backup og meta

စိတ်ကျခြင်း၏ ပုန်းလျှိုးကွယ်လျှိုးလက္ခဏာများ


Dr. Thant Zin မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျခြင်း၏ ပုန်းလျှိုးကွယ်လျှိုးလက္ခဏာများ

    စိတ်ကျခြင်းလက္ခဏာဟာ လူတိုင်းမှာ ဖြစ်ပေါ်ပုံခြင်း မတူညီပါဘူး။ လူတချို့မှာ စိတ်ဓာတ်ကျဆင်းနေမှန်း သိသာပေမယ့် တချို့မှာတော့ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကျဆင်းသူတွေမှာ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း စတာတွေဟာ အတွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေဟာ သိသာတဲ့အတွက် အလွယ်တကူ သတိပြုမိနိုင်ပေမယ့် လက္ခဏာတချို့ဟာတော့ ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်ပါတယ်။

    ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ကျခြင်းရဲ့ လူသိနည်းတဲ့ လက္ခဏာတွေအကြောင်း ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကို သိရှိထားမှသာ မိမိဝန်းကျင်မှာ တစုံတယောက် စိတ်ဓာတ်ကျဆင်းနေသလား၊ ဆေးဝါးကုသမှု လိုအပ်နေသလား ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    အစားအသောက်နှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်း

    အစားအသောက် စားလွန်းခြင်း၊ ဒါမှမဟုတ် မစားနိုင်ခြင်းဟာ စိတ်ကျခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ လူတချို့ဟာ စိတ်ဓာတ်ကျဆင်းလာချိန်မှာအစားအသောက် စားချင်စိတ် ကုန်ခမ်းသွားပါတယ်။ တချို့ကတော့ မိမိတို့စိတ်ကို ပြေရာပြေကြောင်းအနေနဲ့ ရှာဖွေစားသောက်ကြပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျဆင်းသူတွေမှာ တချို့ဟာ ကိုယ်အလေးချိန် တိုးလာပြီး တချို့ကတော့ ပိန်ကျသွားပါတယ်။

    အိပ်စက်မှုပုံစံပြောင်းလဲခြင်း

    စိတ်အခြေအနေနဲ့ အိပ်စက်ပုံကြားမှာ ခိုင်မာတဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အိပ်ရေးပျက်လာတဲ့အခါ စိတ်ဓာတ်ကျလာနိုင်သလို စိတ်ကျခြင်းကြောင့်လည်း အိပ်မပျော်နိုင် ဖြစ်လာတတ်ပါတယ်။ အမေရိကန် အမျိုးသား အိပ်စက်မှုဆိုင်ရာ ဖောင်ဒေးရှင်းရဲ့ အဆိုအရ အိပ်မပျော်သူများဟာ ပုံမှန်လူများထက် ဆယ်ဆခန့် စိတ်ဓာတ်ကျဆင်းနိုင်ခြေ ပိုများကြောင်း သိရပါတယ်။ အလွန်အမင်း အိပ်စက်ခြင်းဟာလည်း စိတ်ဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာတခု ဖြစ်နိုင်ပါသေးတယ်။

    အရက် (သို့) ဆေးဝါးများ သုံးစွဲခြင်း

    လူတချို့ဟာ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း စတဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ဖြေဖျောက်နိုင်ဖို့ အရက် ဒါမှမဟုတ် ဆေးဝါးတွေကို သုံးစွဲကြပါတယ်။ အမေရိကန်နိုင်ငံမှာ စိတ်ဓာတ်ကျဆင်းခြင်း ခံစားနေရသူများ ၅ဦးအနက် တဦးဟာ အရက် (သို့) မူးယစ်ဆေးဝါး သုံးစွဲတတ်ကြကြောင်း မှတ်တမ်းများအရ သိရပါတယ်။

    ပင်ပန်းနွမ်းနယ်ခြင်း

    အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းဟာ စိတ်ဓာတ်ကျဆင်းချိန်မှာ တွေ့များတဲ့ လက္ခဏာဖြစ်ပါတယ်။ သုတေသနများအရ စိတ်ဓာတ်ကျဆင်းသူများရဲ့ ၉၀%ဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တတ်တာ လူတိုင်းရဲ့ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် အင်အားပြန်လည်ပြည့်ဝခြင်းမရှိဘဲ တောက်လျှောက် နွမ်းနယ်နေမယ်ဆိုရင်တော့ စိတ်ဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာတခု ဖြစ်နေနိုင်ပါတယ်။

    လုပ်ယူရသော ပျော်ရွှင်ခြင်း

    ပုန်းလျှိုးကွယ်လျှိုးနဲ့ စိတ်ဓာတ်ကျနေခြင်းကို ပြုံးနေလျက်နဲ့ စိတ်ကျခြင်းလို့လည်း ညွှန်းဆိုကြပါတယ်။ စိတ်ထဲမှာ ခံစားမှုမကောင်းပေမယ့် ဟန်လုပ်ပြုံးနေရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လူအများအလယ်မှာ ဟန်လုပ်ပြီး ပျော်ရွှင်နေတတ်ကြပါတယ်။ ဒါပေမယ့် ဟန်လုပ်ယူထားရတဲ့ ပျော်ရွှင်ခြင်းဟာ တာရှည်မခံပါဘူး။ မျက်နှာဖုံးကွာကျလွယ်ပြီး ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    အကောင်းမြင်စိတ်နည်းခြင်း

    စိတ်ဓာတ်ကျဆင်းသူတွေကို သတိပြုတဲ့အခါ သူတို့ဟာ အရာရာကို အကောင်းမြင်စိတ်နည်းတာ တွေ့မှာ ဖြစ်ပါတယ်။ မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဆိုးမြင်စိတ်တွေနဲ့ တွေးတောနေတတ်ပါတယ်။ မိမိဝန်းကျင်မှာ တစုံတဦးဟာ အရာရာကို အဆိုးမြင်နေတတ်ရင် သတိထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အများထက်ပိုပြီး လက်တွေ့ဆန်လွန်း၊ အကောင်းမြင်လွန်းနေရင်လည်း စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တခြား လက္ခဏာတွေ ရှိမရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    အာရုံစူးစိုက်မှု မပြုနိုင်ခြင်း

    စကားပြောနေရင်းနဲ့ ပြောနေတဲ့အကြောင်းအရာကို မစူးစိုက်နိုင်ဘဲ မကြာခဏ အာရုံလွင့်ပျံ့သွားသူတွေကို တွေ့ဖူးကြပါလိမ့်မယ်။ မှတ်ဉာဏ်မကောင်းခြင်း၊ အာရုံစူးစိုက်မှု မပြုနိုင်ခြင်း စတာတွေဟာ စိတ်ဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာ လူမှုဆက်ဆံရေး ပုံရိပ်ကိုပါ ထိခိုက်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

    ဒေါသထွက်လွယ်ခြင်း၊ ဆတ်ဆတ်ထိမံခြင်း

    လူတချို့ဟာ စိတ်ဓာတ်ကျချိန်မှာ ဝမ်းနည်းခြင်းအစား အရာရာကို စိတ်အလိုမကျ သည်းမခံနိုင်ခြင်း၊ ဆတ်ဆတ်ထိ မခံခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒေါသဖြစ်လွယ်သူတွေကို စိတ်ဓာတ်ကျဆင်းနေသူတွေလို့ ထင်မိမှာ မဟုတ်ပါဘူး။

    လိင်စိတ်ဆန္ဒနည်းပါးခြင်း

    နောက်ပိုင်းမှာ ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျဆင်းမှုကို ရောဂါအတည်ပြုရာမှာ လိင်စိတ်ဆန္ဒ နည်းပါးခြင်းကိုပါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ လူတယောက်ရဲ့ လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းအရာတွေ များစွာ ရှိပါတယ်။ လိင်မှုကိစ္စကို မသာယာတော့ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုလျော့ရဲခြင်း စတာတွေ ဖြစ်ပါတယ်။

    သင်ချစ်ရသူတွေမှာ ဒီလက္ခဏာတွေ့တဲ့အခါ ဘာလုပ်မလဲ

    မိမိချစ်ခင်ရသူတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ စိတ်ကျခြင်းရဲ့ လက္ခဏာတွေ တွေ့လာပြီဆိုရင် တတ်နိုင်သမျှ နားလည်ပေးပါ။ အဖော်လုပ်ပေးပါ။ ပျော်ရွှင်ဖွယ်ရာ အချိန်တွေ ဖန်တီးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း အတူပြုလုပ်ပါ။ အထီးကျန်ဆန်ဆန် မနေစေဘဲ လူမှု အသိုင်းအဝိုင်းထဲ ဆွဲခေါ်ပါ။ အကောင်းမြင်စိတ်နဲ့ တွေးတောတတ်စေဖို့ ဝိုင်းဝန်းကူညီပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement