အချက်တွေ

    သွားမှာစတီးကြိုးတွေတပ်တာဟာသင့်သွားတွေအတွက်ကောင်းတယ်၊ အကျိုးရှိတယ်ဆိုပေမယ့် ငယ်တုန်းရွယ်တုန်းလုပ်ရင်တော့ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ငယ်တဲ့အချိန်မှာ ခန္ဓါကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း၊ ပုံမှန်ပြန်ဖြစ်နိုင်စွမ်းက ပိုမြန်၊ပိုကောင်းလို့ ဖြစ်ပါတယ်။

    ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ပါ။

    သွားကျဲနေတာတွေကို စေ့အောင်လုပ်ပေးတာ ဒါမှမဟုတ် ထပ်နေတဲ့သွားတွေကိုချဲပြီး ဖြောင့်အောင်လုပ်ပေးတာ စတဲ့အချက်တွေကို စတီးကြိုးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် စတီးကြိုးတပ်ပြီးတဲ့အခါ သင့်အနေနဲ့လိုက်နာဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။

    သင့်မှာ လောလောဆယ်သွားဖုံး ဒါမှမဟုတ် သွားနဲ့ပတ်သက်တဲ့ရောဂါတစ်ခု ဖြစ်နေတယ်ဆိုရင် စတီးကြိုးမတပ်ခင် အဆိုပါရောဂါကို အရင်ကုရမှာ ဖြစ်ပါတယ်။ သင့်သွား ဒါမှမဟုတ် သွားဖုံးတွေအနေနှဲ့စတီးကြိုးကာလကြာမြင့်စွာတပ်ထားတာကို ခံနိုင်ရည်ရှိပါစေ။ အစားအသောက်ကိုလည်း ဆင်ခြင်ဖို့လိုအပ်မှာဖြစ်ပြီး စေးကပ်တဲ့၊ မာတဲ့အစာတွေမှန်သမျှ ဘာမှမစားရပါဘူး။ စတီးကြိုးကို ပြတ်သွားစေနိုင်တဲ့အတွက် ရေခဲတုံးဝါးစားတာမျိုးတောင် မလုပ်ရပါဘူး။ စတီးကြိုးတပ်ထားရင် သွားတိုက်တဲ့အခါ ဒါမှမဟုတ် သွားကိုကြိုးနဲ့ရှင်းတာမျိုးတွေလုပ်တဲ့အခါ ပိုပြီးလက်ဝင်တဲ့အတွက် ဒါတွေလုပ်ဖို့အချိန်ကိုပိုပေးထားရမှာ ဖြစ်ပါတယ်။ သွားပေါ်မှာ ဘာမှကပ်တင်ပြီး ကျန်မနေစေရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကျန်နေခဲ့ရင် သွားကိုရော စတီးကြိုးကိုပါ ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

    သွားဆရာဝန်နဲ့မှန်မှန်ပြဖို့ကြိုတင်ပြီးအစီအစဉ်ဆွဲပါ။ တစ်လတခါပုံမှန်ပြဖို့ (လိုအပ်ရင် တစ်ပတ်တခါ ပြဖို့) အချိန်မရရအောင်ယူပါ။ သင့်အနေနဲ့ဘယ်လောက်ပဲအလုပ်များနေပါစေ၊ သွားမှာစတီးကြိုးတပ်ထားစဉ်ကာလတစ်လျှောက်လုံး သွားဆရာဝန်ခေါ်တဲ့ရက်ချိန်းတိုင်းကို မပျက်မကွက်ဘဲမှ န်မှန်သွားရောက်ရပါမယ်။ သင့်အခြေအနေနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး သွားဆရာဝန်အနေနဲ့အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မယ်။

    တချို့တွေက သွားကိုထောက်ထားတဲ့အရာလေးတွေနဲ့ဝိုင်ယာကြိုးလေးတွေလိုအပ်မှာဖြစ်ပြီး တချို့တွေကတော့ အလှအပကိုပိုပြီးဦးစားပေးပါလိမ့်မယ်။ ပုံမှန်စတီးကြိုး၊ သတ္တုကြိုး၊ အစွပ်လေးတွေ၊ အံကပ်အကြည်လေးတွေစသဖြင့် ပုံစံအမျိုးမျိုးကွဲပြားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement