backup og meta

သဝန်တိုစိတ်ကို ဘယ်လို လျှော့ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဝန်တိုစိတ်ကို ဘယ်လို လျှော့ကြမလဲ

    တစ်စုံတစ်ယောက်အပေါ် မနာလိုဖြစ်မိတယ်သဝန်တိုတယ်၊ အဘိဇ္ဈာပွားတယ်၊ မလိုတမာတွေးကြံနေမိတယ်ဆိုတာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ လူတစ်ဖက်သား မသိနိုင်ရင်တောင်မှ ကိုယ့်စိတ်ကိုယ်တော့ သိနေနိုင်တာပဲလေ။

    ဒီလိုစိတ်ထားမျိုးဟာ မကောင်းဘူး၊ မရှိသင့်ဘူးလို့ လူတိုင်းပြောတတ်ကြတယ်။ တကယ်တမ်း ကိုယ်တိုင် ဒီလိုခံစားလာရချိန်မှာ ထိမ်းချုပ်နိုင်ဖို့၊ ဖျောက်ဖျက်ပစ်ဖို့ကတော့ ခက်လှပါတယ်။ အထူးသဖြင့် အချစ်ရေးကိစ္စတွေမှာ သဝန်တိုစိတ်ဟာ အမြဲပြဿနာများစေတတ်ပါတယ်။

    သဝန်တိုတာကို စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုလို့ စိတ်ပညာမှာတော့ သတ်မှတ်ထားပါတယ်။ Morbid Jealousy ဒါမှမဟုတ် Pathological Jealousy လို့ ခေါ်ပါတယ်။ ရောဂါတစ်ခုသဖွယ် သတ်မှတ်ရတဲ့အခြေအနေမျိုးဆိုရင်တော့ Othello Syndrome သို့ Delusional Jealousy လို့လည်းခေါ်ကြပါသေးတယ်။ စိတ်ရောဂါတစ်မျိုးပေါ့။

    များသောအားဖြင့် သမီးရည်းစား၊ ချစ်သူ၊ အိမ်ထောင်ဖက်တွေအကြား သဝန်တိုကြတယ်ဆိုတာ တစ်ခါတစ်ရံတော့ ချစ်စရာ၊ ကြည်နူးစရာ ကိစ္စဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် များလားရင် ပြင်းထန်လာရင်တော့ ပြဿနာဖြစ်သွားတတ်ကြပါတယ်။

    ကိုယ့်ချစ်သူက ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို မပြတ်စောင့်ကြည့်နေတာ၊ Password ပါယူထားပြီး ဘယ်သူတွေနဲ့ ပြောဆိုနေလဲ လိုက်စောင့်ကြည့်နေတာ၊ သူ့နဲ့ ပတ်သက်တာတိုင်းကို သိချင်နေတာ၊ အတိတ်ကဖြစ်ရပ်တွေအထိလိုက်ပြီး သဝန်တိုနေတာတွေ ကြုံလာရမယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြမှာပါပဲ။

    ဒီလိုလုပ်ရပ်မျိုးတွေဟာ လူ့ကျင့်ဝတ်ကို ချိုးဖောက်ရာရောက်သလို လူတစ်ဦးချင်းလွတ်လပ်ခွင့်ကိုလည်း ပိတ်ပင်ချုပ်နှောင်ရာရောက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် (၁၂) ကိုပါ။ အပိုဒ် ၁၂ အရဆိုရင်လည်း “ပုဂ္ဂလိကကိုယ်ရေးကိုယ်တာတွေကို ဝင်ရောက်စွက်ဖက်ခံရခြင်းမှ ကင်းဝေးခွင့်” ဆိုပြီး ပြဌာန်းထားတယ်မဟုတ်လား။

    သဝန်တိုစိတ်ဆိုသောအရာ

    ချစ်လို့၊ တန်ဖိုးထားလို့၊ စိတ်မချလို့ သဝန်တိုတာလို့ ပြောတတ်ကြတယ်။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ ဒါပေမယ့် သဝန်တိုစိတ်ဟာ မကောင်းဘူးဆိုတာကို ခံစားရသူဘက်ကသာ တွေးဖြစ်ကြတာပါ။ သဝန်တိုသူဘက်က သိပ်မတွေးဖြစ်တတ်ကြပါဘူး။

    လူအများစုက သဝန်တိုတယ်ဆိုတာ မိန်းကလေးအများစု မှာပိုဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တမ်း သိပ္ပံနည်းကျလေ့လာချက်တွေမှာတော့ သဝန်တိုစိတ်ဟာ ၅၀-၅၀ အခြေအနေမျိုးလို့ဆိုပါတယ်။ လူမှန်ရင် သဝန်တိုစိတ် အနည်းနဲ့အများဆိုသလိုပါလာတတ်ပြီး လိင်ကွဲပြားမှုနဲ့မဆိုင်ပဲ စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်မှုနဲ့ပဲဆိုင်တယ်လို့ ဆိုပါတယ်။

    အကြမ်းဖျဉ်းအားဖြင့် သဝန်တိုစိတ်ဆိုတာ အသွင်သဏ္ဍာန်၊ လက္ခဏာအမျိုးမျိုးရှိပါတယ်။ ဆေးပညာသဘောအရဆိုရင် ရောဂါလက္ခဏာပေါ့။ အောက်ပါအတိုင်းပါပဲ။

    • မနာလို ဝန်တိုစိတ် ခံစားရတာ၊
    • လွန်လွန်ကဲကဲ စောင့်ကြည့်တတ်တာ (Hypervigilance)
    • မနာလိုစိတ်၊ သဝန်တိုစိတ်ကို မချုပ်တည်းနိုင်တာ (Disinhibition)
    • စိတ်သောကများတာနဲ့
    • ကိုယ့်ကိုယ်ကို လေးစားမှုလျော့နည်းလာတာတွေပါပဲ။

    သဝန်တိုတာကို ဘယ်လို ဖျောက်ဖျက်ကြမလဲ

    သဝန်တိုစိတ်ကို ဖျောက်ဖျက်ဖို့ဆိုတာ ပြောသလောက်တော့မလွယ်ကူပါဘူး။ ကိုယ့်ရဲ့ စိတ်ခိုင်မာဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ လမ်းညွှန်ချက် ၆ ချက်နဲ့ မနာလိုစိတ်ကို တဖြည်းဖြည်းချင်း လျှော့ချလို့ရပါတယ်။

    • ကိုယ့်ကို သဝန်တိုစိတ် ဖြစ်ပေါ်စေတဲ့ အခြေအနေကို ဂဃနဏသိရအောင် ဆန်းစစ်ပါ -အခြေအနေကိုသိနားလည်မှာ ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အထင်သေးနေတာလား၊ သူများကို အရမ်း သံသယဝင်နေမိတာလား၊ တစ်ဖက်လူကို လွန်လွန်ကဲကဲ စောင့်ကြည့်မိလွန်းနေတာလား စသဖြင့်ပေါ့။
    • သဝန်တိုစိတ်ဖြစ်ပေါ်စေတဲ့ အတွေးတွေကို တွန်းလှန်ပါ – ဒီလိုစိတ်မျိုးဖြစ်လာပြီဆိုရင် အဲ့ဒီကိစ္စအပေါ်မှာ အာရုံမရောက်အောင် အာရုံလွှဲပြစ်လိုက်မျိုး၊ တစ်ခြားတစ်ခုခုကို အာရုံစိုက်လိုက်တာမျိုးပြုလုပ်ကြည့်ပါ။
    • စိတ်ခံစားချက်နဲ့ အတွေးအခေါ်ကို ပေါင်းစပ်ထိမ်းကြောင်းပါ – ဆိုလိုချင်တာက ကိုယ်က သဝန်တိုစိတ်၊ မနာလိုစိတ်ကို ခံစားမိနေတယ်ဆိုရင် တားဆီးဖို့ လိုအပ်ပါတယ်။ သူက ငါ့ထက် ပိုလှတယ်၊ ငါ့ချစ်သူက သူ့ကို ပိုဂရုစိုက်နေတယ်ဆိုတာမျိုးအတွေးတွေကို ကိုယ့်စိတ်က လက်ခံလိုက်ရင် ပိုပြီးမနာလိုစိတ်ဖြစ်စေနိုင်သလို စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
    • မိမိကိုယ်တိုင်ရဲ့ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေကို စိန်ခေါ်ပါ – ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး ရင်ဆိုင်ပစ်တာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ အကောင်းဆုံးနည်းတစ်ခုပါပဲ။ ငါဘာလို့ ဒီလိုယုံကြည်နေတာလဲ၊ ငါဘာလို့ ဒီလိုတွေးနေတာလဲလို့ မေးခွန်းပြန်ထုတ်ပြီး အမှန်တရားကိုလက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။
    • သဝန်တိုစိတ်ဖြစ်ပေါ်စေတဲ့ အပြုအမူတွေကို ရပ်တန့်လိုက်ပါ – သူဘာလုပ်နေလဲ လိုက်စပ်စုမိနေတာမျိုး၊ ကိုယ့်ကိုယ်ကိုနဲ့ နှိုင်းယှဉ်သုံးသပ်မိနေတာမျိုးတွေ ဆက်မလုပ်ပါနဲ့တော့။ ထိမ်းကြောင်းလိုက်ပါ။ ရပ်တန့်လိုက်ပါ။ လူတိုင်းမှာ တန်ဖိုးရှိပြီး ကိုယ်ဟာလည်း တန်ဖိုးရှိတာကို နားလည်လာပါစေ။
    • အခြေခံစိတ်ခံစားချက်ကို အာရုံစိုက်ပါ – ဥပမာ Relationship တစ်ခုမှာ ကိုယ့်ဘက်က သဝန်တိုမိနေတယ်ဆိုရင် “ငါက သူ့ကို ချစ်တာပဲ ဒါမှမဟုတ် သူက ငါ့ကို ချစ်တာပဲ” ဆိုတဲ့ အခြေခံအကျဆုံးအချက်ကို အာရုံစိုက်ထားပြီး မနာလိုစိတ်၊ သဝန်တိုစိတ်ကို လျှော့ချလိုက်တာမျိုးပေါ့။

    ကဲ ကိုယ်က သဝန်တိုတတ်လွန်းတယ်ဆိုရင် ဒီနည်းလမ်းတွေ လိုက်နာပြီး လျှော့ချကြည့်ပါ။ သဝန်တိုတယ်ဆိုတာက လူတစ်ဖက်သားကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပြဿနာဖြစ်တာမို့ ဒီစိတ်ကိုလျှော့ချပြီး ချစ်ခရီးလမ်းအဆင်ပြေစေမယ့် နားလည်မှုလေးနဲ့ အစားထိုးကြည့်စေချင်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement