backup og meta

ကုထုံးမလိုဘဲ သဘာဝအတိုင်း ကျားဟော်မုန်းတိုးစေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကုထုံးမလိုဘဲ သဘာဝအတိုင်း ကျားဟော်မုန်းတိုးစေမယ့် နည်းလမ်းများ

    ကျားဟော်မုန်း သို့မဟုတ် တက်စတိုစတီရုန်းဟော်မုန်း (Testosterone) ဆိုတာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအရရော ကျန်းမာရေးအရပါ အထောက်အကူအများကြီးပေးနေတဲ့ ဟော်မုန်းတစ်မျိုးပါ။ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ကြွက်သားသန်မာမှု၊ ကိုယ်ခံအားစနစ်ကောင်းစေမှု၊ လိင်စိတ်ဆန္ဒ ထက်သန်စေမှု၊ လိင်အင်္ဂါထောင်မတ်နိုင်စေဖို့နဲ့ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ အဓိကကူညီပေးနိုင်ပါတယ်။

    ကျားဟော်မုန်းတွေကို အမျိုးသားလိင်တံအောက်မာ ရှိတဲ့ ဝှေးစေ့ ၂လုံးကနေ ထုတ်လုပ်ပေးပါတယ်။ လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်းပမာဏ အဆမတန် တိုးလာပြီး အသက် ၃၀ နောက်ပိုင်းမှာ တဖြည်းဖြည်း နည်းလာပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကိုယ့်ရဲ့ ကျားဟော်မုန်းကို မလျော့သွားဘဲ ထိန်းထားနိုင်ဖို့ အမျိုးသားတိုင်းအတွက် အလွန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။

    ခုဆောင်းပါးမှာတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆရာဝန်နဲ့လည်း သွားပြီးပြရမှာလည်း ရှက်တယ်၊ ကုထုံးကုသမှုလည်း မခံယူလိုဘူးဆိုတဲ့ ဘော်ဒါတွေအတွက် သဘာဝအတိုင်း ကျားဟော်မုန်းကို မြင့်တက်စေမယ့် နည်းလမ်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ငယ်ရွယ်သန်စွမ်းနေသေးတဲ့ အမျိုးသားတွေအတွက်သာမက အသက်ကြီးပိုင်းအရွယ်တွေအတွက် အဆင်ပြေစေတဲ့အပြင် လူတိုင်းလုပ်လို့ရနိုင်တာကြောင့် အဆင်ပြေလွယ်ကူမယ်လို့ မျှော်လင့်မိပါတယ်။

    ၁။ အလေးမပါ။

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ်ခံအားကို ကောင်းစေတဲ့အပြင် ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်းဆိုရာမှာ အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ အိပ်ထမတင်လုပ်ခြင်း၊ ထိုင်ထလုပ်ခြင်း၊ ရေကူးခြင်း၊ ဘောလုံး၊ ဘတ်စကတ်ဘောကစားခြင်း အစရှိတဲ့ ကိုယ်လက်လှုပ်ရှားနည်းလမ်း အကုန်လုံး ပါဝင်ပါတယ်။ အလေးမခြင်းဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ရင်အုပ်ကြွက်သားတွေကို တောင့်တင်းစေရုံသာမက ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ရေတိုအတွက်ရော ရေရှည်အတွက်ပါ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာအလှအပကို ကောင်းစေနိုင်တာတော့ အသေအချာပါပဲ။

    ၂။ ပရိုတင်း၊ အဆီဓာတ်၊ ကစီဓာတ် များများစားပေးပါ။

    အလွန်အကျွံစားတာမျိုး မဟုတ်ဘဲ တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရတွေထဲမှာ ဒါတွေကို မဖြစ်မနေထည့်သွင်းစားပေးရမှာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် တစ်နည်းအားဖြင့် အသားဓာတ်၊ အဆီဓာတ်နဲ့ ကစီဓာတ်ဟာ ကိုယ်အလေးချိန်နဲ့ ကြွက်သားထုကို တက်စေတယ်၊ တစ်နေ့တာ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးသလို တစ်နေ့လုံး တက်ကြွလန်းဆန်းပြီး သွက်လက်နေစေဖို့ လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ အမျိုးသားတစ်ယောက် ခွန်အားပြည့်ဝနေတဲ့အခါ ကိုယ်ခန္ဓာရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းဟာလည်း အလိုလိုမြှင့်တင်ပြီးသား ဖြစ်သွားပါတယ်။ အဓိက အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥ၊ နွားနို့တွေကို စားပေးပါ။ တခြား ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ၃။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချပါ။

    လူရယ်လို့ဖြစ်လာရင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေဆိုတာ ရှိလာနိုင်တာပါပဲ။ ဒါပေမယ့်လည်း ကောင်းတဲ့အရာတစ်ခုလားဆိုတော့ လုံးဝဟုတ်မနေပါဘူး။ အထူးသဖြင့် စိတ်ဖိစီးမှုသည် အမျိုးသားတွေရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို ကျဆင်းစေလို့ လိင်တံမထောင်နိုင်ခြင်း၊ လိင်စိတ်ဆန္ဒ နည်းလာခြင်း၊ ကာမသုခ အပြည့်အဝမရခြင်း အစရှိတဲ့ နောက်ဆက်တွဲ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ယောဂကျင့်ပါ၊ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပါ၊ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ၊ ကိစ္စတော်တော်များများကို အကောင်းဘက်ကနေ မြင်တတ်အောင် ကျင့်ကြံပါ၊ တရားထိုင်ပါ၊ စိတ်ကိုငြိမ်အောင် စုစည်းထားပါ။

    ၄။ အိမ်တွင်းအောင်းမနေပါနဲ့။

    အပြင် နေရောင်ခြည်နဲ့ ကျွန်တော်တို့အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ကိုယ်ခန္ဓာက ဗီတာမင် ဒီဓာတ်ကို ရရှိပါတယ်။ ဗီတာမင်ဒီဟာ ကျားဟော်မုန်းထုတ်နိုင်စွမ်းကို မြင့်တက်စေသလို တခြားအာဟာရတွေကို ကိုယ်ခန္ဓာက ကောင်းစွာစုပ်ယူနိုင်တဲ့နေရာမှာပါ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲမှာပဲ အောင်းမနေပါနဲ့။ မနက်ခင်းစောစောစီးစီး လမ်းထလျှောက်ပါ၊ ပြေးပါ၊ လေ့ကျင့်ခန်းများများလုပ်ပေးပါ။ ပိတ်ရက်တွေမှာလည်း ဟိုနားဒီနား လျှောက်လည်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး လုပ်ပေးပါ။ အပြင်ထွက်လိုက်တဲ့အခါ စိတ်ကို ပိုပြီးကြည်လင်စေပြီး နဂိုနောက်ကျိနေတဲ့ အတွေးတွေကို ခပ်ဝေးဝေးနှင်ထုတ်လိုက်သလို ဖြစ်စေတာကြောင့် စိတ်ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ သတိထားမှာတစ်ခုကတော့ အပြင်ကို ထွက်တော့မယ်ဆိုရင် နေလောင်ကာခရင်မ်ကို လိမ်းပြီး ထွက်ဖို့ မမေ့သင့်ပါဘူး။

    ၅။ ဖြည့်စွက်အားဆေးတွေ သောက်ပါ။

    ဒါကတော့ အစားရွေးတတ်တဲ့ အမျိုးသားတွေ၊ ကျန်းမာရေးအနည်းငယ်ချူချာတာ၊ အစာအာဟာရ စုံလင်စွာမစားတတ်တာ၊ ဓာတ်မတည့်တဲ့ အစားအစာတွေ များနေတဲ့အခါ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တော်တဲ့ ဗီတာမင် ဖြည့်စွက်အားဆေးတွေကို သောက်လို့ရပါတယ်။ ဗီတာမင် ဘီနဲ့ ဇင့်ဓာတ်က သုက်ပိုးကို ကျန်းမာစေပြီး မျိုးအောင်စေတယ်။ ဗီတာမင် အေ၊ စီ၊ အီးက ကျားဟော်မုန်းကို မြင့်တက်စေတယ်။ အမျိုးသားတစ်ယောက်အတွက် အိမ်ထောင်ရေး၊ ကာမသုခ အပြည့်အဝရစေဖို့ ကိုယ်ခန္ဓာက ဗီတာမင်နဲ့ အာဟာရပြည့်ဝနေသင့်ပါတယ်။

    ၆။ အိပ်ရေးအပျက်မခံပါနဲ့။

    အိပ်ရေးပျက်တာများလာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာတယ်။ ကိုယ်အလေးချိန်ကလည်း ပုံမှန်အတိုင်း မထိန်းထားနိုင်သလို ကျားဟော်မုန်းတွေလည်း နည်းသွားတယ်။ ကိုယ်ခံအားနည်းသွားတာကြောင့် ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း တစ်နေ့အိပ်ချိန်ကို ၇နာရီအနည်းဆုံး ရှိနေဖို့ အရမ်းအရေးကြီးပါတယ်။ အိပ်ချိန်လို့ဆိုရာမှာ ညအိပ်ချိန်တစ်မျိုးတည်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး နေ့နဲ့ ညမှားအိပ်နေတာ၊ ညအိပ်ရေးပျက်ထားလို့ မနက်၊ နေ့လည်မှာ ပေါင်းအိပ်လိုက်တာမျိုးကို ထည့်မတွက်ပါဘူး။

    ကျားဟော်မုန်းကျဆင်းခြင်းဟာ ဇရာနဲ့လိုက်ပြီး ဖြစ်တတ်တယ်ဆိုပေမယ့် ကိုယ့်ဘက်က လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထိန်းထားလို့ ရတယ်ဆိုတာ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ဆိုတာ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ဖွဲတစ်ဆုပ်စာနိုင်နေဖို့ လိုအပ်တယ်ဆိုတာ ပြောစရာမလိုဘဲ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် မကောင်းတဲ့အကျင့်တွေ၊ မှားယွင်းနေတဲ့အရာတွေကို အခုကတည်းက ပြင်ဆင်ဖို့နဲ့ ကောင်းမွန်သော မိသားစုဘဝအနာဂတ်အတွက် ကျန်းမာရေးလိုက်စားဖို့လိုတယ်ဆိုတာ ထပ်ဆောင်းပြောရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement