backup og meta

ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ

    အမျိုးသား တချို့မှာ ဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲကနေ အောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဝှေးစေ့မှာ  သွေးတိုးတာကို Blue balls ဒါမှမဟုတ် epididymal hypertension လို့လည်း ခေါ်ပါတယ်။ တစ်ခုကြိုပြီးပြောချင်တာက ဝှေးစေ့မှာ သွေးတိုးရတာရောဂါကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကြောင့် ဖြစ်ရတာပါ။

    အမျိုးသား တချို့က အချိန် ပိုကြာကြာ လိင်ဆက်ဆံနိုင်အောင် သုက်လွှတ်တာကို ထိန်းချုပ်ဖို့ ကြိုးစားတတ် ကြပါတယ်။ ဆန္ဒပြီးမြောက်ခါနီးအထိလုပ်ပြီးမှ သုက်မထွက်အောင် ထိန်းချုပ်တာမျိုးပေါ့။ အများစုကတော့ အဆင်ပြေ ကြပါတယ်။

    တချို့ကျတော့ ဒီလို လိင်ဆန္ဒအထွတ်အထိပ် မရောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲက အောင့်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။

    ဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ အာသာဖြေချိန်မှာ ဝှေးစေ့ အတွင်းက သွေးကြောတွေ သာမန်ထက် ပိုကျယ်ပြန့်လာပြီးသွေးတွေ ပိုစုလာပါတယ်။ အချိန်အရမ်းကြာအောင် အာသာဖြေမိရင် ဒီသွေးတွေက အပြင် ပြန်မထွက်တော့ဘဲ ဝှေးစေ့ထဲမှာ ပြည့်ကျပ်လာပြီး ဝှေးစေ့လည်း ပို တောင့်တင်း လာတယ်။

    ဒီလိုဖြစ်ရင် ဝှေးစေ့ထဲက အောင့်ပြီး နေမထိထိုင်မသာ ခံစားရတတ် ပါတယ်။ သွေးတွေ အများကြီး စုနေတဲ့အတွက် သေချာ ကြည့်ရင် ဝှေးစေ့က ပြာနှမ်းနှမ်းအရောင် ဖြစ်နေတာမို့ blue balls (ဝှေးစေ့ပြာ) အခြေအနေလို့ အလွယ် ခေါ်ဆိုကြလည်း ဖြစ်ပါတယ်။

    ဒီလို ပြောလို့ ဝှေးစေ့ အောင့်တိုင်း ဝှေးစေ့ သွေးတိုးတာလို့ သတ်မှတ်လို့ မရဘူးနော်။ နေရင်းထိုင်ရင်း ဝှေးစေ့က အောင့်နေ၊ နာနေရင်တော့ တခြား ဖြစ်နိုင်တဲ့ပြဿနာတွေကို စဉ်းစား ရပါမယ်၊ ဒါတွေကတော့

    ဆီးချိုရောဂါကြောင့် အာရုံကြော အားနည်းပျက်စီးခြင်း

    – သုက်ပို့ပြွန် ရောင်ရမ်းခြင်း

    – ရောဂါပိုး ဝင်ခြင်း

    – ကျောက်ကပ် ကျောက်တည်ခြင်း

    – ပါးချိတ် ရောင်ခြင်း

    – ဝှေးစေ့ ပိုးဝင်ပြီး ရောင်ရမ်းခြင်း

    ဝှေးစေ့ ကင်ဆာ ဖြစ်ခြင်း

    – ဝှေးစေ့ လိမ်ခြင်း စတဲ့ အခြေအနေတွေမှာလည်း ဝှေးစေ့ အောင့်တတ် ပါသေးတယ်။ အရမ်းကျပ်တဲ့ဘောင်းဘီတွေ ဝတ်မိရင်လည်း ဝှေးစေ့ အောင့်တတ်တာကို သိထား သင့်ပါတယ်။

    အမျိုးသားတွေ အတွက် ကံကောင်းတာ တစ်ခုက ဝှေးစေ့ သွေးတိုးတဲ့ ပြဿနာက အရမ်း မပြင်းထန်တတ် တာပါပဲ။ ကြီးကြီးကျယ်ကျယ် ကုသမှု ခံယူစရာလည်း မလိုအပ်ပါဘူး။ လိင်တံ နဲ့ ဝှေးစေ့ထဲမှာ စုနေတဲ့ သွေးတွေ လျော့သွား တာနဲ့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။

    ဝှေးစေ့ သွေးတိုးတာကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံးပျောက်ကင်းအောင် လုပ်တဲ့ နည်းက ဆန္ဒပြီးမြောက်ချိန်မှာ သုက်လွှတ်လိုက်ဖို့ ပါပဲ။  ဒါဆို ဝှေးစေ့ နဲ့ လိင်တံထဲမှာ စုနေတဲ့ သွေးတွေ ပြန်လျော့သွားပြီးသွေးကြောတွေလည်း ပြန်ကျဉ်း သွားပါလိမ့်မယ်။ သုက်လွှတ်ပြီးတာ နဲ့ ဝှေးစေ့အောင့်တာ တဖြည်းဖြည်း သက်သာသွားတာ ခံစားရမှာပါ။

    သုက်မလွှတ်ဘဲ ဝှေးစေ့ သွေးတိုးတာကို သက်သာအောင်လုပ်နိုင်တဲ့ တခြား နည်းတစ်ခု ကတော့ ဆန္ဒအထွတ်အထိပ် မရောက်အောင် လိင်စိတ်ကို ဖြေလျှော့လိုက်တာပါပဲ။

    လိင်ကိစ္စကို မတွေးဘဲ တခြား အကြောင်း တစ်ခုခု တွေးလိုက်တာ၊ ရေချိုးပစ်လိုက်တာ၊ အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေလိုက်တာ၊ သီချင်းနားထောင်ပြီး အာရုံ လွှဲပစ်လိုက်တာ စတဲ့နည်းတွေလို တစ်ခြား တစ်ခုခု လုပ်ပြီး အာရုံ လွှဲပစ်လိုက် သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ ဝှေးစေ့ကို ရေခဲအိတ်ကပ်တာတွေလည်း လုပ်ပေးလို့ ရပါတယ်။

    ဆိုတော့ ပြောရမယ်ဆို ဝှေးစေ့သွေးတိုးတဲ့ အခြေအနေက သုက်မလွှတ်အောင် ထိန်းချုပ်တဲ့သူ တချို့ ခံစားနိုင်တဲ့ အခြေအနေ တစ်ခု ပါပဲ။ အဖြစ်နည်းသလို ပြင်းလည်း မပြင်းထန်ပါဘူး။ လိင်စိတ် ကျဆင်းသွားတာ နဲ့ ပြန်သက်သာသွားမှာပါ။

    မသက်သာဘဲ ဆက်တိုက် နာကျင်နေမယ်၊ နာကျင်မှုလည်း ပိုပြင်းထန်လာခဲ့မယ် ဆိုရင်တော့ ဝှေးစေ့ သွေးတိုးတာ မဟုတ်ဘဲ တခြား ပြဿနာ တစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ဆရာဝန် နဲ့ ပြသကြည့်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement