backup og meta

ဘာလို့ သင့်ကိုလူတွေ မခင်ကြတော့တာလဲ


Ye Zon Aung မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ သင့်ကိုလူတွေ မခင်ကြတော့တာလဲ

    တစ်ခါတစ်လေကျရင် ကိုယ့်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း နည်းပါးနေတယ်လို့ ခံစားမိတာမျိုးရှိလား။ ကိုယ့်ပတ်ဝန်းကျင်မှာ ခင်မင်ရင်းနှီးရသူတွေ ရှိမနေဘူးလို့ ခံစားလာရပြီလား

    လူရယ်လို့ဖြစ်လာရင် အပေါင်းအသင်းမိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ မိသားစုပြီးရင် ကိုယ်နဲ့ အရင်းနှီးဆုံး ပတ်ဝန်းကျင်တစ်ခုလို့ တင်စားကြပါရဲ့။

    ဒါပေမယ့် ကိုယ့်မှာတော့ ပတ်ဝန်းကျင်မှာ ဘာသူငယ်ချင်း ဘယ်လိုမိတ်ဆွေမှ မရှိနေဘူးဆိုရင် သင့်ရဲ့ အခြေအနေကို သင်ကိုယ်တိုင် ပြန်လည်စဉ်းစားဖို့ လိုအပ်လာပါပြီ။

    သင်ဘာတွေ အားနည်းနေလဲ။ ဘယ်လို အကျင့်စရိုက်တွေရှိနေလို့ သင့်ကို လူတွေက မခင်မင်ကြတော့တာလဲဆိုတာကိုပေါ့။

    အောက်မှာဖော်ပြထားတဲ့အချက်တွေထဲက ဘယ်အချက်တွေနဲ့များ ကိုက်ညီနေလို့ သင့်ကို မိတ်ဆွေတွေက မခင်ကြတော့တာလဲဆိုတာကို ဆန်းစစ်ကြည့်ပါဦး။

    • ၁။ ပေါင်းသင်းဆက်ဆံရခက်ခဲလို့ – သူငယ်ချင်းတွေက သင်နဲ့ ခင်ခင်မင်မင် ပြောဆိုဆက်ဆံချင်ကြတယ်။ သွားလာလည်ပတ် စားသောက်ချင်ကြတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးတွေဆိုရင် ရှောင်လွှဲနေတာမျိုး၊ ခဏခဏပျက်ကွက်နေတာမျိုးတွေ လုပ်မိနေရင် သင့်ကို ဘယ်သူမှ ပေါင်းသင်းချင်ကြတော့မှာမဟုတ်ပါဘူး။
    • ၂။ မကောင်းမြင်တတ်လွန်းလို့ – လူတကာကို အပြစ်မြင်တတ်နေရင် လူတွေက သင့်ကို သဘောကျကြမှာမဟုတ်ပါဘူး။ ခင်လို့မင်လို့ အကြံပေးတာပြဿနာမဟုတ်ပေမယ့် လူတိုင်းကို လိုက်ဝေဖန်နေရင်တော့ သင့်ကို လူတွေက ရှောင်ဖယ်လာကြပါလိမ့်မယ်။
    • ၃။ ပျင်းရိဖွယ်လူမျိုးဖြစ်နေလို့ – မရီရတဲ့ ဟာသတွေကိုပဲ ထပ်ခါထပ်ခါပြောနေတတ်တာမျိုး၊ ဘယ်သူနဲ့မဆို ပျင်းရိငြီးငွေ့ဖွယ် အပြုအမူမျိုးတွေနဲ့ပဲ ဆက်ဆံနေမိတဲ့သူမျိုးဖြစ်နေပြီလား ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။
    • ၄။ တစ်ကိုယ်ကောင်းဆန်လွန်းလို့ – သူတစ်ဖက်သားအတွက် ဘယ်တော့မှ မစဉ်းစားပေးပဲ တစ်ကိုယ်ကောင်းဆန်လွန်းနေတယ်ဆိုရင်လည်း သင်ဟာ လူတကာရှောင်ဖယ်တာခံရပါလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာ အပြန်အလှန် ကူညီဖေးမပေးဖို့ လိုအပ်ပါတယ်။
    • ၅။ လူမှုရေးနားမလည်လို့ – တချို့တွေက အရိပ် သုံးပါး နားမလည်ပဲ ပြောချင်ရစွတ်ပြောတတ်ပါတယ်။ ဒီလို အမူအကျင့်မျိုးတွေရှိနေရင်လည်း သင့်ကို လူတွေက သဘောကျကြမှာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးဆိုတာ အကင်းပါးဖို့၊ နားလည်မှုရှိဖို့လည်း လိုတယ်လေ။
    • ၆။ အချိန်တိုင်း အော်ကြီးဟစ်ကျယ်နေတတ်လို့ – တချို့က ကျယ်ကျယ်လောင်လောင်ကြီး ရယ်မောတာမျိုး၊ ဘယ်အခြေအနေမှာမဆို အော်ဟစ်ဆူညံနေတတ်တာမျိုးက ဝသီလိုဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဒီအကျင့်မျိုးက တစ်ဘက်သားကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားဖို့ လိုပါမယ်။
    • ၇။ ဘယ်သူ့ကိုမှ မယုံလို့ – တချို့လူတွေက မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အလိုလိုနေရင်း မယုံမကြည်ဖြစ်နေတတ်ပါတယ်။ ဒီလို စိတ်မျိုးရှိနေရင် သူနဲ့ ခင်မင်ရင်းနှီးသူတွေမှာလည်း စိတ်အနှောင့်အယှက်ဖြစ်ကြရတာမို့ အပေါင်းအသင်းလုပ်ချင်သူနည်းလာပါလိမ့်မယ်။
    • ၈။ အပျင်းကြီးလို့ – တစ်ခုခုဆိုရင် လေးဖင့်နှေးကန်နေပြီး ဘာကိုမှ တက်တက်ကြွကြွမရှိ ရေသာခို အချောင်လိုက်နေမယ်ဆိုရင် သင့်ကို ဘယ်သူမှ ခင်ချင်တော့မှာမဟုတ်ဘူး။
    • ၉။ စိတ်ထားမကောင်းလို့ – ကိုယ်က တစ်ဖက်သားအပေါ်မှာ တကယ်စိတ်ရင်းမှန်နဲ့ ရိုးရိုးသားသား ခင်မင်နေတာဟုတ်ရဲ့လား ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ကိုယ်ကိုယ်က အကျိုးကျေးဇူးတစ်စုံတစ်ရာ အလိုရှိလို့၊ နောက်ကျောကနေ ဓားနဲ့ထိုးချင်လို့ ပေါင်းသင်းနေသူဆိုရင်တော့ သင့်ကို တခြားလူတွေက စိတ်ရင်းနဲ့မခင်ကြတာ မထူးဆန်းပါဘူး။
    • ၁၀။ အပေါင်းအသင်းလွဲမှားနေလို့ – တစ်ခါတစ်လေကျ ကိုယ်ကပျော်ချင်လို့ ပေါင်းသင်းတဲ့ သူငယ်ချင်းမိတ်ဆွေတွေဖြစ်ပေမယ့် အကျင့်စရိုက်နဲ့ ဝါသနာမတူရင် ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်ပါဘူး။ သူငယ်ချင်း ၅ ယောက်မှာ ၄ ယောက်က ဘောလုံးပွဲ ဝါသနာပါပြီး ကိုယ်က ဝါသနာမပါဘူးဆိုရင် သူတို့ကြားမှာ ကိုယ်က ဘက်ပဲ့သလိုဖြစ်နေမှာ သေချာပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement