backup og meta

အမျိုးသားများ စိုးရိမ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ စိုးရိမ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ (၅) မျိုး

    လူမှန်ရင် ကျန်းမာရေးပြဿနာနဲ့ မကင်းဝေးနိုင်ကြသလို အမျိုးသားများသည်လည်း ထိုနည်းတူပါပဲ။ အမျိုးသမီးတွေနဲ့ ကွာသွားတဲ့အချက်က အမျိုးသားတွေဟာ သူတို့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို သိပ်ပြီး ဖွင့်ထုတ်ပြသလေ့မရှိဘဲ ရေငုံနှုတ်ပိတ် နေတတ်ကြတဲ့ ကိစ္စပါ။ ဒီအချက်ကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးများထက် တကယ်တမ်း ကျန်းမာရေးပြဿနာ ကြုံလာရတဲ့အခါ ပိုကုသရခက်ပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများတတ်ပါတယ်။

    အမျိုးသားများ အကြောက်ဆုံး ကျန်းမာရေးပြဿနာတွေက ဘာတွေဖြစ်မလဲ။

    ဒီကျန်းမာရေးပြဿနာတွေဟာ ကိုယ်တိုင် သို့မဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာကို မြင်တွေ့၊ ကြားသိပြီး ကြောက်တဲ့စိတ်တွေ တိုးလာတတ်ကြတာပါ။ အမျိုးသားတိုင်း ဒီပြဿနာတွေ ဖြစ်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပေမဲ့ အများစုကတော့ ဒီပြဿနာတွေကို မလွဲမသွေ တွေ့ကြုံရနိုင်ပါတယ်။

    ၁။ ဆီးကျိတ်နဲ့ဆိုင်တဲ့ ပြဿနာများ

    အသက်အရွယ်ကြောင့် အမျိုးသားအများစု မလွှဲမသွေ ကြုံရတတ်တဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးကျိတ်ကင်ဆာဆိုတာ အမျိုးသားတွေကို တော်တော်လည်း ဒုက္ခပေးနိုင်ပါတယ်။ အထူးသဖြင့် ဆီးကျိတ်ကင်ဆာဆိုတာ ကင်ဆာဆဲလ်တွေ ဖြည်းဖြည်းချင်း အမြစ်ပွားရာမှ အသက်ကြီးလာတဲ့အခါ ကင်ဆာပိုးတွေ နေရာအနှံ့ပျံ့ပြီး ကုသလို့ အရမ်းခက်တဲ့ အဆင့်ထိရောက်သွားနိုင်ပါတယ်။

    ပုံမှန်အားဖြင့် ဒီပြဿနာက အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ အတွေ့များပြီး လူငယ်တွေမှာတော့ ဖြစ်တာ အလွန်ရှားပါတယ်။ ဒီအတွက်ကြောင့် ကြိုပြီး စိုးရိမ်ပူပန်နေဖို့တော့ မလိုပါဘူး။ အခုခေတ်မှာ ရောဂါမဖြစ်မီက ပုံမှန်စစ်ဆေးလို့ ရတဲ့ ကျန်းမာရေးစက်ကိရိယာတွေလည်း အများအပြား ပေါ်ထွက်လာနေပြီဖြစ်လို့ ဒါနဲ့ပတ်သက်ပြီး အရမ်းကြောက်စရာတော့ မလိုပါဘူးခင်ဗျ။

    ကိုယ့်မိသားစုမှာ ဆီးကျိတ်ကင်ဆာရှိတယ်ဆိုရင်တော့ အသက် ၃၀ နောက်ပိုင်းအရွယ်ကနေ တစ်နှစ်ကို တစ်ကြိမ်လောက် ပုံမှန်ကျန်းမာရေးစစ်ဆေးကုသမှု ခံယူပါ။ ဆီးသွားရခက်တာ၊ လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ပုံမှန်မဟုတ် အကျိတ်အလုံးလို စမ်းမိတာဆိုရင်တော့ ဆရာဝန်နဲ့ တစ်ချက်ပြသစစ်ဆေးကြည့်ပါ။ ဓာတ်မှန်၊ အာထရာဆောင်းရိုက်ကြည့်ပြီးတော့လည်း ကိုယ့်ရဲ့ ဆီးကျိတ်အခြေအနေကို စစ်ကြည့်နိုင်ပါတယ်။

    ၂။ အရိုးအဆစ်နဲ့ သက်ဆိုင်တဲ့ ပြဿနာများ

    အသက်ကြီးတဲ့ လူကြီးပိုင်း အထူးသဖြင့် အမျိုးသားတွေဆိုရင် ခါးကိုင်းပြီး အရိုးအဆစ်တွေ အားအင်ချိနဲ့လာတာ၊ လိင်မှုကိစ္စမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တာ၊ သွားလာလှုပ်ရှားရခက်တာတွေကို တွေ့မြင်ပြီး လူငယ်တွေအနေနဲ့ တွေ့မြင်ဖန်များလာတဲ့အခါ ကြောက်တတ်ကြတာ မဆန်းပါဘူး။

    အရိုးအဆစ်ရဲ့ သဘာဝက အသက်ကြီးလာရင် အားနည်းတတ်တာ မှန်ပေမယ့် ငယ်စဉ်ကတည်းက နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ရင်တော့ အရိုးအဆစ်ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အဓိက ကယ်လ်စီယမ်ဓာတ်များတဲ့ အစားအစာတွေကို များများစားပေးပါ။ ပရိုတင်းဓာတ်ကိုလည်း မပါမဖြစ် စားပေးပါ။ ဒီအာဟာရဓာတ် ၂မျိုးလုံးက အရိုးအဆစ်နဲ့ ကြွက်သားတွေ ထိခိုက်ခြင်း၊ အားနည်းလာခြင်း၊ ဆုံးရှုံးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

    နောက်တစ်ခုက အမြဲတမ်း တစ်နေရာတည်းမှာ အချိန်အကြာကြီး မထိုင်ပါနဲ့။ လှုပ်လှုပ်ရှားရှား နေပါ။ လေ့ကျင့်ခန်း၊ အားကစား ပုံမှန်လုပ်ပေးပါ။ ဒီလိုမျိုး လှုပ်ရှားပြီး အရိုးအဆစ်ကို အလုပ်လုပ်ပေးနေမှ သန်စွမ်းလာမှာပါ။

    ၃။ လိင်ပိုင်းဆိုင်ရာ ပြဿနာများ

    လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဆိုတာ အမျိုးသားတွေ အဖုံးဖိဆုံးပြဿနာတွေထဲက တစ်ခုပါ။ ဘာကြောင့် ဖုံးဖိသလဲဆိုတော့ ပြဿနာရှိနေတယ်ဆိုတာ သိသွားရင် ကိုယ့်ရဲ့ ယောက်ျားမာန ထိခိုက်တယ်လို့ ခံစားရတာ၊ ကိုယ့်မှာ ပြဿနာတစ်ခုခုရှိနေတဲ့အတွက် ဒီပြဿနာကိုပဲ အာရုံစိုက်ပြီး စိုးရိမ်လွန်ကဲလာတာ၊ လူဖြစ်ရှုံးတယ်လို့ ထင်တာ စတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။

    ဟုတ်ကဲ့ ပွင့်ပွင့်လင်းလင်း ပြောရင် ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားတိုင်း လိင်ကျန်းမာရေးပြဿနာ အနည်းဆုံး တစ်ခုလောက်ကို သူတို့ရဲ့ဘဝမှာ ခံစားဖူး၊ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဘယ်လောက်ပဲ လိင်စိတ်ထကြွနေတဲ့သူပဲ ဖြစ်နေပါစေ၊ မကြုံဖူးဘဲ မနေပါဘူး၊ မကြုံသေးတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာ နေထိုင်စားသောက်မှုပုံစံတွေ မှားယွင်းခြင်းကြောင့်၊ အပြာရုပ်ရှင်တွေ အကြည့်များလာခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုခံစားလာရပါတယ်။

    အထူးသဖြင့် လိင်တံမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ အမောမခံနိုင်ခြင်း စတဲ့ ပြဿနာတွေပေါ့ဗျာ။ ငယ်ရွယ်စဉ်မှာ ဒီလိုပြဿနာတွေက စိတ်နဲ့ နေထိုင်မှုပုံစံကြောင့် အဖြစ်များတဲ့အတွက် အိပ်ချိန်မှန်အောင် ဂရုစိုက်တာ၊ အစာအာဟာရ စုံလင်စွာစားသုံးပေးတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ စိတ်ဖိစီးမှု၊ အစိုးရိမ်လွန်ကဲမှုကို လျှော့ချခြင်းဖြင့် ကိုယ့်အခြေအနေကို ပြန်ထိန်းနိုင်ပါတယ်။

    အသက်ကြီးလာတဲ့အခါ လိင်စိတ်ကို ဖြစ်စေတဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားတဲ့အတွက် လိင်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံလာရနိုင်ပါတယ်။ ဒီအခါ ဆရာဝန်နဲ့ သေချာပြသပြီး ဟော်မုန်းအစားထိုး ကုသမှုခံယူတာ၊ လေ့ကျင့်ခန်း၊ အစာအာဟာရကို ဂရုစိုက်တာ၊ ကြာဆေး သို့မဟုတ် လိင်စိတ်ထကြွဆေးကို ဆရာဝန်ဆေးညွှန်းနဲ့ သောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။

    ၄။ ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများ

    ပထမ ဦးနှောက်အာရုံကြော ပြဿနာတွေကတော့ ဦးနှောက်မူမမှန်တဲ့ ဝေဒနာများခံစားနေရသော လူကြီးမိဘများနှင့် အနေကြာလာသူတွေမှာ ဖြစ်တတ်ပါတယ်။ တစ်နေ့ ကိုယ်လည်း ဒီလိုမျိုး သူငယ်ပြန်တာ၊ အတိတ်မေ့တာ၊ သတိမေ့တတ်တာ၊ ရုတ်တရက်တက်တာမျိုးတွေ ကြုံလာရမှာပဲဆိုတဲ့ စိုးရိမ်စိတ်က ဝင်လာတဲ့အခါ စိုးရိမ်လွန်ကဲမှုတွေ ဖြစ်ပြီး ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။

    ဒီပြဿနာနဲ့ ပတ်သက်လို့ကတော့ ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို အရင်ဆုံးလျှော့ချဖို့အရေးကြီးပါတယ်။ လူကြီးတွေမှာ ဖြစ်တယ်ဆိုတာ မှန်ပေမယ့် ကိုယ့်အလှည့်မှာ ဒီရောဂါတွေ ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့ တရားသေ တွက်ထားလို့ မရပါဘူး။ အကုန်လုံးက ကိုယ့်ရဲ့ ဘဝတစ်လျှောက် နေထိုင်စားသောက်မှုပုံစံပေါ်မှာပဲ မူတည်နေတာပါ။ အဓိက ကိုယ့်ရဲ့ ဦးနှောက်ကို နေ့စဉ် ပုံမှန်အလုပ်လုပ်ပေးပါ၊ ပြီးရင်လည်း အနားပေးပါ။ ဦးနှောက်မှတ်ဉာဏ် တက်စေမယ့် တွေးတောစဉ်းစားမှုဆိုင်ရာ ကစားနည်းတွေ၊ ပဟေဠိတွေ ပုံမှန်ဆော့ပေးပါ။ စိတ်ပျော်ရွှင်အေးချမ်းအောင် နေထိုင်ပါ။

    ၅။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပြဿနာများ

    နောက်ဆုံးတစ်ခုက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာလည်း အမျိုးသားတွေ ဖွင့်ပြောရမှာ အရှက်ရွံ့ဆုံး ပြဿနာတွေထဲက တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ စိတ်ကျန်းမာရေးပြဿနာတွေဟာ စိတ်ပျော့ညံ့နေသူတွေမှာသာ ဖြစ်တတ်တာ ဆိုတဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အဆိပ်အတောက် အတွေးအခေါ်တွေအောက်မှာ ကြီးပြင်းလာလို့ပါပဲ။

    တကယ်တော့ စိတ်ကျန်းမာရေးပြဿနာဆိုတာ ယောက်ျား၊ မိန်းမ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာတောင် စိတ်ဖိစီးနိုင်ပါတယ်။ လုပ်ငန်းခွင်တွေ၊ လူမှုနယ်ပယ်နဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ လူကြီးတွေဆိုရင်တောင် ပိုပြီးတောင် ဆိုးနိုင်တာပေါ့။

    ဒီအတွက် ဘာတွေ လုပ်ပေးလို့ရမလဲဆိုရင် ကိုယ့်မှာရှိနေတဲ့ ပြဿနာကို အရင်ဆုံး အဖြေထွက်အောင် ဖြေရှင်းပါ။ ပြဿနာကို ဖြေရှင်းပြီးသွားရင် ကိုယ့်စိတ်ကို အနားပေးပါ။ ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာမှန်သမျှ လုပ်ပါ။ စိတ်ဖိစီးမှုကျစေအောင် လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ၊ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာလို စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ အမှန်တကယ် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါအထူးကုဆရာဝန်တွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ ကုသမှုခံယူပါ။

    ဒီတော့ ၂၁ ရာစုမှာနေပြီး အမျိုးသားတွေအနေနဲ့ ဟိုရောဂါဖြစ်လို့ ရှက်နေတာ၊ ကြောက်နေတာ၊ စိုးရိမ်လွန်ကဲနေတာ၊ အမှုမဲ့အမှတ်မဲ့ နေလိုက်တာမျိုးတွေ မလုပ်ပါနဲ့တော့။ လူ့အသက်ဆိုတာ ရခဲလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နဲ့ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ အချိန်ကြာမြင့်စွာ နေထိုင်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီး သက်ဆိုင်နေတယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement