backup og meta

အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ

    အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။

    ဘာကြောင့် လိင်အင်္ဂါရောင်ရမ်းရတာလဲ။

    များသောအားဖြင့် လိင်တံရောင်ရမ်းခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ ပြလာတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတဲ့လက္ခဏာသာမက တခြားသော လက္ခဏာတွေကိုပါ တွဲပြီးတွေ့ရတတ်တာကြောင့် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လဲဆိုတာ သေချာစစ်ကြည့်ဖို့တော့ လိုပါမယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ

    • လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis)

    ဓာတ်မတည့်ခြင်း၊ ဓာတ်ပြုပြီး ယားယံခြင်း (Allergic, Irritant Reaction)

    • ဆီးပို့ပြွန်ရောင်ခြင်း (Urethritis)

    • နှိုးဆွခြင်းမရှိဘဲ ကြာရှည်စွာလိင်တံထောင်မတ်ခြင်း (Priapism)

    ပီရိုးနီးရောဂါ (Peyronie’s disease)

    • ထိပ်အရေပြားရောင်ရမ်းခြင်း (Posthitis)

    • ထိပ်ဖူးနဲ့ ထိပ်အရေပြား ပူးတွဲရောင်ရမ်းခြင်း (Balanoposthitis)

    • ထိပ်အရေပြား နောက်လှန်ဆွဲမရခြင်း (Paraphimosis)

    • လိင်တံကင်ဆာ (Penile Cancer) တို့ အဓိကပါဝင်ပါတယ်။

    ၁။ Balanitis

    အမျိုးသားရဲ့ လိင်တံရဲ့ ထိပ်ဖူးဟာ ပုံမှန်အရောင်အတိုင်းဖြစ်မနေဘဲ နီရဲပြီး ရောင်ရမ်းနေတတ်ပါတယ်။ ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ တခြားလက္ခဏာအနေနဲ့ လိင်တံထိပ်အရေပြား နီခြင်း၊ ထူပြီးမာနေခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ အထဲက အောင့်နေခြင်း၊ ပေါင်ခြံတစ်ဝိုက် အကြောများရောင်နေခြင်း၊ ထိပ်ပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်များကပ်နေခြင်း အစရှိတာတွေကိုပါ တွေ့ရနိုင်ပါတယ်။

    ၂။ Allergic, Irritant Reaction

    ကွန်ဒုံးကိုပြုလုပ်ထားတဲ့ latex ရာဘာအသား၊ ချောဆီတွေမှာ ပါဝင်တဲ့ Propylene Glycol ဓာတ်ပစ္စည်း၊ သုက်ပိုးသတ်ဆေး၊ ဆပ်ပြာ၊ Lotion တွေထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေ၊ ရေကူးကန်မှာ ပိုးသေစေဖို့ ခတ်ထားတဲ့ ကလိုရင်းနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်ပါတယ်။ လိင်တံတစ်ဝိုက် အရေပြားနီရဲလာခြင်း၊ ယားယံခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ ဖုဖောင်းနေခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း၊ အသားအရေ ပူစပ်ပူလောင်ဖြစ်ခြင်း စတဲ့လက္ခဏာတွေကိုပါ တွေ့ရနိုင်ပါတယ်။

    ၃။ Urethritis

    ဆီးအိမ်နဲ့ လိင်တံကြားဆက်စပ်ထားပြီး ဆီးသွားဖို့အတွက် သယ်ယူပို့ဆောင်ပေးတဲ့ ဆီးပို့ပြွန်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဓာတ်မတည့်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ ထိတွေ့မိခြင်း၊ မတော်တဆမှုကြောင့် ဆီးပို့ပြွန်ကို ထိခိုက်မိတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မကြာခဏ ဆီးသွားဖို့ စိတ်ဆန္ဒဖြစ်ပေါ်ခြင်း၊ လိင်တံထိပ်မှ အဖြူရောင်နဲ့ အဝါရောင်စပ်ကြား ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။

    ၄။ Priapism

    လိင်ပိုင်းဆိုင်ရာအရ နှိုးဆွခြင်းမရှိဘဲ အချိန်နာရီကြာမြင့်စွာ လိင်တံထောင်မတ်နေခြင်း (၄နာရီနဲ့အထက်) ၊ ထောင်မတ်နေစဉ်မှာ လိင်တံအတွင်းက နာကျင်နေခြင်း၊ လိင်တံကထောင်မတ်နေပြီး ထိပ်ဖူးက ပျော့နေခြင်း သို့မဟုတ် ပြည့်ဝစွာထောင်မတ်နိုင်တာမျိုး မဖြစ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကိုပါ တွေ့ရနိုင်ပါတယ်။

    ၅။ Peyronie’s Disease

    လိင်တံရဲ့ အရေပြားအောက်မှာ အနည်ထိုင်နေတာ သို့မဟုတ် ကျွတ်တက်နေတဲ့အခါ လိင်တံကို ပုံမှန်အတိုင်းမဟုတ်တဲ့ ကောက်ကွေးခြင်း၊ ခုံးထနေခြင်း ဖြစ်စေပါတယ်။ များသောအားဖြင့် လိင်တံရဲ့ အောက်ဘက်နားမှာ ရောင်ရမ်းနေပြီး ကြာလာတဲ့အခါ လိင်တံအတွင်း အမာရွတ်လို ဖြစ်သွားတတ်ပါတယ်။ လိင်တံကောက်ကွေးခြင်းအပြင် အဖုအဖောင်းများဖြစ်နေခြင်း၊ ထိုးသွင်းဆက်ဆံစဉ် နာကျင်ခြင်း၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်းကိုပါ တွေ့ရနိုင်ပါတယ်။

    ၆။ Posthitis

    ထိပ်အရေပြားအောက်မှာ ရှိနေတဲ့ မှိုပိုးတွေ၊ အကျိအချွဲတွေ အရမ်းများလာတဲ့အခါ အရေပြားကို နီရဲပြီးရောင်ရမ်းစေပါတယ်။ အဓိက ရေချိုးတိုင်းထိပ်အရေပြားကို နောက်လှန်ဆွဲပြီး သန့်ရှင်းရေးမလုပ်တာ၊ ညစ်ပတ်နေတဲ့ အတွင်းခံ၊ အဝတ်အစားတွေကို ဝတ်ဆင်တာ၊ ထိပ်အရေပြားဖြတ်မထားတာကြောင့် ဖြစ်တတ်ပါတယ်။ ရောင်ရမ်းခြင်းအပြင် ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်ခြင်း၊ အရေပြားယားယံခြင်း၊ နာကျင်ခြင်းတွေပါ တွေ့ရနိုင်ပါတယ်။

    ၇။ Balanoposthitis

    ထိပ်အရေပြားရော ထိပ်ဖူး ၂မျိုးလုံး နီရဲပြီးရောင်ရမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ Posthitis နဲ့ အတူတူပါပဲ။

    ၈။ Paraphimosis

    ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ရေချိုးတဲ့အခါ အရေပြားနောက်လှန်ပြီး မဆေးကြောတာကြောင့် အဖြူရောင်အကျိအချွဲများစွာ ကပ်နေကာ မှိုတက်ပြီး အရေပြားနောက်လှန်ဆွဲမရတော့တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အရေပြားက ကပ်နေတဲ့အခါ လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း၊ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ဖြစ်လွယ်ခြင်း၊ ဆီးသွားပေါက်ပိတ်မိတဲ့အခါ ဆီးသွားရအဆင်မပြေခြင်း၊ ရောင်ရမ်းနေပြီး ကိုင်လိုက်တဲ့အခါ ပျော့စိစိဖြစ်နေခြင်း စတဲ့ပြဿနာတွေကိုလည်း တွေ့ရနိုင်ပါတယ်။

    ၉။ Penile Cancer

    အဖြစ်နည်းတဲ့ လိင်တံကင်ဆာရောဂါပါ။ ကင်ဆာဆဲလ်တွေဟာ လိင်တံထဲမှာ အမြစ်တွယ်နေရာကနေ ရောင်ရမ်းခြင်း၊ လိင်တံအရေပြား ထူထဲမာကျောခြင်း၊ နီရဲခြင်း၊ အဖု၊ အနာများပေါက်နေခြင်း၊ ထိပ်အရေပြားအောက်မှာ ပုပ်သိုးသိုးအနံ့ထွက်ခြင်း၊ သွေးထွက်နေခြင်း စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။ အသက် ၆၀နှင့်အထက် အမျိုးသားတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသူ၊ ထိပ်အရေပြားနောက်လှန်ဆွဲမရသူ၊ ဆေးခြောက်၊ ဆေးရွက်ကြီးတွေကို သုံးစွဲသူ၊ HPV ပိုးကူးစက်ခံရသူတွေမှာ လိင်တံကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

    ဘယ်လိုကုသမလဲ။

    ကျန်းမာရေးပြဿနာမရှိဘဲ နည်းနည်းပါးပါး ရောင်ရမ်းတာကိုတော့ ကိုယ့်အိမ်မှာပဲ အလွယ်တကူကုသလို့ရပါတယ်။ ရေနွေးစိမ်ကန်ထဲ ထည့်စိမ်တာ၊ သို့မဟုတ် ကိုယ့်ရဲ့လိင်တံကိုပဲ စိမ်ပေးတာ၊ ရောင်နေတဲ့နေရာတည့်တည့်ကို ရေခဲဝတ်ကပ်ပြီး အားအရမ်းမသုံးဘဲ ဖိပေးတာမျိုးလုပ်ပေးပါ။

    ကြိုတင်ကာကွယ်ဖို့အတွက် ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ။ ရေချိုးတဲ့အချိန်တိုင်း လိင်တံအရေပြားကို နောက်လှန်ဆွဲချပြီး အဖတ်တွေ၊ အရိအချွဲတွေ အကုန်လုံးကို ပြောင်စင်အောင် ဆေးကြောပါ။ ပေါင်ခြံ၊ ကပ္ပါယ်အိတ်တွေကိုလည်း သေချာပွတ်တိုက်ဆေးကြောပါ။ ဝတ်ပြီးသားအတွင်းခံ၊ ဘောင်းဘီတွေ ပြန်မဝတ်ပါနဲ့။ အကာအကွယ်သုံးပြီး လိင်ဆက်ဆံပါ။

    အမြဲတမ်းလိုလို ကိုယ့်ရဲ့လိင်တံက ရောင်နေတတ်တယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေနိုင်လားဆိုတာ သေချာသိရဖို့ အမျိုးသားရောဂါကုဆရာဝန်၊ ဆီးလမ်းကြောင်းအထူးကုနဲ့ ပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လိင်အပျော်အပါးလိုက်စားခြင်း ရှိမရှိ မေးမြန်းစစ်ဆေးမှာ ဖြစ်ပြီး လိင်အင်္ဂါကို သေချာကြည့်ရှုစစ်ဆေးရုံနဲ့လည်း သိနိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ အရည်တွေစိမ့်ထွက်တာ တွေ့ရတဲ့အခါမှသာ CT Scan, MRI, X-Ray, အာထရာဆောင်းရိုက်ပြီး စစ်ဆေးဖို့ကို အကြံပေးပါလိမ့်မယ်။ ရောဂါရင်းမြစ်ကို သေချာသိရပြီဆိုမှသာ သင့်လျော်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပြီး ဆေးအညွှန်းအတိုင်း သေချာသောက်ဖို့လိုအပ်ပါတယ်။

    တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးနဲ့ ဆက်စပ်နေတာကြောင့် ဘော်ဒါတို့လည်း ညစ်ညစ်ပတ်ပတ် ဖြစ်သလိုနေတဲ့အကျင့်ကို ခုကတည်းက ဖျောက်ထားဖို့ တိုက်တွန်းရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement