backup og meta

သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

    သွားတိုက်တံ လေးတွေဟာ ကျွန်ုပ်တို့ရဲ့ သွားကို ကျန်းမာအောင် နေ့စဉ်ကူညီဆောင်ရွက်ပေးနေတဲ့ အရေးကြီးပစ္စည်းလေးတွေဖြစ်ပါတယ်။ သွားနဲ့ သွားကြားထဲက အညစ်အကြေးတွေ၊ အစာအကြွင်းအကျန်တွေနဲ့ ပိုးမွှားတွေကို တိုက်ထုတ်ဖယ်ရှားပေးဖို့ သွားတိုက်ဆေးလေးတွေနဲ့ ပူးပေါင်းပြီး ကူညီပေးနေတဲ့ လက်နက်လေးလို့လည်း ဆိုလို့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် နေ့စဉ်သွားတိုက်ပြီးတဲ့အခါမှာ သွားတိုက်တံလေးကို သန့်စင်အောင်၊ ပိုးမွှားကင်းစင်အောင် ထိန်းသိမ်းပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ သွားကျန်းမာရေးအတွက် သွားပွတ်တံလေးတွေကို ဘယ်လို ထိန်းသိမ်းဂရုစိုက်ကြမလဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

    ဘာ့ကြောင့် သွားတိုတ်တံ ကို သန့်ရှင်းအောင်ထားဖို့ လိုအပ်သလဲ။

    အရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း သွားတိုက်လိုက်တဲ့အခါ ကျွန်ုပ်တို့ဆီက ပိုးမွှားတွေ၊ အညစ်အကြေးတွေဟာ သွားပွတ်တံလေးဆီကို ပါသွားပြီး သေချာသန့်ရှင်းရေးမလုပ်ခဲ့မိရင် အဲဒီ ပိုးမွှားတွေ၊ အကြွင်းအကျန်တွေဟာ သွားတိုက်တံရဲ့ အမျှင်လေးတွေကြားထဲမှာ ကျန်ရှိနေကြပါတယ်။ ဒါ့အပြင် သွားတိုက်တံကို ထားတဲ့ နေရာ၊ သိမ်းဆည်းပုံတွေ မမှန်ကန်ရင်လည်း ပိုးမွှားတွေ ကပ်တွယ်နေနိုင်၊ ပေါက်ဖွားလာနိုင်တဲ့အတွက် နောက်တစ်ကြိမ် အဲဒီသွားတိုက်တံကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေပါတယ်။ ဒါ့ကြောင့် သွားတစ်ခါတိုက်ပြီးတိုင်း တစ်ခါ သွားပွတ်တံလေးတွေကိုလည်း ဂရုတစိုက် သန့်စင်ပေးဖို့၊ သေသေချာချာ သိမ်းဆည်းထားရှိဖို့ လိုအပ်ပါတယ်။

    သွားတိုတ်တံ လေးတွေကို ပိုးမွှားကင်းစင် သန့်ရှင်းနေအောင် အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးသင့်ပါတယ်။

    ၁။ ရေနွေးပူနဲ့ ဆေးပေးပါ။

    သွားတိုက်ပြီးတိုင်းမှာ သွားပွတ်တံလေးအပေါ်ကို အငွေ့ထွက်လောက်အောင် ဆူပြီးသား ရေပူနဲ့ လောင်းချဆေးကြောပေးသင့်ပါတယ်။ ရေပူက ပိုးမွှားတွေကို သေစေနိုင်တဲ့အတွက် အသုံးပြုပြီးတိုင်းမှာ ဆေးပေးဖို့ မမေ့ကြပါနဲ့နော်။ သွားပွတ်တံကို ရေနွေးနဲ့ အကြာကြီးစိမ်ထားစရာ၊ ရေနွေးထဲထည့်ပြုတ်စရာ မလိုပါဘူး။ အဲလိုလုပ်မယ်ဆိုရင် အချို့ကော်နဲ့လုပ်ထားတဲ့ သွားတိုက်တံနေရာလေးတွေ ပျော်ပြီးပျက်စီးသွားနိုင်တာကြောင့် အပေါ်ကနေ ရေပူနဲ့ လောင်းချပြီးပဲ ဆေးပေးနိုင်ပါတယ်။ သွားမတိုက်ခင်၊ သွားတိုက်ဆေး မထည့်ခင်မှာလည်း အဲဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

    ၂။ ပိုးသတ်ဆေးပါတဲ့ ပလုပ်ကျင်းဆေးရည်နဲ့ စိမ်ထားပါ။

    တစ်ခါတစ်လေမှာ ရေပူနဲ့ဆေးတာက ပိုးမွှားတွေအားလုံးကို မရှင်းပစ်နိုင်ပါဘူး။ ဒါ့ကြောင့် ပိုးသတ်ဆေးပါတဲ့ ပလုပ်ကျင်းဆေးရည်ထဲမှာ ၂ မိနစ်လောက်စိမ်ထားပြီး မကြာခဏ သန့်စင်ပေးသင့်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက သွားပွတ်တံကို ပုံမှန်ထက်ပိုပြီး ပျက်စီးစေနိုင်တဲ့အတွက် ခဏခဏသုံးဖို့ မသင့်တော်ပါဘူး။ ဒါ့အပြင် ပိုးသတ်ဆေးပါတဲ့ သွားထိန်းကိရိယာတွေ ဆေးကြောနိုင်တဲ့ ဆေးရည်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    ၃။ Hydrogen peroxide ဆေးရည်ထည့်ထားတဲ့ ဘူးလေးနဲ့ သိမ်းဆည်းပါ။

    သွားပွတ်တံလေးတွေကို ဆေးကြောပြီးတဲ့အခါ သိမ်းဆည်းတဲ့ ပုံစံနဲ့ နည်းလမ်းတွေကလည်း အရေးကြီးပါတယ်။ ပိုးမွှားတွေ ပေါက်ဖွားတာကို အကောင်းဆုံးကာကွယ်နိုင်ဖို့အတွက် သိမ်းဆည်းနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ hydrogen peroxide ဆေးရည်ထည့်ထားတဲ့ ဘူးလေးမှာ စိမ်ပြီးသိမ်းထားတဲ့ နည်းလေးဖြစ်ပါတယ်။ အဲဒီလို သိမ်းထားမယ်ဆိုရင်တော့ အရေးကြီးဆုံးအချက်က ဆေးရည်ကို တစ်နေ့တစ်ခါ ပုံမှန်သွန်ပြီး အသစ်လဲပေးဖို့ပါ။

    ၄။ အခြား သွားတိုက်တံ တွေနဲ့ ဘေးချင်းကပ်ပြီးမထားမိအောင် သတိပြုပါ။

    ကပ်ရပ်ထားမယ်ဆိုရင် ပိုးမွှားတွေ ထိကပ်ပြီး ကူးလာနိုင်ခြေအရမ်းများတာကြောင့် အနည်းဆုံး ၃-၄ လက်မလောက်ခွာပြီး သိမ်းဆည်းသင့်ပါတယ်။

    ၅။ သွားပွတ်တံကို အဖုံးပါတဲ့ ဘူးလေးတွေ အစွပ်လေးတွေ အသုံးပြုပြီးသိမ်းဆည်းပါ။

    ဒီနည်းလမ်းက ပိုးမွှားတွေရန်ကနေလည်း ကာကွယ်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ အစွပ်လေးတွေနဲ့ ဘူးလေးတွေကိုလည်း တစ်ပတ်(သို့) နှစ်ပတ်တစ်ခါလောက်ဆေးကြော သန့်စင်ပေးဖို့ လိုအပ်ပါတယ်။

    ၆။ အိမ်သာနဲ့ ဝေးတဲ့နေရာမှာ သိမ်းပါ။

    မစင်ကလာတဲ့ ပိုးမွှားတွေကြောင့် အိမ်သာ ပတ်ဝန်းကျင်နဲ့ ရေချိုးခန်းတွေမှာ ပိုးမွှားတွေများပြီး အဲလိုနေရာတွေမှာ သိမ်းမယ်ဆိုရင် ဘူးလေးတွေနဲ့ လုံလုံခြုံခြုံ ဖြစ်အောင်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီနေရာတွေနဲ့ အဝေးမှာ သိမ်းဆည်းသင့်ပါတယ်။

    ၇။ သွားတိုတ်တံ တွေကို ပုံမှန်လေးလဲပေးပါ။

    ပုံမှန်အားဖြင့်တော့ သွားတိုက်တံတစ်ချောင်းကို ၃လထက်ပိုပြီး မသုံးသင့်ပါဘူး။ ဆိုလိုတာကတော့ ၃-၄ လနေရင်တော့ သွားတိုက်တံက ကောင်းနေတဲ့ ပုံပေါက်ရင်တောင် အသစ်လဲဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သွားပွတ်တံ အမျှင်လေးတွေ ကွေးပြီး ပျက်စီးလာတဲ့အခါ၊ သွားကြားတွေကို ကောင်းကောင်း မသန့်ရှင်းပေးနိုင်တော့တဲ့အခါ၊ မိမိသွားတိုက်တံကို အခြားသူတစ်ယောက်ယောက်က သုံးမိလိုက်တဲ့အခါမျိုးမှာတော့ ၃လ ပြည့်ပြည့်၊ မပြည့်ပြည့် အသစ်လဲသင့်ပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ သွားကျန်းမာရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ သွားတိုက်တံလေးတွေကို မမေ့မလျော့ သန့်စင်ပေးကြပြီး တောက်ပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်နိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။

    ရေးသားသူ –  Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement