backup og meta

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ


Ye Myo Myat မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ

    စိတ်ကျန်းမာရေးဆိုတာ ပုံမှန်လူသားတိုင်း နားလည်နိုင်စွမ်း အလွန်နည်းပါတဲ့ ကျန်းမာရေးခေါင်းစဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ကျန်းမာရေးဗဟုသုတနည်းတဲ့ နိုင်ငံမျိုးတင်မကဘဲ တကယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ပြည်သူလူထုများက စိတ်ကျန်းမာရေးကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိကြပါဘူး။

    စိတ်ကျန်းမာရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်လိုက်ရင် လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ရူးနေတာ၊ လွတ်နေတာ၊ ဆိုက်ကိုဖောက်နေတာ၊ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတာဆိုပြီးတော့ ပြန်ဖြေပါလိမ့်မယ်။

    စိတ်ကျန်းမာရေးဆိုသည်မှာ

    စိတ်ခံစားချက်၊ တွေးခေါ်ပုံ၊ အပြုအမူတွေအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးပြဿနာလို့ ခေါ်ပါတယ်။ လိင်သတ်မှတ်ချက်၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေတာပါ။

    စိတ်ကျန်းမာရေးပြဿနာတွေဟာ လူနည်းစုမှာသာ ဖြစ်နိုင်တာလား။

    ပြောရင်တော့ ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ စိတ်ကျန်းမာရေးပြဿနာ မရှိသူဟာ မရှိသလောက်ကို နည်းပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ၊ ငယ်စဉ်က ဖြတ်သန်းလာခဲ့ရတဲ့ နာကျင်မှု စိတ်ဒဏ်ရာတွေ၊ လောကဓံရဲ့ တိုက်စားမှုတွေ၊ ဘဝနေထိုင်မှုဆိုင်ရာ ကြပ်တည်းမှုတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ သူတွေကိုတောင် ယိုင်နဲ့သွားစေလောက်အောင် ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့်လည်း ရုပ်နဲ့ ခန္ဓာဟာ လူတွေကို အသက်ရှင်စေတဲ့ စက်ယန္တရားလို့ဆိုကြပြီး စိတ်ခံစားချက်နဲ့ အတွေးအခေါ်ဆိုတာ ထိုစက်ယန္တရားတွေကို ရွေ့လျားစေဖို့ ကူညီပေးတဲ့ လောင်စာဆီလို့ ဆိုရမှာပါ။

    စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတိုင်း ရူးနေတာလား။

    ရူးတယ်ဆိုတာ မိမိရဲ့ ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားတဲ့ အလွန်ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒါပေမယ့် ပုံမှန်စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာ၊ ဝမ်းနည်းတာမျိုးကိုတော့ ရူးတယ်လို့ သတ်မှတ်လို့ မရပါဘူး။ စိတ်ကျန်းမာရေးပြဿနာလို့သာ သတ်မှတ်လို့ ရပါတယ်။

    လူတွေက ကိုယ့်စိတ်အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ခွဲခြားနိုင်ကြလား။

    ပျော်ရင် ပျော်တယ်၊ ဝမ်းနည်းရင် ဝမ်းနည်းတယ်၊ ဒီလိုမျိုး အပေါ်ယံ ခံစားမှုမျိုးကိုတော့ လူတိုင်းခွဲခြားတတ်မှာပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာဆိုတာ အဲဒီလောက် ခွဲခြားရ မလွဲပါဘူး။ ဥပမာ – ရိုးရိုး စိတ်ညစ်တာကို စိတ်ဓာတ်ကျတယ်လို့ ထင်ရင် ထင်လိမ့်မယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တာကို စိတ်အတက်အကျမြန်ရောဂါလို့လည်း ထင်တဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘာခံစားလို့ခံစားနေရမှန်းမသိဘဲ အရာရာပျောက်ဆုံးနေသလို ခံစားနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။

    စိတ်ကျန်းမာရေးပြဿနာ ကြုံတွေ့နေရသူတွေဟာ သူတို့ခံစားနေရတာတွေကို ဘာလို့ရင်မဖွင့်ကြတာလဲ။

    လူငယ်တွေရော လူကြီးတွေမှာပါ ဒီလိုအမူအကျင့်တွေ ရှိတာကို ပြင်ပလောကမှာလည်း ခဏခဏ မြင်ရကြားရပါတယ်။ ကိုယ်ဒီလိုခံစားနေရတာတွေကို သူများပြောလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းတွေကို ပြန်ပြောပြီး ဟားတိုက်ရယ်မောနေကြမလား၊ ကိုယ့်ကို အားပေးနှစ်သိမ့်တာမျိုး မလုပ်ဘဲ ဝေဖန်ကဲ့ရဲ့ကြမလား၊ အထင်သေးကြမလား၊ ကိုယ့်မိသားစုကရော ကိုယ်ဘာတွေခံစားနေရလဲ သိပြီးသွားရင် ဝမ်းနည်းကြမလားဆိုပြီး အတွေးပေါင်းစုံ ဝင်လာတာနဲ့ ပြောမယ့်အရာတွေ အကုန်မျိုသိပ်လိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ ငြိမ်ငြိမ်နေလိုက်ကြတော့တာပါပဲ။

    ဒီလိုမျိုး မျိုသိပ်လိုက်တဲ့အခါ ခံစားချက်တွေက ပျောက်သွားတာမျိုးမဟုတ်ဘဲ သဲနဲ့ဖုံးလိုက်သလို ဖြစ်သွားတဲ့အတွက် နောက်ထပ် စိတ်ညစ်စရာတွေ ဝင်လာတဲ့အခါ အရင်ခံစားနေရတာတွေရော နောက်ထပ်ခံစားရတာပါ ပေါင်းသွားပြီး လူက ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်လာကာ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ပြုမူတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ရှောင်ရှားဖို့အတွက် ဘေးလူတွေအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ဘယ်လိုပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်နေတတ်လဲ၊ စကားမျိုးတွေ ပြောနေတတ်လဲဆိုတာ အမြဲစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

    ဘယ်လိုလူမျိုးကတော့ စိတ်ရောဂါမဖြစ်နိုင်ဘူးဆိုပြီး သတ်မှတ်လို့ရလား။

    နာမည်ကြီး အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတယ် ဆိုတဲ့ သတင်းတွေတက်လာရင် သူတို့အကြောင်း ဘာမှမသိကြတဲ့ ဘေးလူတွေက “ရုပ်ကလေး ချောနေလျက်နဲ့ ဘာလို့သတ်သေသွားရတာလဲ၊ ဝင်ငွေကလည်း ကောင်းနေတာပဲ၊ အဆိုတော်ဆိုတာ ငါတို့ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားတတ်လိုက်တာ၊ အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ကြဘူးနော်၊ သူတို့ထက် အဖြစ်ဆိုးတဲ့သူတွေ လောကမှာအများကြီးမရှိတာတောင် မသတ်သေကြဘူး” အစရှိသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ၊ ကာယကံရှင်နဲ့လည်း မသက်ဆိုင်တဲ့အရာတွေကို အများဆုံး ပြောတတ်ကြပါတယ်။

    အပေါ်မှာလည်း တစ်ခေါက်ပြောခဲ့ပြီးပါပြီ။ စိတ်ကျန်းမာရေးဆိုတာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဘယ်လိုလူမျိုးမို့လို့ စိတ်ရောဂါဖြစ်ခွင့်မရှိဘူးဆိုပြီး တရားသေသတ်မှတ်တာက လောကနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့တွေးခေါ်မှုပုံစံ ကျဉ်းမြောင်းတယ်ဆိုတာကို ပြသနေတာပါပဲ။

    စိတ်ကျန်းမာရေးပြဿနာသည် ကုသရခက်တယ်ဆိုတာ ဟုတ်သလား။

    ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက်တစ်ခုခုရှိရင် သောက်စရာဆေးရှိတယ်၊ အာထရာဆောင်း ရိုက်ပြီး စစ်ကြည့်လို့ ရတယ်၊ မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ထုတ်လိုက်လို့ ရတယ်၊ လွယ်တာတော့ မဟုတ်ပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ တော်တော်များပါတယ်။ စိတ်ကျန်းမာရေးပြဿနာမှာ ဝေဒနာရှင်က စိတ်ဓာတ်ကျနေတဲ့ လက္ခဏာပြနေရင်တောင် ဒီလူဆီမှာ စိတ်ကျရောဂါရှိတယ်လို့ အတိအကျပြောလို့ မရသလို တခြားစိတ်ရောဂါတွေ မရှိဘူးလို့လည်း အလွယ်တကူသတ်မှတ်လို့ မရပါဘူး။

    လူနာရှင်ရဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝနေထိုင်မှုပုံစံ၊ စကားပြောဆိုမှု၊ ခြေဟန်လက်ဟန် မျက်နှာဟန်ပန်အမူအရာတွေ၊ ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်အကြာကြီး ဆွေးနွေးပြီးမှ ရောဂါဇစ်မြစ်ကို သတ်မှတ်လို့ ရပါတယ်။ ရောဂါသိပြီးသွားရင်လည်း တွေးခေါ်မှုပိုင်းဆိုင်ရာ စိတ်ကုထုံးတွေ၊ စိတ်ငြိမ်စေတဲ့ ဆေးတွေ၊ စိတ်လေ့ကျင့်ခန်းတွေ စတာတွေကို လုပ်ပေးဖို့အတွက် လူနာတွေကိုယ်တိုင်က စိတ်မရှည်ကြသလို ရောဂါပျောက်ဆေးမဟုတ်တဲ့အတွက် သိပ်ပြီး ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေလည်း မရှိကြပါဘူး။ နောက်တစ်ချက်က စိတ်ရောဂါတွေဟာ အချိန်အကြာကြီး ရောဂါကိုပိုးမွေးသလို မွေးပြီးမှ ဖြစ်လာတဲ့ပြဿနာဖြစ်တဲ့အတွက် ကုသဖို့အချိန်ဟာလည်း နှစ်ရှည်လများစွာ ကြာမြင့်နိုင်ပါတယ်။

    ကိုယ့်ရဲ့စိတ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာများတွေ့လာရင် ဘာလုပ်သင့်လဲ။

    • ကိုယ်ချစ်ရတဲ့၊ ယုံကြည်ရတဲ့သူတွေကို ကိုယ့်ပြဿနာများအကြောင်း ရင်ဖွင့်ပါ။
    • ရင်ဖွင့်စရာလူမရှိရင် စိတ်ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
    • ကိုယ်တစ်ယောက်တည်း ဒီလိုမျိုးခံစားနေရတယ်လို့ မသတ်မှတ်ထားပါနဲ့၊ ကိုယ့်လိုပဲ စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေ အများကြီးရှိပါတယ်။
    • စိတ်ရောဂါ၊ စိတ်ကျန်းမာရေးပြဿနာဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဒါတွေကို လိုက်ပြီးနှိမ့်ချဆက်ဆံနေသူတွေရဲ့ အပြုအမူတွေကသာ ရှက်စရာကောင်းတာပါ။
    • စိတ်ညစ်ရင် စိတ်ထွက်ပေါက်ဖြစ်စေမယ့် အရာတစ်ခုခု ထလုပ်ပါ။
    • မကောင်းတဲ့ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဖွင့်ထုတ်ပါ။ ရင်ထဲ မျိုသိပ်မထားပါနဲ့။
    • စိတ်ကျန်းမာရေးပြဿနာရှိလို့ ကိုယ်ဟာ တခြားသူတွေထက် တစ်ဆင့်မနိမ့်သွားပါဘူး။ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေကို အရှိအတိုင်း လက်ခံပါ။ မကောင်းဘူးထင်ရင် ပြင်ဆင်ပါ။ လောကမှာ အပြစ်အနာအဆာကင်းပြီး အမှားအယွင်းမရှိတဲ့သူဆိုတာ မရှိပါဘူး။ လဲကျရင် ပြန်ရပ်ပါ။ အမှားလုပ်ခဲ့မိရင် သင်ခန်းစာယူပြီး ပြင်ဆင်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement