backup og meta

လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ

    ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ အသက် ၂၀ နောက်ပိုင်း အရွယ်ရောက်ပြီးသား လူကြီးတွေအများစုက ငယ်ဘဝအတိတ်ကို လွမ်းဆွတ်ရင်း ပြန်ရောက်သွားချင်စိတ်တွေ အမြဲတမ်းဖြစ်တတ်ကြပါတယ်။ ဒီလိုအတွေးတွေ ဝင်လာရတယ်ဆိုတာ အကြောင်းရင်းများစွာရှိနိုင်သလို ကိုယ့်ရဲ့ လက်ရှိအချိန်မှာ ရောက်နေတဲ့ နေရာ၊ ဖြစ်နေတဲ့ ဘဝအခြေအနေတွေကို စိတ်တိုင်းမကျတာ၊ နောင်တရတဲ့ စိတ်တွေ၊ ယူကြုံးမရဖြစ်မိတဲ့ အမှားတွေကြောင့်လည်း အဲ့လိုတွေးမိတတ်ကြတာပါ။ များသောအားဖြင့် ဒီလိုအတွေးတွေ ဝင်လာတာက လူကြီးပိုင်းအရွယ်တွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပြီး စိတ်ရောဂါလို့တော့ ခေါင်းစဉ်တပ်လို့မရပါဘူးခင်ဗျ။ ဒါပေမယ့် အဲ့ဒီအတွေးတွေရဲ့ နောက်ကွယ်မှာ ကပ်ပါလာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ အဲ့တော့ လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ရအောင်လား။

    လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ

    ၁။ လက်ရှိရောက်နေတဲ့အချိန်က ကိုယ်ကြီးပြင်းခဲ့တဲ့အချိန်နဲ့ မတူတော့တာ

    ဒါကို Generation Gap – အချိန်ကာလ နှစ်ခုကွာခြားခြင်း လို့လည်း ဆိုပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကလေးဘဝက ကြီးပြင်းလာခဲ့တဲ့၊ ကိုယ့်စိတ်ကို လုံခြုံမှုဖြစ်စေခဲ့တဲ့ ပတ်ဝန်းကျင်ဟာ နည်းပညာတိုးတက်မှုတွေနောက်မှာ အထိုက်အလျောက်ပြောင်းလဲနေပြီး ကိုယ်မသိလိုက်တဲ့ အချိန်အတွင်းမှာ ဘာမှသက်ဆိုင်မှုမရှိတော့တဲ့ ကမ္ဘာကြီးထဲ ရောက်သွားသလိုမျိုး ခံစားချက်ပါ။ ပုံမှန်နေ့ရက်တွေ ဖြတ်ကျော်နေချိန်မှာ သတိမထားမိပေမယ့် စိတ်အရမ်းညစ်နေတဲ့အချိန်၊ ငယ်ဘဝက လုပ်ဖူးတဲ့ အရာ၊ နားထောင်ဖူးတဲ့ သီချင်းတစ်ပုဒ်လောက် ပြန်နားထောင်မိလိုက်ရင် ဒီလိုစိတ်တွေက ဝင်လာတတ်ပါတယ်။

    ၂။ တာဝန်ယူမှုတွေ များလာတာ

    အသက်ကြီးလာလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါ၊ မိသားစုတစ်ခု တည်ဆောက်တဲ့အခါ၊ အိမ်ထောင်ဦးစီးနေရာ ရောက်လာတဲ့အခါ ကိုယ့်မှာယူရတဲ့ တာဝန်တွေက များသထက်များလာပါတယ်။ ကလေးဘဝမှာတော့ ကိုယ်စားချိန်တန် စားမယ်၊ စာလုပ်ချင်စာလုပ်၊ အိပ်ချိန်တန် အိပ်၊ ဘဝကို အေးအေးဆေးဆေးနဲ့ အပူအပင်မရှိ ဖြတ်ကျော်လာခဲ့ပေမယ့် အသက်ကြီးလာတာနဲ့ ဒီလိုလက်လွတ်စပယ် နေလို့မရတော့ပါဘူး။

    ကိုယ်က လုပ်ချင်တယ်ဆိုတဲ့အရာတွေ ရှိနေရင်တောင် ကိုယ့်နောက်မှာရှိနေသူတွေ၊ ကိုယ့်ကိုမှီခိုနေတဲ့သူတွေ၊ မိသားစုဝင်တွေကို ငဲ့ကွက်ရင်း ဒီလိုလုပ်လို့မဖြစ်သေးပါလား ဆိုတဲ့ စိတ်တွေက ကိုယ့်ကိုနောက်ဆံတင်းစေပါတယ်။ အဲ့လိုအခြေအနေတွေကြောင့်လည်း ငယ်ဘဝပြန်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့ စိတ်တွေဖြစ်လာပါတယ်။

    ၃။ နောင်တရစရာ ကိစ္စတစ်ခုခုရှိတာ၊ အမှားတစ်ခုခု လုပ်မိတာ

    ကျွန်တော်တို့နိုင်ငံမှာဆိုရင် လူငယ်တော်တော်များများ ဖြစ်ဖူးမယ်၊ ငါသာ ဒီတက္ကသိုလ်ကို မတက်ခဲ့ဘဲ တခြားတစ်ခု တက်ခဲ့လိုက်ရင် ကောင်းသား၊ မိဘတွေတိုက်တွန်းတာကိုပဲ တစ်သွေမတိမ်းလိုက်နာတာထက် ကိုယ်ဝါသနာပါတဲ့လမ်းနောက်ကို လိုက်ခဲ့မိလိုက်ရင်ရော၊ အမှားတစ်ခုလုပ်မိလိုက်တဲ့အခါမှာလည်း ငါအဲ့ဒီအချိန်တုန်းက ဒီလိုလုပ်ခဲ့လိုက်သင့်တာပါလား အစရှိသဖြင့် နောင်တရတာတွေ၊ ယူကြုံးမရဖြစ်တာ၊ ခံပြင်းတာတွေက ကိုယ့်ရဲ့ စိတ်ကို နောက်ဆံတင်းစေဖို့ အကြောင်းဖန်လာပါတယ်။

    ၄။ လက်ရှိဘဝကို စိတ်တိုင်းမကျတာ

    ကိုယ်မျှော်လင့်ထားသလောက် အောင်မြင်မှုမျိုးကို မရရှိတာ၊ ကိုယ်လိုချင်သလောက် ဝင်ငွေပမာဏကို မရနိုင်သေးတာ၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ပညာရေး ဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ စိတ်တိုင်းမကျတဲ့အခါမှာလည်း အဲ့လိုအတွေးတွေ ဝင်လာတတ်ပါတယ်။ ပြောရမယ်ဆိုရင် စိတ်ညစ်၊ သိမ်ငယ်၊ စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးဆို အကျိုးမရှိတဲ့ အတွေးတွေက ဝင်လာတော့တာပါပဲ။

    အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုအတွေးတစ်ခုတည်းကြောင့်တော့ ကိုယ့်ရဲ့စိတ်ကို ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုအတွေးတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ကိုယ့်ရဲ့ စိတ်ကို ဖိစီးစေတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ်တောင် မနှစ်သိမ့်နိုင်တော့လောက်အောင် စိတ်ဓာတ်တွေ ပြိုလဲသွားတဲ့အခါမှာတော့ ကိုယ့်စိတ်ကို ပြန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်

    • အတိတ်တွေကို ပြန်မတူးဆွပါနဲ့။ ဖြစ်ပြီးခဲ့တဲ့အကြောင်းအရာတွေကြောင့် လက်ရှိအချိန်မှာ ကိုယ်ဟာ အချိန်နဲ့အမျှ ကြိုးစားနေတဲ့လူကောင်းတစ်ယောက် ဖြစ်နေတယ်ဆိုတာကို လက်ခံထားပါ။
    • လက်ရှိအချိန်မှာ အမြဲတမ်း အကောင်းဆုံးကြိုးစားပါ။
    • နောင်တတွေနဲ့ အသက်မရှင်ပါနဲ့။
    • အချိန်တွေဆိုတာ ကုန်ပြီးသွားရင် ပြန်မရနိုင်တော့ပါဘူး။ ဒါကြောင့် အချိန်ကို ဘယ်တော့မှ မဖြုန်းပါနဲ့။ ကိုယ်ဝါသနာပါတာ၊ ကိုယ်ပျော်မယ်ထင်တာ၊ ကိုယ့်ဘဝအတွက် အရေးကြီးတာ၊ ဒါတွေအားလုံးကို ချင့်ချိန်ပြီးလုပ်ပါ။
    • အရာရာကို အကောင်းမြင်ပါ။ ကိုယ့်မှာရှိနေတဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့ပဲ လိုပါတယ်။
    • ကိုယ်မျှော်လင့်ထားသလောက် အောင်မြင်မှုမရသေးတဲ့အချိန်မှာ ဆက်ပြီးကြိုးစားပါ။ လူတစ်ယောက်ကျဆုံးတယ်ဆိုတာ နောက်ဆုံးထွက်သက်မှာမှ ဖြစ်နိုင်တာပါ။ မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရောင်ခြည်က ပေါ်လာစမြဲပါပဲ။
    • တခြားလူတစ်ယောက်အတွက် ဘဝကို အသက်မရှင်ပါနဲ့။ ကိုယ့်အတွက် ကိုယ့်ဘဝကို ရပ်တည်ပါ။ ဆက်ရှင်သန်ဖို့၊ ပျော်ရွှင်ဖို့ ကြိုးစားပါ။
    • မှားခဲ့တာကို သင်ခန်းစာယူပါ။ ဖြစ်ပြီးခဲ့သမျှကို ပြန်တွေးပြီး ကိုယ့်စိတ်ကို အပူလောင်မခံပါနဲ့။ ပိုကောင်းတဲ့အနာဂတ်ဆိုတာ ကိုယ့်လက်ထဲမှာ ကိုယ့်စိတ်ကြိုက် ပုံဖော်ဖန်တီးလို့ရပါတယ်။

    ကိုယ့်ရဲ့ စိတ်ကလေးကိုသာ ဒီလိုပုံစံလေး ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် ညစ်နေတဲ့ကိစ္စတွေ အနည်းနဲ့အများတော့ ရင်ထဲပေါ့သွားနိုင်မှာပါ။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement