backup og meta

Minimally invasive surgery (အသေးငယ်ဆုံးခွဲစိတ်ကုသမှု)ဆိုတာ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Minimally invasive surgery (အသေးငယ်ဆုံးခွဲစိတ်ကုသမှု)ဆိုတာ

    Minimally invasive surgery ဆိုတာကခန္ဓါကိုယ်မှာပုံမှန်ခွဲစိတ်မှုတွေလိုဓါးရာအကြီးကြီးတွေပေးစရာမလိုဘဲအပေါက်သေးသေးလေးဖောက်ပြီးလုပ်ရတဲ့ခွဲစိတ်ကုသမှုမျိုးပါ။ အပေါက်သေးသေးလေးပဲဖောက်ရတာဖြစ်တာကြောင့် ခန္ဓါကိုယ်မှာခွဲစိတ်တဲ့ဒဏ်ရာဆိုပြီး ကြီးကြီးမားမားမကျန်ခဲ့တာကMinimally invasive surgery ရဲ့အားသာချက်တစ်ခုလို့ဆိုရပါမယ်။ ကြယ်သီးပေါက်၃ – ၄ပေါက်စာလောက်ဖောက်ထားတဲ့အရာလေးထဲကနေ တုတ်တံလိုမျိုးခပ်ရှည်ရှည်ကိရိယာတွေကို အသုံးပြုပြီးခွဲစိတ်ကုသမှုကိုလုပ်ဆောင်တာပါ။ ခွဲစိတ်ကုဆရာဝန်ကအရေပြားပေါ်မှာဖောက်ထားတဲ့အပေါက်ထဲကနေမှန်ပြောင်းကိုထည့်သွင်းပြီးကိုယ်တွင်းအင်္ဂါတွေရဲ့ပုံရိပ်တွေကိုအသေးစိတ်ကြည့်ရှု့ပြီးတိကျတဲ့ခွဲစိတ်ကုသမှုတွေကိုလုပ်ဆောင်နိုင်မှာပါ။ ခွဲစိတ်မှုတွေပြီးသွားတဲ့အခါမှာတော့အရေပြားမှာဖောက်ထားတဲ့အပေါက်လေးကိုပြန်ချုပ်လိုက်ရမှာပါ။ ခွဲစိတ်ထားတဲ့ဒဏ်ရာကသေးငယ်တာကြောင့်အမာရွတ်ကလည်းခပ်သေးသေးလေးပဲကျန်နေမှာပါ။

    Minimally invasive surgery ကိုရောဂါရှာဖွေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။laparoscopy ကိရိယာကိုအသုံးပြုတဲ့ကုသမှုကိုခွဲစိတ်မှုတွေနဲ့ ကုသရေးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။

    Minimally invasive surgery ကိုစက်ရုပ်လက်တွေကိုအသုံးပြုပြီးလုပ်လို့လည်းရပါတယ်။ စက်ရုပ်လက်တွေကိုသုံးပြီးခွဲစိတ်မှုလုပ်တဲ့အခါခွဲစိတ်ကုဆရာဝန်ကခလုတ်ခုံကနေလက်တံတွေကိုလိုအပ်သလိုထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ၃ဖက်မြင်ကင်မရာတွေကိုအသုံးပြုထားတာကြောင့်ခွဲစိတ်မယ့်နေရာကိုရှင်းရှင်းလင်းလင်းမြင်ရသလိုစက်ရုပ်လက်တံတွေကိုသုံးပြုပြီးခွဲစိတ်တာဖြစ်တဲ့အတွက်လိုအပ်သလိုထိန်းချုပ်ပြီးတိတိကျကျခွဲစိတ်မှုတွေကိုလုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

    Minimally invasive surgery လုပ်တော့မယ်ဆိုရင်

    Minimally invasive surgery (MIS) လို့ခေါ်တဲ့ထိခိုက်မှုအနည်းဆုံးခွဲစိတ်ကုသမှုတွေဟာသမားရိုးကျခွဲစိတ်မှုတွေကိုလွှမ်းမိုးစပြုလာပြီပဲ ဖြစ်ပါတယ်။ ဒါဟာအံ့မခန်းတိုးတက်လာတဲ့ဆေးပညာရဲ့အကျိုးကျေးဇူးတွေပါ။MIS နည်းလမ်းကိုအသုံးပြုမယ်ဆိုရင်ခွဲစိတ်ဆရာဝန်အနေနဲ့စင်တီမီတာဝက်ကနေတစ်စင်တီမီတာလောက်အထိရှိမယ့်ဓါးရာအချို့ကိုအရင်ပေးရပါတယ်။ ဒီနောက်မှာတော့အထူးပြုလုပ်ထားတဲ့ကိရိယာအသေးစားလေးတွေကိုသုံးပြီးဆက်လက်ခွဲစိတ်မှာပါ။ ပုံမှန်သမားရိုးကျခွဲစိတ်မှုတွေဟာ MIS ထက်ဆယ်ဆလောက်ပိုကြီးတဲ့ဓါးရာရှည်ရှည်ကြီးပေးရတာမို့ခပ်သေးသေးအရာပဲပေးတဲ့ MIS ဟာနာကျင်မှုဝေဒနာကိုလျော့ပါးစေနိုင်သလိုနာလန်ထချိန်ကိုလည်းပိုမိုတိုတောင်းစေပါလိမ့်မယ်။ ဒါ့ကြောင့်လူနာတွေအနေနဲ့မိမိတို့ရဲ့နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနေထိုင်မှုတွေကိုစောလျင်စွာ ပြန်လည်ပြုလုပ်နိုင်မှာပါ။

    ဒါ့အပြင် MIS ခွဲစိတ်ကုသမှုနည်းလမ်းဟာနောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မှုကိုလည်းလျော့နည်းစေတယ်လို့ Mount Elizabeth Hospital မှ မီးယပ်ကင်ဆာရောဂါများအထူးကု Dr Wong ကပြောပါတယ်။ ဥပမာပုံမှန်သမားရိုးကျနည်းလမ်းနဲ့ဗိုက်ခွဲထားတဲ့လူနာတွေဟာ MIS ခွဲစိတ်ကုသမှုခံယူထားတဲ့လူနာတွေထက်အိပ်ယာပေါ်မှာအနားယူရတဲ့အချိန်ကာလပိုကြာမြင့်ပါလိမ့်မယ်။ ဒီလိုကြာမြင့်ခြင်းအားဖြင့် (အလှုပ်အရှားနည်းမှုကြောင့်) လူနာတွေရဲ့ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးခဲဖြစ်ပေါ်လာတဲ့အန္တရာယ်နဲ့လည်းရင်ဆိုင်လာရနိုင်ပါတယ်။

    “ဘာလို့လဲဆိုတော့ဗိုက်ခွဲပြီးခါစမှာအရမ်းနာတာမို့လူနာတွေဟာတတ်နိုင်သမျှလှုပ်လှုပ်ရှားရှားမလုပ်ချင်ကြပါဘူး။ အဲ့ဒါကြောင့်သွေးခဲတွေ ဖြစ်ပေါ်လာရတာပါ။ ဒါပေမယ့် MIS ခွဲစိတ်မှုကိုခံယူထားတဲ့လူနာတွေအနေနဲ့ကတော့အိပ်ယာထဲကနေခပ်မြန်မြန်ပဲထလာနိုင်မှာဖြစ်ပြီးဟိုသည်လှုပ်ရှားနိုင်မှာမို့သွေးခဲဖြစ်ပေါ်ခြင်းအစရှိတဲ့နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေနည်းပါးပါတယ်” လို့Dr Wong ကဆက်ရှင်းပြပါတယ်။ Dr. Wong ဟာ မီးယပ်ကင်ဆာရောဂါများမှာ Minimally Invasive Surgery ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသူတစ်ဦးလည်းဖြစ်ပါတယ်။

    ဒါတင်မကသေးပါဘူး။ ပုံမှန်ဗိုက်ခွဲတာနဲ့စာရင် MIS ခွဲစိတ်မှုဟာအမာရွတ်ခပ်သေးသေးကိုသာ ဖြစ်ပေါ်စေနိုင်မှာမို့အလှအပရေးရာအားသာချက်လည်းရှိနေပြန်ပါတယ်။

    ဒါကြောင့်သမားရိုးကျနည်းလမ်းအတိုင်းဗိုက်ခွဲတာနဲ့နှိုင်းယှဉ်မယ်ဆိုရင် MIS ဟာပိုမကောင်းဘူးဆိုရင်တောင်မှတန်းတူတော့လိုက်မှာဖြစ်ပြီးကင်ဆာကျိတ်ရှိနေသူတွေမှာလည်းကင်ဆာကျိတ်ကိုပိုဆိုးသွားနိုင်တာမျိုးမရှိတဲ့အပြင်လျင်မြန်ချောမွေ့စွာနာလန်ထလာနိုင်စေမှာပဲ ဖြစ်ပါတယ်။

    စက်ရုပ်အသုံးပြုပြီးခွဲစိတ်ခြင်း

    MIS ခွဲစိတ်ကုသနည်းဟာတူခပ်ရှည်ရှည်နှစ်ချောင်းနဲ့ခွဲစိတ်ရသလိုမျိုးဖြစ်တဲ့အတွက်ဝမ်းဗိုက်အောက်ပိုင်းလိုနေရာကျဉ်းကျဉ်းမှာကျတော့လုပ်ရကိုင်ရတာအခက်အခဲလေးတွေရှိလာစေပါတယ်။ ဥပမာခဏခဏခွဲစိတ်မှုခံယူဖူးတဲ့လူနာတွေမှာဆိုရင် ခွဲစိတ်ကိရိယာတွေနဲ့အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကပ်ငြိဖို့အခွင့်အလမ်းပိုများတဲ့အတွက် MIS ခွဲစိတ်ကုသနည်းကိုအသုံးပြုဖို့ခက်ခဲစေပါတယ်။ ဒီနေရာမှာစက်ရုပ်တွေရဲ့အခန်းကဏ္ဍရောက်လာပါပြီ။

    စက်ရုပ်မောင်းတံကိုအသုံးပြုခြင်းအားဖြင့်ကျဉ်းထဲကျပ်ထဲလှုပ်ရှားရတဲ့နေရာတွေမှာပိုမိုပြီးအဆင်ပြေပြေလှုပ်ရှားနိုင်သလိုရုပ်ပုံအရည်အသွေးမြင့်မားတဲ့သုံးဖက်မြင်ကင်မရာတွေကိုလည်းအသုံးပြုနိုင်တာကြောင့်လက်ဝင်တဲ့ခွဲစိတ်မှုမျိုးတွေအတွက်အင်မတန်သင့်လျော်ပါတယ်။

    “စက်ရုပ်လက်တံဟာလူရဲ့လက်ကောက်ဝတ်လိုပဲအလုပ်လုပ်ပါတယ်။။ ဒါပေမယ့်အကွေးအဆန့်ပိုကောင်းမယ်၊ပိုအနုစိတ်မယ်၊တုန်တာယင်တာမျိုးလည်းရှိမှာမဟုတ်ဘူး။ ပြီးတော့ကင်မရာအကောင်းစားတွေကိုသုံးထားတာမို့ခွဲစိတ်နေတဲ့နေရာကိုရှင်းရှင်းလင်းလင်းမြင်ရမယ်။ ဒီတော့ခွဲတာစိတ်တာပိုတိကျပြီးရလဒ်လည်းပိုကောင်းတာပေါ့” လို့Dr Wong ကဆိုပါတယ်။

    ဒါပေမယ့်စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ MIS ထက်အခါခပ်သိမ်းပိုကောင်းနေတာတော့မဟုတ်ဘူးလို့လည်းDr Wong ကဆက်ပြောပါသေးတယ်။

    “တကယ်လို့ MIS ရောစက်ရုပ်လက်တံရောနှစ်မျိုးလုံးသုံးလို့အဆင်ပြေနိုင်တဲ့အခြေအနေမျိုးမှာဆိုရင် MIS ကိုပဲအသုံးပြုသင့်ပြီး MIS နဲ့မရနိုင်တဲ့အနေအထားမျိုးတွေမှာသာစက်ရုပ်လက်တံကိုရွေးသင့်ပါတယ်” လို့ရှင်းပြသွားတာပါ။

    MIS ကိုသုံးပြီးလုပ်ဆောင်နိုင်တဲ့ခွဲစိတ်မှုတွေကဘာတွေများလဲ

    MIS နည်းပညာကိုအသုံးပြုပြီးထိပ်ကပ်နာလိုမျိုးဝေဒနာအတွက်နှာခေါင်းတွင်းခွဲစိတ်ကုသမှုကိုလုပ်ဆောင်နိုင်သလိုသွိုင်းရွိုက်ဂလင်းတွေခွဲစိတ်မှုကိုလုပ်ဆောင်လို့ရပါတယ်။ ဒါတွေတင်မကသေးပါဘူး။ အဆုတ်ကကင်ဆာကျိတ်တွေဖယ်ရှားတာ၊သားအိမ်ပြည်တည်နာ၊နှလုံးခွဲစိတ်ကုသမှု၊အူမကြီးကင်ဆာကိုကုသတာ၊ကျောက်ကပ်ကင်ဆာကျိတ်ဖယ်ရှားခြင်း၊ဒူးအစားထိုးကုသခြင်း၊ဆီးကျိတ်ကင်ဆာကုသတာတွေအတွက်အကြီးစားခွဲစိတ်တာမျိုး MIS ကိုသုံးပြီးကုသမှုခံယူလို့ရပါတယ်။

    MIS ကိုဘယ်လိုအနေအထားမျိုးတွေမှာမသုံးသင့်ဘူးလဲ

    တချို့တချို့သောကင်ဆာတွေမှာ MIS နည်းပညာကိုအသုံးပြုလို့အဆင်မပြေသေးပါဘူး။ဥပမာတစ်ခုကတော့သားဥအိမ်ကင်ဆာမှာ MIS ကိုအသုံးပြုပြီးကုသခဲပါတယ်လို့Dr Wong ကပြောပါတယ်။ ဘာလို့လဲဆိုတော့ကင်ဆာအဆင့်အရမ်းမြင့်နေ (ရောဂါရင့်နေ)တဲ့လူနာတွေမှာကင်ဆာကြိတ်ဟာအရမ်းကြီးနေတာမျိုးဒါမှမဟုတ်ဘေးပတ်ပတ်လည်နေရာတွေကိုပျံ့နှံ့နေတာမျိုးတွေ ဖြစ်နေလို့ပါပဲ။

    “ဒီလိုရှုပ်ရှုပ်ထွေးထွေးခွဲစိတ်မှုတွေမှာဆိုရင်တော့ MIS ဟာကင်ဆာဖြစ်နေတဲ့တစ်ရှူးတွေအားလုံးကိုမဖယ်ရှားနိုင်ဘူးလေ” သူကဆက်ရှင်းပြပါတယ်။”ဒီတော့သမားရိုးကျဗိုက်ဖွင့်ခွဲစိတ်မှုဆီပဲ ပြန်လှည့်ရတာပေါ့”

    ဗိုက်ဖွင့်ပြီးခွဲစိတ်မှုပြုလုပ်မယ်ဆိုရင်တော့ခွဲစိတ်ဆရာဝန်အနေနဲ့ဝမ်းဗိုက်အတွင်းပိုင်းကိုစေ့စေ့ငုံငုံကြည့်ရှုနိုင်တာကြောင့်သားဥအိမ်နဲ့ကင်ဆာကျိတ်ပျံ့နေတဲ့နေရာတွေ (ဥပမာအူမကြီး၊ဝမ်းဗိုက်အတွင်းပိုင်းနံရံတွေစသဖြင့်)ကိုလိုသလိုဖယ်ရှားနိုင်မှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement