backup og meta

ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ ။

    ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ ဆိုရိုးစကားလေးကြားဖူးမှာပါ။ မိန်းကလေးတွေမှာ မီးယပ်ပြဿနာ အဖြစ်များသလို ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေက ယောကျာ်းလေးတွေမှာ အများဆုံးဖြစ်တဲ့ ဝေဒနာတစ်ခုပါ။ ဆီးလမ်းကြောင်းပြဿနာတွေထဲမှာမှ ဒီနေ့ပြောပြပေးချင်တာက ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ ။

    ဝှေးစေ့ပြဿနာများ

    ( ၁ ) Epididymitis – သုက်ပို့ပြွန်ရောင်ခြင်း။

    Testicles လို့ခေါ်တဲ့ ဝှေးစေ့က သုက်ပိုးတွေကို လိင်တံ penis ဆီရောက်အောင်ပို့ပေးတဲ့ ပြွန် epididymis ရောင်တဲ့ ပြဿနာဖြစ်ပါတယ်။ ရောင်လာတဲ့ ဒဏ်က ဝှေးစေ့ကိုပါရောက်သွားပြီး ဝှေးစေ့ပတ်လည်ပါလိုက်ရောင်လာတာကို epididymo-orchitis လို့ခေါ်ပါတယ်။

    • လက္ခဏာတွေကတော့ ကပ္ပာယ်အိတ်ပတ်လည်မှာ နာကျင်မှု၊ ရောင်ရမ်းမှုတွေလည်းဖြစ်နေတတ်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။

    • ကလေးအရွယ်နဲ့ မြီးကောင်ပေါက် အရွယ်တွေမှာ ပိုဖြစ်နိုင်တယ်ဆိုပေမယ့် အရွယ်ရောက်ပြီးသား သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

    • chlamydia ၊ gonorrhoea တို့လို လိင်ကတဆင့် ကူးစက်တတ်တဲ့ ဘက်တီးရီးယားအကောင်တွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကြောင့် အဖြစ်များပါတယ်။

    • ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုတော့ ကုသနည်းက ပဋိဇီဝ ပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကပ္ပာယ်အိတ်ပေါ် ရေခဲကပ်တာတွေပဲ ဖြစ်ပါတယ်။

    ( ၂ ) Hydrocele – ကပ္ပာယ်အိတ်အရည်စုပြီး ကြီးခြင်း

    ဝှေးစေ့ပတ်လည်နံရံက အရည်တွေစိမ့်ထွက်ပြီး ကပ္ပာယ်အိတ်ကြီးတဲ့ ပြဿနာတစ်ခုပါ။

    • ကိုင်ကြည့်လိုက်ရင် ပျော့ပျောင်းနေတတ်ပြီး နာတာ ထုံတာတွေလည်း မရှိပါဘူး။

    • မွေးကင်းစကလေးတွေမှာ ဖြစ်တတ်သလို အရွယ်မရွေးဖြစ်နိုင်ပါတယ်။

    ကပ္ပာယ်အိတ်ကြီးတာ အခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရောဂါဇာစ်မြစ်ကို သေချာရှာကုသဖို့လိုပါတယ်။

    • များနေတဲ့အရည်တွေကို အပ်နဲ့စုပ်ထုတ်တာလည်းရှိသလို ခွဲစိတ်မှုလုပ်ပြီး ကုသတာမျိုးလည်းရှိပါတယ်။

    ( ၃ ) Torsion – သုက်ပို့ပြွန်လိမ်ခြင်း

    Testicles နှစ်လုံးကို ကပ္ပာယ်အိတ်ထဲမှာ သုက်လွှတ်ပြွန်ဖြစ်တဲ့တဲ့ spermatic cordက ချိတ်ဆွဲထားလေ့ရှိပါတယ်။ တစ်ရံတစ်ခါ ဒီ သုတ်လွှတ်ပြွန်လိမ်သွားပြီး ဝှေးစေ့ဆီသွေးရောက်တာ နည်းသွားတာ ဝှေးစေ့တစ်ရှူးတွေ ပုပ်သွားတတ်ပါတယ်။

    • လက္ခဏာတွေကတော့ ဝှေးစေ့မှာ ရုတ်တရက်နာလာတာ၊ ကပ္ပာယ်အိတ်ရောင်လာတာ၊ အဖျားတက်တာနဲ့ ပျို့အန်ချင်တာတွေပဲ ဖြစ်ပါတယ်။

    • ဝှေးစေ့ဆီသွေးမရောက်ဘဲ ပုပ်သွားနိုင်တာကြောင့် ဒီပြဿနာဟာ ကုသမှု အမြန်ခံယူဖို့လိုအပ်တဲ့ပြဿနာတစ်ခုပါ။

    ( ၄ ) Varicoceles – သွေးပြန်ကြောထုံးခြင်း

    ခြေသလုံး တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုပေမယ့် ရံဖန်ရံခါ သွေးကြောထုံးတွေက ကပ္ပာယ်အိတ်အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။

    • အဓိက လက္ခဏာတွေကတော့ ဘယ်ဘက်ဝှေးစေ့မှာ အမြဲရှိတတ်ပြီး နာကျင်မှု မရှိပါဘူး။ တီကောင်လို တွန့်လိမ်လိမ်သွေးကြောထုံးတွေကို ကပ္ပာအိတ်မှာမြင်ရတတ်ပြီး မတ်တပ်ရပ်လိုက်ရင် ပိုသိသာပါတယ်။ ကြီးနေတဲ့ သွေးကြောထုံးကြီးတွေက သုက်လွှတ်ပြွန်ကို သွားပိတ်မိတတ်တာကြောင့် ကလေးရနိုင်ချေကို ထိခိုက်နိုင်ပါတယ်။

    • နာမည်ကြီးကုသမှု တစ်ခုကတော့ embolization လို့ခေါ်ပြီး အပြားလေးတစ်ပြားကို သွေးကြောထဲထည့်ကာ ကြီးနေတဲ့ သွေးကြောကို ပိတ်လိုက်တဲ့ နည်းဖြစ်ပါတယ်။

    ဒါတွေကတော့ ကင်ဆာမဟုတ်တဲ့ဝှေးစေ့မှာ ဖြစ်နိုင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မနာဘူးပြောပြော ကိုယ့်ကပ္ပာယ်အိတ်တွေက ပုံမှန်မဟုတ်တော့ရင် ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သေချာသိရအောင် ဆရာဝန်ဆီအမြန်ဆုံး သွားပြဖို့ မမေ့နဲ့နော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement