backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vaginal yeast infection(မိန်းမကိုယ်ကူးစက် မှိုရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

မိန်းမကိုယ်ကူးစက်မှိုရောဂါ ဆိုတာ ဘာလဲ။

(ကန်ဒီဒီရေးစစ်)လို့ခေါ်တဲ့မိန်းမကိုယ်ကူးစက်မှို ရောဂါဟာအဖြစ်များတဲ့အမျိုးသမီးရောဂါ တစ်မျိုးပါ။ ပုံမှန်ကျန်းမာတဲ့ မိန်းမကိုယ်မှာ ဘက်တီးရီးယား နဲ့မှိုအချို့ရှိပါတယ်။ ဒါပေမယ့် မှိုတွေ ပုံမှန်ထက် ပိုပွားများလာမယ်ဆိုရင်တော့ မိန်းမကိုယ်မှာ ရောင်ရမ်းတာ၊ ကသိကအောင့် ဖြစ်တာ၊ အလွန်အမင်းယားယံတာတွေ ဖြစ်စေပါတယ်။

ဒီကူးစက်မှိုရောဂါကို လိင်မှတဆင့်ကူးစက်သော ရောဂါများ(STI) စာရင်းမှာမထည့်သွင်းထားပါဘူး။

လိင်ကတဆင့်ကူးစက်နိုင်ပေမယ့်လိင်အတွေ.အကြုံမရှိတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီမှိုရောဂါ ဖြစ်ပြီဆိုရင် တခြားကူးစက်ရောဂါတွေပါ ဝင်လာနိုင်ပါတယ်။

မိန်းမကိုယ်ကူးစက်မှိုရောဂါ ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

မိန်းမကိုယ်ကူးစက်မှိုရောဂါ ဟာ အဖြစ်များပါတယ်။ ရောဂါ ဖြစ်စေနိုင်မယ့် အချက်တွေကိုတော့ လျှော့ချ နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များ အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါလက္ခဏာများ

မိန်းမကိုယ်ကူးစက်မှိုရောဂါရဲ့လက္ခဏာတွေက ဘာတွေလဲ။

မိန်းမကိုယ်ကူးစက်မှိုရောဂါရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း၊
  • မိန်းမကိုယ် ယားယံခြင်း၊
  • ဆီးသွားစဉ်နဲ့လိင်ဆက်ဆံစဉ် ပူခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • မိန်းမကိုယ်တွင် နာကျင်ခြင်း၊ နီခြင်း၊ အနီကွက်များထွက်ခြင်း။

သိသာတဲ့ နောက်ထပ်အချက်ကတော့ မိန်းမကိုယ်မှအဖြူညစ်ရောင်အဖတ်များ ထွက်ခြင်း ဖြစ်ပါတယ်။ တခါတရံ အဖြူဆင်းတာလည်းဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေရဲ့ပြင်းထန်မှုဟာ ကုသမှုမရရှိဘဲ ရောဂါဘယ်လောက် ကြာနေပြီလဲဆိုတာပေါ် မူတည်ပါတယ်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာဆရာဝန်ပြသင့်သလဲ။

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက် နှင့် တစ်ယောက်ဟာ ခန္ဓာကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

ရောဂါဖြစ်စေသောအကြောင်းအရင်းများ

ဘာတွေက မိန်းမကိုယ်ကူးစက်မှိုရောဂါ ကိုဖြစ်စေတာလဲ။

ကန်ဒီဒါ (Candida)လို့ခေါ်တဲ့မှိုတစ်မျိုးဟာ မိန်းမကိုယ် ထဲမှာရှင်သန်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပုံမှန်ရှိပြီးသား လက်တိုဘက်စလက်(Lactobacillus)လို့ ခေါ်တဲ့ ဘက်တီးရီးယားကအဲ့ဒီမှိုရဲ့ကြီးထွားမှုကို နှောင့်နှေး စေပါတယ်။ ဒါပေမဲ့ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်မှုတွေ မညီမျှတဲ့အခါ ဘက်တီးရီးယားတွေဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအချိန်မှာ မှိုတွေဟာပုံမှန် ထက်ပွားများလာပြီး ဒီမှိုရောဂါကို ဖြစ်ပေါ်စေပါတယ်။

ကန်ဒီဒါ အလ်ဘီကန်(Candida albicans) လို့ခေါ်တဲ့မှိုက ဒီရောဂါကိုအများဆုံး ဖြစ်ပေါ်စေပါတယ်။ များသောအား ဖြင့် ဒီရောဂါက လွယ်လွယ်ကူကူ ကုသလို့ရ ပါတယ်။ အကယ်၍ ခဏခဏဖြစ်နေတယ် သို့မဟုတ် ကုသရ ခက်နေတယ်ဆိုရင် အယ်ဘီကန်(albicans ) မဟုတ်တဲ့ အခြား ကန်ဒီဒါ (Candida) မှို အမျိုးအစား ကြောင့် ဖြစ်နိုင်ပါတယ်။ ဓါတ်ခွဲခန်းရဲ့စစ်ဆေးချက်က ဘယ် ကန်ဒီဒါမှို အမျိုးအစားကြောင့် ရောဂါဖြစ်ပေါ်စေတယ် ဆိုတာကို အဖြေထုတ်ပေးနိုင်ပါတယ်။

ရောဂါဖြစ်စေသောအကြောင်းအချက်များ

ဘာတွေက ဒီမှိုရောဂါကို ပုံမှန်ထက် ပိုဖြစ်စေနိုင်သလဲ။

ဒီရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေ ရှိပါတယ်

  • ပထမအချက်ကတော့ပဋိဇီဝဆေးတွေပါ။(လက်တိုဘက်စလက်(Lactobacillus) (သို့) အခြားသောပုံမှန် ဘက်တီးရီးယားတွေရဲ့ ပွားများမှုကို နည်းစေတဲ့ပဋိဇီဝဆေးတွေပါ)
  • ပုံမှန် မထိန်းထားနိုင်တဲ့ ဆီးချိုသွေးချိုရောဂါ ပါ။
  • ကိုယ်ဝန်ဆောင်ချိန်
  • ကိုယ်ခံအားနည်းခြင်း
  • အချို အစားများသောအကျင့်ရှိခြင်း
  • ရာသီလာခါနီး ဟော်မုန်းဓါတ်အပြောင်းအလဲဖြစ်ခြင်း
  • စိတ်ဖိအားများခြင်း
  • အိပ်ရေးပျက်ခြင်း

ရောဂါစစ်ဆေးကုသခြင်း

ဖော်ပြပါအကြောင်းအရာသည် ဆေးပညာ အကြံအဉာဏ်များအတွက် အစားထိုးမဟုတ်ပါ။ နောက်ထပ်သိရှိလိုသည်များအတွက် အမြဲတစေဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

မိန်းမကိုယ်ကူးစက်မှိုရောဂါကိုဘယ်လို စစ်ဆေးတွေ့ရှိနိုင်မလဲ။

မိန်းမကိုယ်ကူးစက်မှိုရောဂါကိုစစ်ဆေးတွေ့ရှိဖို့လွယ်ကူပါတယ်။ ဆရာဝန် က သင့်ရဲ့ ရော ဂါ ရာဇဝင် ကို မေးမြန်း ပါလိမ့်မယ်။ အရင် က ဒီမှိုရောဂါ ဖြစ်ဖူးသလား ဆိုတာ ကို လည်းမေးပါလိမ့်မယ်။ ဒါ့အပြင် လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေဖြစ်ဖူးလားဆိုတာကိုလည်းမေးနိုင်ပါတယ်။

နောက်တဆင့်ကတော့မိန်းမကိုယ်တဝိုက်ကို စစ်ဆေးကြည့်မှာပါ။ ဆရာဝန်က သင့်ရဲ့ မိန်းမကိုယ် အတွင်းနံရံတွေနဲ့ သားအိမ်ခေါင်းကို စစ်ဆေးမှာပါ။ မိန်းမကိုယ်အပြင်ဘက်တဝိုက်ကိုလည်း တခြားရောဂါလက္ခဏာတွေရှိ၊မရှိ စစ်ဆေးနိုင်ပါတယ်။

ဆရာဝန်ကသူဘာတွေစစ်ဆေးတွေ့ရှိတယ်ဆိုတာပေါ် မူတည်ပြီး ဓါတ်ခွဲခန်းပို့ဖို့ မိန်းမကိုယ်ကနေ ဆဲလ် အချို့ ယူကောင်းယူနိုင်ပါတယ်။ ဓါတ်ခွဲခန်းပို့ပြီးစစ်ဆေးတာဟာ ခဏခဏဒီရောဂါဖြစ်နေသူတွေနဲ့ ပုံမှန်ကုထုံး နဲ့ မပျောက်သူတွေမှာသာစစ်ဆေးလေ့ရှိပါတယ်။

မိန်းမကိုယ်ကူးစက်မှိုရောဂါကို ဘယ်လိုကုသမှာလဲ။

ဒီမှိုရောဂါဟာတစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်လို့ ဆရာဝန်က သင်နဲ့အသင့်တော်ဆုံး ကုသမှုကို သာ ညွှန်ကြားမှာပါ။ ကုထုံးကိုရောဂါရဲ့ ပြင်းထန်မှုပေါ်လိုက်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။

ရိုးရိုး မှိုရောဂါ

ရိုးရိုး မှိုရောဂါ အတွက်ကတော့ မှိုကိုနှိမ်နင်းနိုင်မယ့် လိမ်းဆေးခရင်မ်၊ လိမ်းဆေးအဆီ၊ သောက်ဆေး၊ မိန်းမကိုယ်အတွင်းထည့်ရမည့်ဆေးပြား တခုခု ကို ဆရာဝန်ကပေးပါလိမ့်မယ်။ ၁ ရက်ကနေ ၃ရက်အထိ မှီဝဲရမယ့် ဒီဆေးတွေဟာ ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာမပါဘဲ ဝယ်နိုင်သလိုတချို့ကတော့ ဆရာဝန်ဆေးစာပါမှဝယ်နိုင်မှာပါ။

အသုံးများတဲ့ဆေးတွေကတော့

Butoconazole (gynazole)၊ Miconazole (lotrimin)၊ Monistat၊ Terconazole (terazol)၊ Fluconazole (diflucan) ဆေးတွေဖြစ်ပါတယ်။

ဒီရိုးရိုးမှိုရောဂါဖြစ်သူတွေဟာ သုံးတဲ့ဆေးထိရောက်လား၊ မထိရောက်သလား သေချာအောင် ဆရာဝန်ဆီ ပြန်ပြသင့်ပါတယ်။ ပျောက်သွားပေမယ့် နောက် ၂လ အတွင်းပြန်ဖြစ်ခဲ့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြန်ပြ သင့်ပါတယ်။ အကယ်၍ သင့်မှာ ဒီမှိုရောဂါရှိတာသေချာရင် ဖော်ပြပါဆေးတွေသုံးပြီး အိမ်မှာပဲ ကိုယ့် ဘာသာကုနိုင် ပါတယ်။

ပိုမိုရှုပ်ထွေးသော မှိုရောဂါများ

အောက်ဖော်ပြပါအချက်တွေရှိရင်တော့ ဆရာဝန်က ပြင်းထန်ဆိုးရွားသော၊ သို့မဟုတ် ရှုပ်ထွေးသော မှိုရောဂါအဖြစ်သတ်မှတ်ကုသမှာဖြစ်ပါတယ်။

  • မိန်းမကိုယ်အသားတစ်ရှူးများမှာ အနာများဖြစ်စေလောက်အောင် အလွန်အမင်း နီရဲခြင်း၊ ယားယံခြင်း၊ ရောင်ကိုင်းခြင်း။
  • တစ်နှစ်အတွင်း ၄ ကြိမ်ထက်ပိုပြီးမှိုရောဂါဖြစ်ခြင်း။
  • ကန်ဒီဒါ အယ်ဘီကန်(Candida albican) မဟုတ်သော အခြား Candida မှိုမျိုးများကြောင့်ဖြစ်ခြင်း။
  • ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ခြင်း။
  • မထိန်းထားနိုင်သော ဆီးချိုသွေးချို ရောဂါရှိခြင်း။
  • ကိုယ်ခံအားစနစ်အားနည်းခြင်း။
  • HIV ပိုးရှိခြင်း။

ပြင်းထန်ဆိုးရွားသော၊ သို့မဟုတ် ရှုပ်ထွေးသော မှိုရောဂါအတွက်ကုထုံးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • မှိုကိုနှိမ်နင်းနိုင်မယ့် လိမ်းဆေးခရင်မ်၊ လိမ်းဆေးအဆီ၊ သောက်ဆေး၊ မိန်းမကိုယ်အတွင်းထည့်ရမည့်ဆေးပြား တစ်ခုခုကို ၁၄ ရက်မှီဝဲခြင်း။
  • ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် သောက်သုံးရမည့် Fluconazole(diflucan) သောက်ဆေး။
  • Fluconazole(diflucan) သောက်ဆေးကို တစ်ပတ်တစ်ကြိမ်နှင့် ၆ ပတ်သောက်သုံးခြင်း။
  • လိမ်းဆေးကို ကြာရှည်သုံးစွဲခြင်း။

ဒီမှိုရောဂါ သင့်မှာ ခဏခဏ ပြန်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့အိမ်ထောင်ဖက် သို့မဟုတ် အိမ်ထောင်ဖက် ကိုလည်းစစ်ဆေးကြည့်သင့်ပါတယ်။ တစ်ယောက် ယောက်မှာများ မှိုရောဂါရှိနေမယ်ဆိုရင် လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးသုံးဖို့မမေ့ပါနဲ့။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

မိန်းမကိုယ် ကူးစက်မှိုရောဂါကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက မိန်းမကိုယ်ကူးစက်မှိုရောဂါကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

အိမ်တွင်းဆေးနည်းများ

အကယ်၍ အနောက်တိုင်းဆေးဝါးတွေမသုံးစွဲချင်ဘူးဆိုရင် သဘာဝဆေးနည်းတွေကလည်း မိန်းမကိုယ်မှိုရောဂါ ကို ကုသနိုင်ပါတယ်။ အောက်ပါတို့ကတော့ သဘဝဆေးနည်းအချို့ဖြစ်ပါတယ်။

  • အုန်းဆီ
  • လက်ဖက်ပင်မှရသော အဆီ
  • ကြက်သွန်ဖြူ
  • မိန်းမကိုယ်ထဲထည့်နိုင်သော Boric acidအခဲ
  • ဒိန်ချဉ် (စားခြင်း နှင့် မိန်းမကိုယ်ထဲထည့်ခြင်း ၂မျိုးလုံးက မှိုရောဂါအတွက်ထိရောက်ပါတယ်)

သင့်မိန်းမကိုယ်ကို အဆီများ၊ ခရင်မ်များ လိမ်းမယ်ဆိုရင် လက်ကိုစင်ကြယ်အောင်ဆေးထားဖို့လိုပါတယ်။ သဘာဝအိမ်တွင်းဆေးနည်းတွေမသုံးခင် ဆရာဝန် နဲ့တိုင်ပင်နိုင်ပါတယ်။ သင်ဆေးတခုခု မှီဝဲနေတယ်ဆိုရင် ဒီအိမ်တွင်းဆေးနည်းတွေနဲ့မတည့်တာမျိုး၊ ဘေးထွက် ဆိုးကျိုးရှိတာမျိုး ဖြစ်နိုင်ပါတယ်။

လူနေမှုပုံစံအပြောင်းအလဲများ

ဆောင်ရန်

  • မျှတသောအစားအသောက်ကိုစားပါ
  • ဒိန်ချဉ် (သို့) လက်တိုဘက်စလက်(lactobacillus) ကြွယ်ဝသောအစာကိုစားပါ
  • သဘာဝမှရသော ချည်ထည်၊ ပိုးထည် စသည်များကို ဝတ်ဆင်ပါ
  • အတွင်းခံအဝတ်အစားများကို ရေနွေးပူဖြင့် လျှော်ဖွပ်ပါ
  • အမျိုးသမီးသုံး ပစ္စည်းအသုံးအဆောင်များကို မကြာခဏလဲလှယ်ပေးပါ

ရှောင်ရန်

  • ကျပ်ထုပ်သော အဝတ်အစားများ၊ ဘောင်းဘီများ၊ အတွင်းခံအဝတ်အစားများ ဝတ်ဆင်ခြင်း
  • အမွှေးနံ့ပါသော အမျိုးသမီး တကိုယ်ရည်သုံးပစ္စည်းများသုံးစွဲခြင်း
  • စိုစွတ်သောအဝတ်အစားဝတ်ပြီး ထိုင်ခြင်း
  • ရေပူရေချိုးကန် တွင်းထိုင်ခြင်း၊ ရေပူရေချိုးကန်ဖြင့်မကြာခဏရေချိုးခြင်း
  • မိန်းမကိုယ်တွင်းကို ရေဆေးခြင်း

သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံး ဖြေရှင်း နည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement