backup og meta

အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

    အသံဆိုတာ အမျိုးမျိုးရှိပါတယ်။ ဂီတသံ၊ စကားပြောသံ၊ ဆူညံသံ၊ စက်သံ စတာတွေအပြင် ဂီတသံထဲမှာတောင် သာယာငြိမ့်ညောင်းတဲ့အသံ၊ မြူးကြွတဲ့အသံ၊ ဆူညံပြင်းတဲ့အသံ ဆိုပြီးကွဲပါသေးတယ်။ ခုနေ ဘယ်အသံကို အကြောက်ဆုံးလဲမေးရင် လူ ဆယ်ယောက်မှာ ကိုးယောက်လောက်ဖြေမှာက လော်သံလို့ ပြောကြမလားပဲ။ လော် သို့မဟုတ် လော်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက် တွေက ဟိုမှာ ဒီမှာ တပြင်တခွင် ရှိနေတာကိုး။ ပိုဆိုးတာက လော်တင်မက sound box ကြီးတွေပါ တွဲပြီး ကျဲနေကြတာပါပဲ။ သုတေသနတွေအရ အသံချဲ့စက် အပါအဝင် ကားဟွန်းသံ၊ လေယာဉ်သံ၊ စက်မောင်းသံ၊ စတဲ့ ဆူညံသံ တစ်မျိုးမျိုးကို မကြာခဏ သို့မဟုတ် ကြာရှည်ကြားနေရတဲ့သူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ဒီဆောင်းပါးမှာတော့ အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး ကို ပြောပြသွားမှာပါ။

    အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

    အသံချဲ့စက်ကပေးတဲ့ ဝေဒနာ တွေကတော့ –

    (၁) နှလုံးစည်းချက် မူမမှန်ဖြစ်စေတယ်

    ဂျာမဏီသုတေသနတစ်ခုကတော့ ဆူညံသံကြားရတာများလာရင် နှလုံးခုန်စည်းချက်မူမမှန်ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီကနေ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက် ရပ်ဆိုင်းခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ်။

    ဆူညံသံကြောင့်ဖြစ်တဲ့ ဒေါသ၊ စိတ်ဆတ်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်းတို့ကြောင့်လည်း နှလုံးစည်းချက်မမှန် ဖြစ်စေနိုင်ပါတယ်။

    (၂) ဦးနှောက်တွင်း ရောင်ရမ်းမှုကို ဖြစ်စေတယ်

    ဆူညံသံကြောင့် နားလေးသွားလိမ့်မယ်လို့ ပြောကြပေမယ့် တကယ်တမ်းသက်ရောက်မှုက ဒီထက်ပိုပါတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆူညံသံက နားအတွင်းပိုင်း မွေးနုဆဲလ်လေးတွေကနေ သတင်းပို့သမျှကို ဦးနှောက်ဆီ ပေးပို့ပေးတဲ့ အစွန်အဖျားအာရုံကြောလေး တွေကို ထိခိုက်ပျက်စီးစေပါတယ်တဲ့။ အဲဒီကနေ ဦးနှောက်အတွင်းမှာ ရောင်ရမ်းမှုတွေဖြစ်လာစေနိုင်ပါတယ်။

    (၃) စိတ်ကို မှောင်မိုက်စေတယ်

    ဆူညံသံတွေ ကြားနေရရင် အလိုလိုစိတ်တိုလာတာ လက်တွေ့ပဲမဟုတ်လား။ စိတ်မကြည်တော့ဘူး၊ အသေးအဖွဲတွေမှာ စိတ်တိုလွယ်လာတယ်၊ အာရုံစိုက်မရဘူး၊ စိုးရိမ်စိတ်တွေဖြစ်လာတယ်၊ ဒါတွေဟာ ဆူညံသံကြောင့်ဖြစ်လာတာပါ။

    (၄) ကိုယ်ခံအားစနစ် အားနည်းလာစေတယ်

    အသံကြားရုံနဲ့ ကိုယ်ခံအား နည်းသွားတာမျိုး မဟုတ်ဘူးနော်။ ဒါပေမယ့် သွယ်ဝိုက်သော နည်းနဲ့ပေါ့။ ပတ်ဝန်းကျင် ဆူညံ ပူထူနေတာဆိုရင် လူရဲ့ကျန်းမာရေးကိုလည်း ဘက်စုံယိုယွင်းလာစေနိုင်ပါတယ်။ ဥပမာ အသံဆူလို့ အိပ်မရတာမျိုးပေါ့။ အသံဆူလို့ စိတ်ဖိစီးလာရတဲ့အခါ ထွက်တဲ့ ကော်တီဆုန်း ဟော်မုန်းကြောင့်လည်း သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး တစ်ဖက်မှာလည်း ရောဂါပိုးတွေ ကာကွယ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။

    (၅) အာရုံလွတ်ထွက်သွားစေတယ်

    ဆူညံသံတွေ ကြားမှာ နားကြပ်တပ်ထား၊ ဂွမ်းဆို့ထားရင်တောင်မှ ကိုယ်လုပ်စရာ ရှိတာလေးတွေကို  ကောင်းကောင်း အာရုံစိုက်နိုင်မယ် ထင်ပါသလား။ စိတ်ရော အာရုံရော ဖလွတ်ခနဲ ခုန်ထွက်သွားပါလိမ့်မယ်။ သုတေသန တစ်ခုအရ ဆူညံတဲ့အလုပ်ခွင်ပတ်ဝန်းကျင်မှာ အလုပ်လုပ်သူတွေဟာ မှတ်ဉာဏ်ပါကျဆင်းတာကို တွေ့ရှိခဲ့ပါတယ်။

    (၆) ကလေးရဖို့ ခက်စေတယ်

    ဆူညံသံတွေက ကလေးရနိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနိုင်ပေမယ့် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ပညာရှင်တွေရဲ့ လေ့လာမှုအရ ဆူညံသံ အနည်းငယ်လောက်နဲ့ ထိတွေ့နေရတဲ့ အမျိုးသားတွေမှာ (ဥပမာ လေအေးပေးစက်အသံ) ၈ နှစ်အတွင်း ကလေးမရနိုင်တာကို တွေ့ရပါတယ်။ ညအိပ်ချိန် ဆူညံသံနဲ့ ထိတွေ့ ကြားနေရတာ ကလည်း ကိုယ်ဝန် ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးတာတွေ၊ မွေးရာပါ ချို့ယွင်းချက် ပါလာတာနဲ့ ဆက်နွယ်နေတယ်လို့ တွေ့ရှိထားပါတယ်။ လေ့လာချက်တွေ လိုသေးပေမယ့် ‌ဆူဆူညံညံအသံတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပေါ့။

    ကဲ ဆူညံသံဆို ဝေးဝေးပြေးဖို့ စဉ်းစားကြတော့နော်။ ကိုယ်က မြူးမြူးကြွကြွ ကဲတတ်တဲ့သူ၊ သီချင်း ကျယ်ကျယ် ဖွင့်ထားတတ်သူ ဆိုရင်လည်း ကိုယ့်ကျန်းမာရေးအတွက်ရော ကိုယ့်မိသားစုနဲ့ တခြား ပတ်ဝန်းကျင်က သူတွေရဲ့ ကျန်းမာရေးအတွက် ညှာတာပြီး ချင့်ချိန်လိုက်ပါနော်။ တော်သင့်ရုံဆို ဘေးမဖြစ်နိုင်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement