backup og meta

ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

    ချွေးနံ့ လို့ပြောလိုက်ရင် လူအတော်များများက “ဟွန့်” ခနဲ နှာခေါင်းရှုံ့သွားကြမယ်ထင်ပါတယ်။ ဒီလို နံနံဟောင်ဟောင် ချွေးနံ့ကြီးက မထင်မှတ်ထားတဲ့ ဆွဲဆောင်မှုတွေ ရှိနေတယ်ဆိုရင် ယုံနိုင်မလား။ ဒီတစ်ခေါက်တော့ ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

    တကယ်တော့ ချွေးထွက်တယ်ဆိုတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကိစ္စတစ်ရပ်ပါ။ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တစ်မျိုးလေ။ ပုံမှန်အားဖြင့် ချွေးထွက်ရင် အဆိပ်အတောက်ကင်းတာ၊ အိပ်ပျော်စေတာနဲ့ စိတ်ကြည်လင်စေတာမျိုး အကျိုးကျေးဇူးတွေ ရတတ်ပါတယ်။

    ဒါပေမယ့် ဒါတင်မဟုတ်ပါဘူး။ လေ့လာချက်တွေအရဆိုရင် ချွေးရနံ့ဟာ ဆန့်ကျင်ဘက်လိင်ကိုလည်း ဆွဲဆောင်နိုင်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် အမျိုးသားတစ်ယောက်ရဲ့ ချွေးရနံ့ကို သဘောကျလက်ခံနိုင်တဲ့ အမျိုးသမီးမျိုးဟာ အဆိုပါအမျိုးသားရဲ့ လက်တွဲဖော်ဖြစ်နိုင်ခြေရာခိုင်နှုန်း သိပ်ကိုများပါတယ်တဲ့။

    ချွေးနံ့ ရဲ့ ဆွဲဆောင်မှု

    ချွေးထွက်တာကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပါတယ်။ တကယ်တော့ ချွေးထွက်ခြင်းဟာ လူတွေအတွက် အကျိုးရှိစေပါတယ်။

    လူ့ခန္ဓာကိုယ်ကနေထွက်တဲ့ ချွေးထဲမှာ ရေအပြင်၊ အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြားစတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ ချွေးထဲမှာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ ကွန်ပေါင်းတစ်မျိုးလည်း ထပ်ဆောင်းပါဝင်နေပါသေးတယ်။ ဒီကွန်ပေါင်းကို Androstadienone (AND) လို့ ခေါ်ဆိုပါတယ်။

    အဆိုပါ AND ကွန်ပေါင်းဟာ အမျိုးသမီးတွေရဲ့ အချစ်စိတ်နဲ့ လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကိုလည်း လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။

    AND ဟာ အမျိုးသမီးတွေကို စိတ်ပိုင်းအရရော၊ ရုပ်ပိုင်းအရပါ သက်ရောက်မှုဖြစ်စေတယ်လို့ အမျိုးသားတွေရဲ့ ချွေးရနံ့နဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက်တွေကို အထူးပြုလေ့လာခဲ့တဲ့ စီမံကိန်းကို ဦးဆောင်ခဲ့တဲ့ ကာလီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခဖြစ်သူ ကလဲယာ ဝိုင်ယက်ထ်က ဆိုပါတယ်။

    ဒါဟာ … အချစ်လား

    ဒီအချက်ဟာ အချစ်စိတ်လားလို့မေးလာရင် ဟုတ်တန်ကောင်းရဲ့လို့တော့ ဖြေလို့ရပါတယ်။ ဟာ … သေချာတာပေါ့လို့တော့ ပြောရခက်ပါတယ်။

    အကြောင်းကတော့ ချစ်တယ်ဆိုတဲ့ ခံစားချက်ဟာ ဦးနှောက်လှုံ့ဆော်မှုကနေ စတင်တာကြောင့်ဖြစ်တာမို့ပါ။ ဦးနှောက်ကနေ အချစ်ဓာတုပစ္စည်းတွေ ထုတ်လုပ်တာကနေ ချစ်တဲ့စိတ်ကို ဖြစ်စေတာပါ။

    အချစ်စိတ်ကို ခံစားလာရပြီဆိုရင် နှလုံးခုန်နှုန်းမြန်တာ၊ ချွေးစို့တာနဲ့ ခြေဖျားလက်ဖျားတွေ အေးစက်တာမျိုးတွေလည်း ကြုံဆုံရတတ်ပါတယ်။ အမျိုးသမီးတွေ သူတို့နှစ်သက်တဲ့ အမျိုးသားရဲ့ ချွေးနံ့ ရချိန်မှာ ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကလဲ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း မြန်လာတာနဲ့ အရေပြားရဲ့ အပူချိန်မြင့်မားလာတာတွေ ဖြစ်တာမို့ ကိုက်ညီတယ်လို့ ဆိုလို့ရပါတယ်။

    နောက်ပြီး ဒီလို ချွေးနံ့ မျိုးကို ရတဲ့အချိန်မှာ စိတ်ခံစားချက်ကောင်းမွန်တာ၊ ကျေနပ်နှစ်သက်တာနဲ့ နှစ်လိုသဘောကျတဲ့ စိတ်ခံစားချက်မျိုးတွေ ရတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့နဲ့ ကိုက်ညီတဲ့ အမျိုးသားတစ်ယောက်ရဲ့ ချွေးနံ့ ကို ရှူရှိုက်မိချိန်မှာ ကိုယ်တွင်း ကိုယ်ခံအားစနစ်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲသွားတတ်ပါတယ်။ ဒီလိုပြောင်းလဲသွားတာရဲ့ အဓိက အကြောင်းပြချက်ကတော့ သူ့တို့နှစ်ဦးဟာ လိုက်ဖက်ညီတယ်ဆိုတဲ့ ခံစားချက်မျိုးကို မသိစိတ်က လက်ခံလိုက်တာကြောင့်ဖြစ်ပါတယ်။

    ဒါကြောင့်လည်း အမျိုးသားတစ်ယောက်ရဲ့ ချွေးနံ့ ကို လက်ခံနိုင်ရင် အဆိုပါအမျိုးသမီးနဲ့ အဲ့ဒီအမျိုးသားဟာ လိုက်ဖက်ညီနေတတ်တယ်၊ ချစ်သူစုံတွဲဖြစ်နိုင်ခြေမြင့်မားနေပြီလို့ ဆိုလို့ရပါတယ်။

    တစ်ခုသတိထားရမှာကက အမျိုးသားတိုင်းရဲ့ ချွေးနံ့ ကို မဆိုလိုပါဘူး။ လက်ခံနိုင်တယ်ဆိုတာကို အလိုလိုသိနားလည်နေတဲ့ အနံ့မျိုးပါ။ ဒီအနံ့မျိုးကို နှစ်သက်လက်ခံနိုင်ရုံနဲ့ တစ်ခါတည်း တန်းပြီးချစ်သွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူးနော်။ ဖြစ်နိုင်ခြေ မြင့်မားသွားရုံသာဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement