backup og meta

ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

    လူရယ်လို့ ဖြစ်လာပြီဆိုရင် အသက်အရွယ်မရွေး ချစ်ခြင်းမေတ္တာ နဲ့ ကြုံတွေ့လာရမှာပါ။ ကလေးဘဝမှာ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ အရွယ်ရောက်လာတဲ့အခါမှာ သူစိမ်းတစ်ယောက်ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် မေတ္တာထားတာ အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား ဆိုတာကို ဆန်းစစ်လိုက်ပါ။

    ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

    ဒါဆိုရင် ချစ်ခြင်းမေတ္တာ ဆိုတာဘာလဲ။ အစွဲအလမ်းကြီးတယ်ဆိုတာက ရော ဘယ်လိုခံစားမှုမျိုးလဲ။ ကိုယ်က လူတစ်ယောက်ကို ချစ်နေတာလား၊ စွဲလမ်းနေတာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဖူးပါသလား။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား အတူတူ ဆန်းစစ်ရအောင်နော်။

    ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ။

    • ချစ်ခြင်းမေတ္တာ ဟာ ပေးလိုက်ရတဲ့သူရော ရတဲ့သူပါ ရင်ထဲကို အေးချမ်းစေပါတယ်။
    • စိတ်ကို ပျော်ရွှင်ချမ်းမြေ့စေတယ်။
    • ဘဝမှာ နေရတာ အဓိပ္ပာယ်ရှိလာတယ်။
    • အနာဂတ်ဟာ လှပနေတယ်လို့ ခံစားရတယ်။
    • အားအင်တွေ ပြည့်ဝလာစေတယ်။
    • အရာရာကို ပိုပြီး အကောင်းမြင်တတ်လာတယ်။
    • စိတ် တည်ငြိမ်ရင့်ကျက်လာတယ်။
    • စိတ်မှာ ချစ်ရသူကြောင့် လုံခြုံမှုကို ခံစားရတယ်။
    • လူတွေအပေါ်မှာ ကြင်နာတတ်လာတယ်။

    ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

    ဒါဟာ ချစ်နေရတဲ့၊ အချစ်ခံနေရတဲ့ လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားတဲ့ ခံစားချက်တွေပါပဲ။ ဒီလိုအရာတွေထက် ပိုပြီး လွန်ကဲသွားမယ်။ စွဲလမ်းတဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်ဆိုတာ ဒါဟာ ချစ်ခြင်းမေတ္တာ တရား မဟုတ်တော့ပါဘူး။ အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါ (Obsessive Love Disorder – OLD) အခြေအနေ ဖြစ်သွားပါပြီ။

    OLD ဆိုတာ ဘယ်လိုမျိုးလဲ။

    အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါတွေထဲမှာ ပါဝင်တဲ့ အမျိုးအစား တစ်ခုပါပဲ။ ကိုယ့်စိတ်ထဲမှာတော့ ချစ်တယ်လို့ ထင်နေတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ စွဲလမ်းစိတ်တွေ ပြည့်နှက်နေတယ်။ အချိန်ပြည့် သူ့အကြောင်းပဲ တွေးနေတယ်။ ကိုယ်ပိုင်တဲ့ ပစ္စည်းလေး တစ်ခုလို ထိန်းချုပ်ထားချင်တယ်။ ရယူပိုင်ဆိုင်ချင်တယ်။ ဒါဆိုရင် ချစ်ခြင်းမေတ္တာ ထက် အစွဲအလမ်းကြီးတဲ့ အခြေအနေကို ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။

    OLD ရှိနေတဲ့ သူတစ်ယောက်မှာ ဒီစိတ်ဝေဒနာအပြင် တခြားသော စိတ်ရောဂါတွေလည်း ရှိနိုင်ခြေများပါတယ်။ ကိုယ်တိုင်မှာ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သူတစ်ယောက်မှာ OLD လို အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့ စိတ်ဝေဒနာမျိုး ရှိရင် ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တွေနဲ့ သေချာပြသပြီး စိတ်ကုထုံး ခံယူသင့်ပါတယ်။ ဒါမှပဲ ဒီလက္ခဏာတွေကို ကောင်းကောင်းထိန်းချုပ်နိုင်မယ့်အပြင် မေတ္တာရေးမှာ ရှုပ်ထွေးလာနိုင်တဲ့ ပြဿနာတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    OLD ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    • စိတ်အာရုံထဲမှာ ကိုယ်ချစ်နေတယ်လို့ ထင်ရတဲ့ လူတစ်ယောက်အကြောင်းပဲ လွှမ်းမိုးနေတာ
    • ဘာလုပ်လုပ် အတွေးထဲမှာ သူ့အကြောင်းက အမြဲပေါ်လာတာ
    • ကိုယ်ချစ်နေရလို့ ကိုယ့်စိတ်ထဲမှာ သူ့ကို ကာကွယ်ဖို့ လိုအပ်နေတယ်လို့ စိတ်ထဲမှာ တွေးထင်နေတာ
    • ပိုင်ဆိုင်လိုစိတ်၊ ရယူလိုစိတ်တွေ ပြင်းတာ
    • လူတစ်ယောက်ကို ချုပ်နှောင်ထားတာ
    • သဝန်တိုလွန်းတာ၊ သူနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ လူတိုင်း၊ အရာတိုင်းကို မနာလိုတာ
    • ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတဲ့ လက္ခဏာမျိုးကို အဓိကတွေ့ရပါတယ်။

    OLD ရှိတဲ့ သူတွေဟာ အငြင်းခံရတာ၊ စွန့်ပစ်ခံရတဲ့အခါမျိုးမှာ စိတ်မှာ ပိုပြီး ထိခိုက်မှုကို ခံစားရနိုင်တဲ့အပြင် နဂိုရှိနေတဲ့ လက္ခဏာတွေဟာ ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။ OLD ရောဂါအခြေအနေ ပိုဆိုးလာတဲ့အခါမှာ

    • ကိုယ်စိတ်ဝင်စားနေတဲ့သူကို ဆက်တိုက် ဖုန်းခေါ်တာ၊ စာပို့တတ်တဲ့ အပြုအမူတွေ
    • ကိုယ့်ရဲ့ စိတ်ထဲမှာ ပြည့်နှက်နေတဲ့ သံသယတွေ၊ ကြောက်ရွံ့မှုတွေကို ဖယ်ထုတ်ပေးဖို့ လိုအပ်နေတာ
    • လူတစ်ယောက်ပေါ်မှာ စိတ်စွဲလမ်းနေတာကြောင့် သူငယ်ချင်း၊ မိသားစုဝင်တွေအပေါ် ဂရုမစိုက်တော့တာ၊ စိတ်မဝင်စားတော့တာ
    • သူ ဘာလုပ်နေမလဲဆိုပြီး အချိန်ပြည့် မျက်ခြေမပြတ် စောင့်ကြည့်နေတာ
    • ဘယ်ကို မသွားရဘူး၊ ဘယ်သူတွေနဲ့ စကားမပြောရဘူးဆိုပြီး ထိန်းချုပ်တာ၊ ချုပ်ချယ်တာ၊ ချည်နှောင်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

    ဘာကြောင့် OLD ဆိုတဲ့ စိတ်ရောဂါ ဝင်လာတာလဲ။

    အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့ သူတွေမှာ ဒီရောဂါဝင်လာစေဖို့ အကြောင်းရင်း များစွာ ရှိပါတယ်။ တစ်မျိုးတည်းမဟုတ်တဲ့ စိတ်ဝေဒနာတွေ စုလိုက်တဲ့အခါမျိုးမှာ OLD စိတ်ရောဂါအခြေအနေ ဖြစ်လာဖို့ မွေးလိုက်တာပါပဲ။

    ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

    ၁။ မေတ္တာရေး ပြဿနာ

    ကလေးဘဝမှာ မိဘ၊ အုပ်ထိန်းသူတွေရဲ့ ဂရုစိုက်ကြင်နာမှုကို မရရှိခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အခြေအနေမျိုး ကြုံခဲ့ရတဲ့သူတွေမှာ ဒီစိတ်ရောဂါမျိုး ဖြစ်နိုင်ပါတယ်။ ကလေးဘဝမှာ ရောဂါအစပျိုးပြီး သူစိမ်းတွေအပေါ် အရမ်းတွယ်တာခင်မင်တဲ့ စိတ်အခြေအနေ (DSED – Disinhibited social engagement disorder) နဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့သူနဲ့ အဆင်မပြေတာ၊ လူတွေအနားမှာ ရှိရင် စိတ်ထဲ နေရခက်တဲ့ စိတ်အခြေအနေ (RAD – Reactive attachment disorder) ဆိုပြီး အမျိုးအစား ၂မျိုး ကွဲသွားနိုင်ပါတယ်။

    ၂။ ပင်ကိုယ်စရိုက် အပြောင်းအလဲ မြန်တာ

    စိတ်အတက်အကျမြန် ရောဂါနဲ့ မတူပဲ မိနစ်ပိုင်း၊ နာရီပိုင်းလေးအတွင်းမှာ ဒေါသအလွန်ထွက်လာတာ၊ အရမ်းပျော်ရွှင်နေတာ၊ အရမ်းဝမ်းနည်းနေတာ ဒီလိုမျိုး ပင်ကိုယ်စရိုက်အပြောင်းအလဲမြန်တဲ့ စိတ်ရောဂါကြောင့်လည်း ဒီလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဝမ်းနည်းပူပန်လွယ်တယ်။ စိတ်ဓါတ်ကျလွယ်တယ်။

    အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီး စိတ်ဝေဒနာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူတစ်ယောက်ကို ချစ်နေရင်လည်း အရမ်းချစ်တယ်။ မုန်းတော့လည်း အသည်းခိုက်အောင် မုန်းတဲ့ အခြေအနေထိ ဖြစ်တတ်ပါတယ်။

    ၃။ ထင်ယောင်ထင်မှား သံသယတွေနဲ့ မနာလို သဝန်တိုတာ

    မရှိတဲ့အရာတစ်ခု၊ မဖြစ်တဲ့ အခြေအနေတစ်ခုကို ကိုယ့်စိတ်ထဲမှာ မှန်နေတယ်လို့ တရားသေယူဆတွက်ချက်ထားတဲ့ စိတ်အခြေအနေမျိုးပါ။ တစ်ဖက်သားလူတစ်ယောက်က ကိုယ့်ကို သဘောမကျဘူးလို့ ယတိပြတ် ငြင်းလိုက်သည့်တိုင်အောင် ကိုယ့်စိတ်ထဲမှာ ဒီလူဟာ ကိုယ့်အပေါ် မေတ္တာ၊ သံယောဇဉ်ရှိတယ်လို့ တထစ်ချ ယုံကြည်ခံယူလိုက်တဲ့ သူတွေမှာလည်း ဒီစိတ်ရောဂါလက္ခဏာကို တွေ့ရပါတယ်။

    ၄။ Erotomania စိတ်ရောဂါ

    Erotomania ဟာ နာမည်ကြီးတဲ့ သူတစ်ယောက်၊ ကိုယ့်ထက် သာလွန်ချမ်းသာတဲ့ သူက ကိုယ့်အပေါ်မှာ သဘောကျနေတယ်ဆိုပြီး စွဲလမ်းတတ်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ အလွယ်ပြောရမယ်ဆိုရင်တော့ ကိုယ် သဘောကျတဲ့ အနုပညာရှင်တစ်ယောက်နဲ့ အပြင်မှာ ပတ်သက်ဖူးတယ်။ သူလည်းပဲ ကိုယ့်အပေါ် သဘောကျနေလိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားတဲ့ ထင်ယောင်ထင်မှား ချစ်စိတ်မွှန် စိတ်ရောဂါမျိုးပါ။

    ဒီစိတ်အခြေအနေမျိုး ရှိတဲ့သူတွေမှာ ခင်မင်ရင်းနှီးတဲ့သူ နည်းတယ်။ ကိုယ်ပိုင်အလုပ်လည်း မရှိပဲ ကိုယ်သဘောကျတဲ့ သူရဲ့ အလုပ်ခွင်၊ နေအိမ်နားမှာ အချိန်ပြည့် နေပြီး စုံစမ်းထောက်လှန်းနေတတ်ပါတယ်။

    ၅။ အစိုးရိမ်လွန် စွဲလမ်းတတ်တဲ့ စိတ်ရောဂါ (OCD)

    လူတော်တော်များများမှာ တွေ့ကြုံရတတ်တဲ့ စိတ်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ဒီအရာတစ်ခုကို စွဲလမ်းနေတယ်။ ဒါကိုပဲ အကြိမ်ဖန်များစွာ လုပ်တတ်တယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်နေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။

    ဒီစိတ်ရောဂါ ရှိသူတွေဟာ သူတို့စိတ်ထဲမှာ ဖုံးလွှမ်းနေတဲ့ အကြောက်တရားတွေ၊ စိုးရိမ်ပူပန်နေရတာတွေကို တခြားသူတွေကို ဖယ်ထုတ်ပေးဖို့ မျှော်လင့်အားကိုးတတ်ကြပါတယ်။ ဒီအချက်ကြောင့်လည်း မေတ္တာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ၆။ မနာလို၊ သဝန်တိုစိတ်စွဲတာ

    ထင်ယောင်ထင်မှား ဖြစ်တာမျိုး မဟုတ်ပဲ ကိုယ်လေ့လာတွက်ဆထားသလို ကိုယ့်ချစ်သူက ဖောက်ပြန်နေတယ်၊ သစ္စာမဲ့နေတယ်လို့ ယုံကြည်လက်ခံထားတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါ သူ ကိုယ့်အပေါ်မှာ ထပ်ပြီး ဖောက်ပြန်နေမလားဆိုတဲ့ တွေးပူစိတ်တွေဟာ စိတ်ထဲမှာ ပြည့်နှက်နေပြီးတော့ အတွေးထဲ သူ့အကြောင်းပဲ အမြဲဝင်လာတာမျိုးပါ။

    ကိုယ့်မှာ OLD စိတ်ရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။

    စိတ်ကျန်းမာရေး ဆရာဝန်တွေဆီမှာ စိတ်ကုထုံး ခံယူကြည့်တာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ရှိနေတဲ့ ရောဂါလက္ခဏာတွေ၊ အချစ်ရေး၊ မေတ္တာရေးအခြေအနေတွေ၊ မိသားစုပြဿနာ၊ တခြားသော စိတ်ဝေဒနာ ရှိ၊ မရှိကို စစ်ဆေးမေးမြန်းပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေကို ကောက်ချက်ချပေးမှာပါ။

    စိတ်ရောဂါဆိုတာ ပေါ့ဆသင့်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ စိတ်ကျန်းမာမှ ကိုယ်ခန္ဓာလည်း ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဒီလို ဝေဒနာတွေ ကြုံလာရပြီဆိုရင် အကောင်းဆုံးကတော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement