backup og meta

ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

    ဒီပရက်ရှင် ဝင်တယ်၊ စိတ်တွေ ကျနေတယ် ဆိုတာကို လူမှုကွန်ရက်တွေမှာ ထမင်းစားရေသောက် ပြောနေကြတာ တွေ့တွေ့နေရပါတယ်။ ဒီလို ပြောရင်း ပုံမှန်နေထိုင်၊ သွားလာ၊ လုပ်ကိုင်နေနိုင်သေးတာတော့ ဝမ်းသာစရာပေါ့လေ။

    ဒါပေမယ့် စိတ်ဓာတ်ကျတယ် ဆိုတာ တတ်နိုင်သလောက် စောစော ဖြေရှင်းသင့်တဲ့ အရာပါ။ ပါးစပ်ကသာ ငါ စိတ်ကျရောဂါ ဖြစ်နေပြီလို့ ပြောပြောနေကြပေမယ့် တကယ်တမ်း ကုသဖြေရှင်းဖြစ်တာ နည်းပါတယ်။ ဒီလိုပဲ အဆင်ပြေသွားမှာပါပဲ လို့လေ။

    ဒီလိုနဲ့ …

    နောက်ပိုင်းမှာ စိတ်ကျ ဝေဒနာ ပြင်းထန်လာရင် အစာစားချင်စိတ် မရှိတော့တာ၊ ပိန်ကျသွားတာ၊ အိပ်မပျော်တော့တာ၊ သတ်သေချင်စိတ် တွေ ဖြစ်လာတာတွေ အထိ ဖြစ်လာတဲ့ အခါ အန္တရာယ် ရှိပါတယ်။ ဒီအဆင့် ကို မရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့ လက္ခဏာအဆင့်တွေ ဖြစ်နေပြီလား ဆိုတာ အချိန်မီ သိဖို့ လိုပါတယ်။ ကိုယ်တိုင် မဟုတ်လည်း ချစ်ခင်ရင်းနှီးရသူ တွေမှာလည်း ဒီလက္ခဏာတွေ ရှိနေပြီလား ဆိုတာ ပြန်ဆန်းစစ်ပါနော်။

    စိတ်ကျ လက္ခဏာ ပြင်းထန်လာရင်

  • ညအိပ်မပျော်ဘူး သို့မဟုတ် အရမ်းအိပ်လွန်းတယ်
  • ဆတ်ဆတ်ထိမခံ စိတ်တိုလွယ်တယ်
  • ကိုယ် အမြဲ နှစ်သက်နေကျ အရာတွေ၊ အလုပ်တွေကို စိတ်မဝင်စားတော့ဘူး
  • မကောင်းတာတွေ ဖြစ်လာတော့မယ် လို့ ခံစားနေရတယ်
  • မျှော်လင့်ချက် မဲ့သလို ခံစားလာရတယ် (လမ်းပျောက်နေတယ်)
  • သေသွားရင် ကောင်းမယ် ဆိုတဲ့ အတွေး ခဏခဏပေါ်နေတယ်
  • သိပ်ကို ပြင်းထန်လာရင် ထင်ယောင်ထင်မှား ဖြစ်တာတွေ၊ ကယောင်ကတမ်း မြင်တာတွေ ဖြစ်လာတယ်
  • စားတာ၊ အိပ်တာ၊ အပေါ့အလေး စွန့်တာတွေ၊ အလုပ်တာဝန်တွေမှာ သူများအကူအညီ လိုအပ်လာတယ် စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
  • ကိုယ့်ကိုယ်ကို အဆုံးစီရင်မိနိုင်တဲ့ ပိုဆိုးလာနိုင်တယ်

    • ဘဝကြီးက စိတ်ကုန်စရာ ကောင်းတဲ့အကြောင်း၊ ပျောက်ကွယ်သွားချင်ကြောင်း ပြောနေခဲ့ရင်
    • နာကျင်မှု တစ်စုံတစ်ရာ မှာပဲ ပိတ်မိခံစားနေရင်
    • တစ်ယောက်ယောက် အပေါ် အရမ်းအပြစ်တင်နေရင်
    • အရက် သို့မဟုတ် မူးယစ်ဆေးတွေ အလွန်အကျွံသုံးနေရင်
    • အာရုံမဲ့ လှုပ်ရှားတာတွေ၊ စိတ်နဲ့ လူနဲ့ မကပ်ဘဲ မတော်တဆတွေ အများကြီး လုပ်မိရင်
    • လုံးဝ မအိပ်သလောက် နီးနီး အအိပ်မမှန်ရင်
    • မလိုအပ်ဘဲ ဒေါသကြီးလွန်းနေတာ ဒါမှမဟုတ် မကျေနပ်ကြောင်း အပြင်းအထန် ပြောနေရင်
    • စိတ်အပြောင်းအလဲ သိသိသာသာ မြန်လွန်းရင် ကုသစောင့်ရှောက်မှု၊ အားပေးမှု လိုအပ်နေပါပြီ။

    သူတို့ကို –

    ကူညီပါ

    စိတ်ကျ ဝေဒနာ ခံစားနေရတဲ့သူတွေကို ကူညီပေးသင့်ပါတယ်။ ကိုယ့်မှာ ဖြစ်နေလည်း ကိုယ့်ကို အခုလို ကူညီပေးနိုင်မယ့် ရင်းနှီးသူ တစ်ယောက်ကို အကူအညီ တောင်းပါ။ ကိုယ်ချစ်ခင်ရသူတွေမှာ အထက်ပါလက္ခဏာတွေ တွေ့ရရင်လည်း ကူညီပေးလိုက်ပါ။ လမ်းပျောက်နေသူကို အလင်းရောင်ပေးရတာ အမွန်မြတ်ဆုံး အလုပ်တွေထဲ ပါဝင်ပါတယ်နော်။

    နားထောင်ပေးပါ

    အထီးကျန်စိတ်၊ ဝမ်းနည်းစိတ်၊ နာကျင်မှုတွေ၊ ဖိစီးမှုတွေ ထမ်းပိုးထားရတဲ့သူတွေဆီက ရင်ဖွင့်သံကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါ။ စိတ်နေသူတွေဟာ လူမှုဆက်ဆံရေးမှာ အနုတ်လက္ခဏာပြတဲ့သူ ဖြစ်လာတာ ဆိုတော့ သူတို့ရဲ့ ရှက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှုတွေအကြောင်း ရင်းနှီးသူကိုပဲ ဖွင့်ပြမှာဖြစ်ပါတယ်။

    စကားပြောပေးပါ

    စကားပြောဖော် အဖြစ် ရှိနေပေးရင်လည်း သိပ်ကျေးဇူးတင်ကြမှာပါ။ စကားပြောရင်းနဲ့မှ သူတို့ရဲ့ဝေဒနာအရင်းခံတဲ့ ဇစ်မြစ်တွေ၊ ခံစားချက်တွေပြောထွက်လာမှာပါ။ ဒါမှ ကိုယ်ဘယ်လိုအားပေးရမလဲ သိနိုင်မှာပေါ့။ မဟုတ်ရင် သူတို့ရဲ့ဝမ်းနည်းမှုတွေ၊ မျှော်လင့်ချက် ကင်းမဲ့တာတွေ၊ အပြစ်ရှိသလို ခံစားနေရတာတွေကို ဘာကြောင့်ဖြစ်နေလဲ ကိုယ်သိနိုင်မှာ မဟုတ်ဘူးလေ။

    လက်တွေ့ ကူညီပါ

    အကြီးအကျယ် စိတ်ဓာတ်ကျနေသူကို စကားနဲ့ အားပေးတာ အပြင် အသေးအဖွဲလေးပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်တာ လက်တွေ့ကူညီပေးလိုက်ပါ။ သူစိတ်ပေါ့ပါးစေဖို့ လက်ဆောင်လေးပေးတာ၊ အပြင်အတူသွားပေးတာ၊ မုန့်သွားစားတာ မျိုးတွေ လုပ်ပေးလိုက်ပါ။

    အကြံပေးပါ

    သူ့ရဲ့ စိတ်ပင်ပန်းမှု အရင်းခံပြဿနာကို ဖြေရှင်းမပေးနိုင်ရင်တောင်မှ နည်းလမ်းမှန်ဆီ ရောက်ရှိစေမယ့် လမ်းကြောင်းတစ်ခုကို အကြံပေးနိုင်ဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း ပိုလုပ်ဖို့၊ အားဆေး သောက်ဖို့၊ စာအုပ်တွေ ဖတ်ဖို့လောက် အကြံပေးဖို့ မဟုတ်ပါဘူး။ ပြဿနာတိုင်းမှာ အဖြေရှိတဲ့ အကြောင်း အသိပေးတာ၊ ထွက်ပေါက် မရှိတဲ့ ပိတ်မိခြင်းတွေအတွက် အဖြေ ရှိကြောင်း သွယ်ဝိုက်ပြီး နားချတာ၊ ဆေးကုသမှုခံယူဖို့ လမ်းပြတာလိုမျိုး ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပါ။

    မေးပါ

    စိတ်ပင်ပန်းစရာ ဘာတွေရှိနေလဲ။ ကိုယ့်ဘက်က ဘာအကူအညီပေးနိုင်မလဲ။ သူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ကိုယ်တတ်နိုင်တာ ရှိသလား သွယ်ဝိုက်ပြီး ဖြစ်ဖြစ် မေးပါ။

    ဒီလိုမျိုး တတ်နိုင်တဲ့ဘက်က ကူညီအားပေးတဲ့ အခါ သူ့အတွက် တစ်ခုခု အထောက်အကူ ဖြစ်စေတယ် ဆိုရင် လုံလောက်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement