backup og meta

တစ်ယောက်တည်း ခရီးသွားခြင်းရဲ့ အရသာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ယောက်တည်း ခရီးသွားခြင်းရဲ့ အရသာ

    သူငယ်ချင်းအုပ်စု ခရီးသွားဖို့ စီစဉ်ကြပြီဆိုပါတော့။ တောင်တက်ချင်တဲ့သူက တစ်ဖက်၊ ကမ်းခြေမှ ကမ်းခြေပဲဆိုတဲ့သူတွေက တစ်မျိုး၊ ပူတဲ့နေရာ၊ ဖုန်ထူတဲ့နေရာ၊ ပင်ပန်းတဲ့နေရာကိုဆို မသွားချင်ဘူးဆိုတဲ့သူက တစ်ဖုံ၊ ငါကဘယ်နေ့ဆိုမအားဘူးနော်၊ ငါက စနေ၊တနင်္ဂနွေပဲရတယ်ဆိုပြီး စီစဉ်လိုက်ကြတာ နောက်ဆုံး နီးမှ ကပ်ပြီး နေမကောင်းလို့၊ အိမ်ကမလွှတ်လို့ ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျက်သွားတဲ့ခရီးစဉ်မျိုးကို စီစဉ်ဖူးကြတယ်မလား။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာ ပျော်စရာကောင်းပေမဲ့ ခရီးမသွားခင် စီစဉ်တာတွေ၊ တစ်ယောက်တစ်ပေါက်ဖြစ်နေတာတွေက စိတ်ညစ်စရာကောင်းတယ်မလား။

    လေ့လာချက်တွေအရ လူအများ ခရီးမသွားဖြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ တူတူသွားဖို့ လူမရှိတာက အဓိကအကြောင်းအရင်းပါတဲ့။ တချို့ကကျတော့ တစ်ယောက်ထဲခရီးသွားတာကို အန္တရာယ်များတဲ့အတွက်၊ တစ်ယောက်တည်း အထီးကျန်တယ်ဆိုပြီး မစဉ်းစားကြဘူး။

    တကယ်တော့ တစ်ယောက်တည်း ခရီးသွားတာရဲ့ ကောင်းတာတွေက မကောင်းတာတွေထက်ကို ပိုများပါတယ်တဲ့။ ကိုယ်သွားချင်တဲ့နေရာတွေကို တူတူသွားမယ့်သူမရှိလို့ ပျက်ခဲ့ရတဲ့ ခရီးစဉ်တွေကို ဘာကိုမှ စိတ်မပူဘဲ တစ်ယောက်တည်းသွားမယ်ဆိုရင်ရော။

    ၁။ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေကို ခံစားရမယ်။

    အမြဲ အဖွဲ့နဲ့ ခရီးသွားနေရင် သိသာမှာမဟုတ်ပေမဲ့ တစ်ယောက်တည်းဖြစ်တဲ့ချိန်မှာ လွတ်လပ်ခြင်းရဲ့ အရသာကို အပြည့်အဝခံစားရမယ်။ အများနဲ့ ခရီးသွားတဲ့ချိန်မှာ သူများဘာလုပ်ချင်လဲ ဘယ်သွားချင်လဲကို စဉ်းစားစရာမလိုဘဲ ဒီလိုချိန်ဟာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး လွတ်လွတ်လပ်လပ် တစ်ကိုယ်ကောင်းဆန်လို့ရတဲ့ချိန်လည်းဖြစ်ပါတယ်။

    ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘဲ ကိုယ်လုပ်ချင်တာကိုပဲ တစ်နှစ်တစ်ခါလောက်ဖြစ်ဖြစ် လုပ်ခွင့်ရတယ်၊ ပုံမှန် မြို့ပြဘဝရဲ့ နေစဉ်လုပ်နေတဲ့အလုပ်တွေကနေ လွတ်မြောက်ခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးဟာ ဘယ်လောက် ကောင်းလိုက်သလဲ။

    ၂။ သူငယ်ချင်းသစ်တွေ ပိုရမယ်။

    ကိုယ့်သူငယ်ချင်းအုပ်စုနဲ့ပဲ ခရီးသွားရင် ဒီအုပ်စုနဲ့ပဲ စကားပြောဖြစ်နေမှာပဲ။ တစ်ယောက်တည်းဖြစ်သွားတဲ့ချိန်မှာ နေရာတိုင်းမှာ မိတ်ဖွဲ့တတ်လာမယ်။ နေရာသစ်က လူတွေရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာတွေ၊ စိတ်နေစိတ်ထားတွေကိုပိုပြီး လေ့လာဖြစ်မယ်။

    သူစိမ်းနဲ့စကားပြောတယ်ဆိုတာ အရမ်းဆိုရှယ်ကျပါတယ်ဆိုတဲ့သူတွေအတွက်တောင်မှ တစ်ခါတစ်ရံ ရှိန်နေတာတွေဘာတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်မသိတဲ့နေရာတစ်ခု နိုင်ငံတစ်ခုက လူတွေကို ကိုယ်မကျွမ်းကျင်တဲ့ ဘာသာနဲ့ပြောဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ယောက်တည်း ခရီးသွားရင်တော့ မပြောမဖြစ်ပြောရမယ့် အခြေအနေတွေရှိလာနိုင်တယ်။ လူကြားထဲစကားပြောရမှာ ကြောက်တဲ့သူတွေလည်း ဒီအခွင့်အရေးကိုယူပြီး ကိုယ့်ရဲ့လူကြောက်တတ်တဲ့စိတ်ကိုလည်း ကျော်လွှားနိုင်မယ်။ ပေါင်းသင်းဆက်ဆံရေးလည်း တိုးတက်စေနိုင်တယ်။

    ၃။ ပဋ္ဋိပက္ခတွေလည်း နည်းမယ်။

    ကိုယ်တစ်ယောက်တည်းသွားတာဖြစ်တဲ့အတွက် တခြားတစ်ယောက်ယောက်နဲ့ သွားရင်ဖြစ်လာမယ့် ပြဿနာတွေဟာရှိမှာမဟုတ်တော့ဘူး။ ခရီးသွားတာက အနည်းနဲ့အများတော့ပင်ပန်းမှာပဲ။ အိပ်ရေးကလည်း မဝ၊ စိတ်မကြည်တဲ့ချိန်တွေမှာဆို ကိုယ်နဲ့စိတ်သဘောထားချင်တိုက်ဆိုင်လွန်းပါတယ်ဆိုတဲ့သူနဲ့ တောင် ပဋ္ဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။

    ၄။ တီထွင်နိုင်စွမ်းအားတွေ တက်မယ်။

    လူတစ်ယောက်ရဲ့ တီထွင်နိုင်စွမ်းအားကို ဦးနှောက်ရဲ့ တည်ဆောက်ပုံက ဆုံးဖြတ်ပေးပါတယ်။ လူတွေရဲ့ ဦးနှောက်ဟာ ပြောင်းလဲနိုင်စွမ်းရှိတယ်၊ နေရာသစ်၊ပတ်ဝန်းကျင်သစ် တွေက ဦးနှောက်ကို ပြောင်းလဲပေးနိုင်တယ်။ နိုင်ငံသစ်တစ်ခုမှာ ရတဲ့ အတွေ့အကြုံသစ်တွေက စိတ်ကိုဖွင့်ပေးလိုက်သလိုဖြစ်ပြီး နှစ်ရှည်လများ စဉ်းစားလို့မရတဲ့ အကြောင်းအရာတွေ၊ ဆန်းသစ်တဲ့ အတွေးအမြင်တွေကို ပေးနိုင်ပါတယ်။ ဒါတွေဟာ ခရီးသွားနေတဲ့ချိန်မှာ စိတ်ဖိစီးမှုမရှိတာအတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ကင်းတဲ့ ဦးနှောက်တစ်ခုဟာ ပိုစဉ်းစားနိုင်တယ်၊ ခရီးကပြန်လာရင်လည်း အလုပ်လုပ်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း တက်စေနိုင်ပါတယ်။

    ၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာမယ်။

    ဒီအချက်ကတော့ တစ်ယောက်တည်းခရီးသွားခြင်းရဲ့  အကောင်းဆုံး အကျိုးအမြတ်လို့ထင်ပါတယ်။ လူအများစုက တစ်ယောက်တည်းဖြစ်တယ်ဆိုတဲ့အတွေးနဲ့ သိပ်ပြီး အဆင်မပြေဘူး။ စားသောက်ဆိုင်ထဲကို ဝင်ထိုင်ပြီး တစ်ယောက်တည်း ထိုင်ခုံမှာ စားရတဲ့အဖြစ်ဟာ ကြောက်စရာကောင်းတဲ့အတွေးတစ်ခုဖြစ်တယ်လို့ထင်ကြတယ်။ ခရီးသွားလို့ တစ်ယောက်တည်း ထမင်းစားရတဲ့ချိန်မှာ ဘေးပတ်ဝန်းကျင်ကို ပိုပြီး စူးစမ်းလေ့လာဖြစ်မယ်။ လူတွေကိုကြည့်ရတာ ဘယ်လောက်ပျော်စရာကောင်းတဲ့အလုပ်လဲ ဆိုတာကို သိလာမယ်။ တစ်ယောက်တည်းဖြစ်တယ်ဆိုတဲ့ ဖြစ်တည်မှုအပေါ် ပိုပြီး သက်တောင့်သက်သာရှိလာမယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ ကိုယ်ပျော်နေရင်ပြီးရောဆိုပြီး သွားလည်ချင်တဲ့နေရာသွားလည်မယ် စားချင်တာလေးတွေ စားကြည့်မယ် တွေ့တဲ့သူတွေနဲ့ မိတ်ဖွဲ့မယ် ဒီလိုမျိုး ခံစားချက်ဟာ ဘယ်သူမှကိုယ့်ဘေးမှာမရှိလည်း ကိုယ့်အားကိုယ်ကိုးနိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်လည်း တိုးနိုင်ပါတယ်။ ဒါကြောင့် ခရီးသွားပြီးရင် စိတ်သစ်၊ လူသစ်ဖြစ်သွားတယ်ဆိုပြီး ပြောကြတာပေါ့။

    ခရီးသွားတယ်ဆိုတာ ဘဝရဲ့ အတွေ့အကြုံကောင်းတစ်ခုပါ။ ခရီးတွေအများကြီး ထွက်ဖို့ အခွင့်အရေးတွေ ရှိတုန်းမှာ အဖော်မရှိလို့ဆိုတဲ့ အကြောင်းပြချက်ကို မပေးပါနဲ့တော့။ မလုပ်ဖူးတဲ့အရာတွေကို လုပ်ရင်း ဘဝကို အပြည့်ဝဆုံး ဖြတ်သန်းကြည့်ပါ။ ကိုယ် အဆင်ပြေနေတဲ့နေရာတစ်ခု၊ အခြေအနေတစ်ခုမှာပဲ ရပ်မနေပါနဲ့။ တစ်ယောက်တည်းခရီးသွားတာဟာ ခရီးသွားခြင်းရဲ့ အရသာ အစစ်အမှန်ဖြစ်ကြောင်း ခံစားမိလာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement