backup og meta

အထီးကျန်တဲ့ ခံစားချက်ကို ဘယ်လိုဖြေဖျောက်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထီးကျန်တဲ့ ခံစားချက်ကို ဘယ်လိုဖြေဖျောက်ကြမလဲ

    ၂၁ ရာစု နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ပိုပြီး အထီးကျန်လာကြပါတယ်။ အိမ်ထဲမှာ အချိန်ကုန်တာ များလာတယ်။ ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ြပီး ဖုန်း၊ ကွန်ပျူတာအသုံးပြုကြတယ်။ အရင်တုန်းကလို လူတွေနဲ့ စကားပြောဆိုဆက်ဆံနေရဖို့ အချိန်ကုန်၊ လူပင်ပန်းစရာမလိုပဲ အွန်လိုင်းကနေ အလွယ်တကူ ပြောဆိုလာနိုင်ကြတယ်။

    ဒါဆိုရင် လူတွေ ဘာလို့ ပိုပြီးအထီးကျန်လာကြတာလဲ။

    အရင်တုန်းကလောက် လူတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရတာမျိုး မရှိတော့ပဲ လေလှိုင်းပေါ်ကနေပဲ စကားပြောရတာ ကြာလာတဲ့အခါ စိတ်ထဲမှာ သီးသန့်ကြီးလို ဖြစ်လာတယ်။ အပြင်လည်း သိပ်မထွက်ဖြစ်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ကိုယ်တစ်ယောက် ဖြစ်နေသလို၊ အများနဲ့ မသက်ဆိုင်တော့သလို ခံစားလာရတယ်။ တစ်ယောက်တည်း နေတာ ကြာလာတာနဲ့အမျှ အထီးကျန်တဲ့ ဝေဒနာဟာ ပိုဆိုးသွားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။

    အထီးကျန်တဲ့ ခံစားချက်ပျောက်ဖို့ ဘာတွေ လုပ်သင့်လဲ။

    အထီးကျန်တယ်ဆိုတာ သာမန်ဖြစ်စဉ် တစ်ခုဆိုပေမယ့် စိတ်ခံစားချက်၊ ဖြတ်သန်းခဲ့တဲ့ ဘဝအချိန်ပေါ်မူတည်ပြီး အချိန်ကြာလာတဲ့အခါ စိတ်ကျန်းမာရေးကိုပါ ဒုက္ခဖြစ်စေပါတယ်။ ခုပြောပြပေးမယ့် နည်းလမ်းတွေကတော့ ကိုယ့်ကိုယ်ကို အထီးကျန်တယ်လို့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေနိုင်ပြီး အလွယ်တကူ လုပ်ယူလို့ ရတာကြောင့် အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။

    ၁။ တစ်ယောက်ထဲ အပြင်ထွက်လည်ပါ။

    အိမ်ထဲမှာ အထီးကျန်ပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေမယ့်အစား အပြင်ထွက်ပြီး လေကောင်းလေသန့်တွေ ရှူရှိုက်ပါ။ ဈေးဝယ်သွားတာဖြစ်စေ၊ တစ်ယောက်ထဲ မုန့်သွားစားတာဖြစ်စေ လုပ်ပေးပါ။ ကိုယ်နဲ့ မသိ၊ မရင်းနှီးသည့်တိုင်အောင် လူတွေနဲ့ နီးနီးကပ်ကပ်ရှိနေခြင်းဟာ အထီးကျန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

    ၂။ လူတွေနဲ့ တွေ့ဆုံပါ။

    လူမှုကွန်ယက်ပေါ်မှာ စာတွေ အပြန်အလှန် ပို့တာထက် အပြင်မှာ တွေ့ဆုံတာဟာ ရင်းနှီးခင်မင်မှုကိုလည်း တိုးစေနိုင်သလို ကိုယ့်ရဲ့ အထီးကျန်တဲ့ စိတ်ကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။

    ၃။ ရုပ်ရှင်ကြည့်ပါ။

    တစ်ယောက်ထဲ ရုပ်ရှင်ကြည့်မလား၊ အပေါင်းအသင်းတွေ ခေါ်ပြီး အတူကြည့်ကြမလား၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အိမ်ထဲမှာပဲ အထီးကျန်တယ်လို့ ခံစားနေရတာထက် ရုပ်ရှင်ကြည့်လိုက်တာက ကိုယ့်ရဲ့ စိတ်ကို နှောင့်ယှက်နေတဲ့ အရာတွေကို ခေတ္တခဏ မေ့ထားစေနိုင်ပါတယ်။

    ၄။ လုပ်အားပေးကူညီပါ။

    ကိုယ့်အိမ်သားတွေရဲ့ အလုပ်ကို ကူညီတာဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လုပ်အားပေးအနေနဲ့ ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ အဆင်ပြေပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရလို့ ရင်းနှီးမှုတွေ တိုးစေတဲ့အပြင် အလုပ်လုပ်နေရတဲ့အတွက် မကောင်းတဲ့အတွေးတွေ ခေါင်းထဲ ဝင်မလာနိုင်အောင် တိုက်ထုတ်ပေးနိုင်ပါတယ်။

    ၅။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပါ။

    အမွေးပွပွနဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အိမ်မှာ မွေးထားတဲ့အခါမှာ တစ်ယောက်ထဲ ရှိနေရင်တောင် အထီးကျန်တယ်လို့ သိပ်ပြီး ခံစားရတော့မှာ မဟုတ်ပါဘူး။

    ၆။ ဝတ္ထုစာအုပ်ဖတ်ပါ။

    တစ်ယောက်ထဲ အေးအေးဆေးဆေးနေတတ်သူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်ပါပဲ။ ဝတ္ထုစာအုပ်ဖတ်တဲ့အခါ ဇာတ်ကောင်နဲ့ ဇာတ်အိမ်ကို စိတ်ထဲမှာ စီးမြောခံစားကြည့်တာဟာ စိတ်ကို ပျော်ရွှင်စေသလို အထီးကျန်တဲ့ အတွေးတွေလည်း မဝင်စေပါဘူး။

    ၇။ လျှောက်သွားပါ။

    ဘယ်သွားမယ်လို့ ဆုံးဖြတ်ထားတာမျိုးမဟုတ်ပဲ တွေ့တဲ့ ကားပေါ် တက်စီးပြီး ရောက်တဲ့ နေရာသွားတာ၊ အစီအစဉ်မရှိပဲ ခရီးသွားတာမျိုးတွေ လုပ်ကြည့်ပါ။

    ၈။ ပြေးလွှားကြည့်ပါ။

    အိမ်ထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်နေမယ့်အစား စိတ်ကို လွှတ်ပေးတဲ့ အနေနဲ့ ပြေးလွှားကြည့်ပါ။ မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ ၁၀မိနစ်လောက် ပြေးလိုက်တဲ့အခါ ချွေးတွေထွက်လာပြီး လူကို လန်းဆန်းပေါ့ပါးစေတယ်။ နောက်ကျိနေတဲ့ စိတ်ကိုလည်း ကြည်လင်သွားစေနိုင်ပါတယ်။

    ၉။ ဓါတ်ပုံအဟောင်းတွေ ပြန်ထုတ်ကြည့်ပါ။

    မိသားစု၊ သူငယ်ချင်း၊ ပျော်ခဲ့ရဖူးတဲ့ အမှတ်တရဓါတ်ပုံတွေကို ပြန်ထုတ်ကြည့်ရင်း လက်ဖက်ရည်၊ ကော်ဖီပူပူလေး သောက်လေးရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

    ၁၀။ ပျော်စရာကောင်းမယ့် သင်တန်းတစ်ခုခုတက်ပါ။

    ယောဂသင်တန်း၊ အကသင်တန်းလိုမျိုး စိတ်ကိုပေါ့ပါးစေပြီး ပျော်စရာကောင်းတဲ့ သင်တန်းမျိုးတွေ တက်ပေးပါ။ လူတွေနဲ့ ပျော်ပျော်ပါးပါး ကနေရတဲ့ ခံစားချက်က ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အထီးကျန်ခံစားချက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

    ၁၁။ ဒိုင်ယာရီစာအုပ်ထဲ ရေးမှတ်ပါ။

    ကိုယ့်ရဲ့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အရာတွေ၊ ခံစားချက်တွေ၊ အမှတ်တရတွေကို စာအုပ်ထဲ ရေးမှတ်တဲ့အကျင့် လုပ်ထားပေးပါ။ တခါတလေမှာ ဒီအကြောင်းအရာတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ် ဘာကြောင့် အထီးကျန်နေရလဲဆိုတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်ပါတယ်။

    ၁၂။ အပန်းဖြေခရီးထွက်ပါ။

    တစ်ယောက်ထဲဖြစ်စေ၊ အပေါင်းအသင်းတွေ၊ မိသားစုနဲ့ဖြစ်စေ ခရီးထွက်ပေးတာဟာ စိတ်ကို အပန်းဖြေစေသလို လူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အတွက် အထီးကျန်တဲ့ ခံစားချက်ကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။

    ၁၃။ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူတွေကို အချိန်ပေးပါ။

    တစ်ခါတလေမှာ ကိုယ့်အနား ဘယ်သူမှမရှိဘူးဆိုတဲ့ ခံစားချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းတွေကို အချိန်ပေးပြီး စကားလက်ဆုံပြောကြည့်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement