backup og meta

ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

    ကင်ဆာရောဂါ ဆိုတာ အသိနောက်ကျတာများပါတယ်။ အသိနောက်ကျရင် ကုသရခက်လို့ စောစောသိအောင်ကြိုးစားကြပါလို့ ပြောပါတယ်။ ဒီ့ထက်ပိုကောင်းတာက ကာကွယ်တာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ကင်ဆာရောဂါကာကွယ် လို့ရလားလို့မေးစရာရှိပါတယ်။ တချို့သောကင်ဆာတွေက ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြောင်းလဲလိုက်တာနဲ့ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ဒီဟာတွေလိုက်လုပ်လို့ ကင်ဆာလုံးဝမဖြစ်တာတော့မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ချေလျော့ကျသွားမှာတော့ သေချာပါတယ်။ ဒါကြောင့် ဒီလွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်။

    ကင်ဆာရောဂါ ကာကွယ်နိုင်ဖို့

    (၁) ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်အပါအဝင် ဆေးရွက်ကြီးအုပ်စုက ကင်ဆာရောဂါ ပေါင်းများစွာကို ဖြစ်စေပါတယ်။ ဆေးလိပ်က အဆုတ်ကင်ဆာခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာကို ဖြစ်စေပါတယ်။ ဆေးရွက်ကြီးဝါးတာ၊ ကွမ်းစားတာကတော့ ပါးစောင်ကင်ဆာနဲ့ ပန်ကရိယကင်ဆာကို ဖြစ်စေပါတယ်။

    ဆေးလိပ်ကို ကိုယ်တိုင်သောက်တာအပြင် သူများသောက်တာကို ရှူမိရင်လည်း အလားတူပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကာကွယ်ဖို့ မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။ ဖြတ်ဖို့အခက်အခဲရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းလမ်းရှာကြည့်ပါ။

    ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

    (၂) ကျန်းမာရေးနဲ့အညီ စားပါ။

    ကျန်းမာရေးနဲ့အညီ စားပါဆိုတာ ထမင်းများများစားခိုင်းတာလား။ ဒီလိုမဟုတ်ပါဘူးနော်။ အာဟာရရှိတဲ့အစားအစာတွေကို သင့်တင့်မျှတအောင် စားပေးရမှာပါ။ ဆိုလိုတာက အသီးအရွက်တွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေကို များများစားပါ။ ကြာရှည်ခံအစားအစာတွေကိုရှောင်ပါ။ အဆီအဆိမ့်လျှော့စားပါ။ အချိုနဲ့ အငန်လျှော့စားပါ။ အနီရောင်အသားလျှော့စားပါ။ ကင်ဆာရောဂါကာကွယ် ဖို့ ဖြည့်စွက်အားဆေးတွေ သောက်မယ့်အစား မျှမျှတတစားပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝအောင်နေပါ။

    (၃) အရက်လျှော့သောက်ပါ။

    ရင်သားကင်ဆာအူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အသည်းကင်ဆာစတာတွေက သောက်တဲ့အရက်ပမာဏနဲ့ ကြာချိန်ပေါ်မူတည်ပြီး ဖြစ်နိုင်ချေတက်လာပါတယ်။ ဆေးလိပ်ပါသောက်သေးတယ်ဆိုရင် ကင်ဆာရောဂါကာကွယ် နိုင်မှာ မဟုတ်ပါဘူး။

    (၄) ကိုယ်အလေးချိန်ထိန်းပါ။

    မပိန်လွန်း မဝလွန်းဘဲ မိမိအရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်မျိုးရှိပါစေ။ အဝလွန်ခြင်းက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန်ထိန်းဖို့ အစားကို ချင့်ချိန်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

    (၅) လေ့ကျင့်ခန်းလုပ်ပါ။

    လေ့ကျင့်ခန်းလုပ်တာက ကင်ဆာရောဂါ ကာကွယ် ဖို့ နည်းလမ်းကောင်း တစ်ခုပါ။ တစ်နေ့ကို အနည်းဆုံးနာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ ဝိတ်မကျတောင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာကနေ အေရိုးဗစ်လေ့ကျင့်ခန်းအထိ ကိုယ်နိုင်သလောက် လုပ်နိုင်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်အောင်သာ ကြိုးစားပါ။

    (၆) နေရောင်ဒဏ်မှကာကွယ်ပါ။

    အရေပြားကင်ဆာက အဖြစ်များတဲ့ ကင်ဆာရောဂါ ဖြစ်သလို ကာကွယ်နိုင်တဲ့ ကင်ဆာလည်း ဖြစ်ပါတယ်။ အရေပြားကင်ဆာကို အဓိကဖြစ်စေတာက နေလောင်တာပါ။ ဒါကြောင့် အရေပြားကင်ဆာကို လျှော့ချဖို့အတွက် ဒါတွေကို သတိထားပါ။

    • မွန်းတည့်နေကိုရှောင်ပါ။ မနက် ၁၀နာရီနဲ့ ညနေ၄နာရီကြားက ​နေအပူဆုံးဖြစ်လို့ ဒီအချိန်တွေကို ရှောင်ပါ။
    • အရိပ်ထဲမှာနေပါ။ နေပူထဲထွက်ရင်လည်း တတ်နိုင်သမျှ အရိပ်ရတဲ့ နေရာမှာ နေပါ။ အပြင်ထွက်ရင် ထီး၊ ဦးထုပ်ဆောင်းပါ။ နေလောင်ခံကရင်မ်လိမ်းပါ။
    • လုံလုံခြုံခြုံဝတ်ပါ။ ချည်သားနဲ့ လုပ်ထားတဲ့ ချောင်ချိပေါ့ပါးတဲ့ အဝတ်တွေကို နေလောင်မခံရအောင် လုံလုံခြုံခြုံဝတ်ပါ။
    • နေလောင်ခံကရင်မ်လိမ်းဖို့မမေ့ပါနဲ့။ SPFအနည်းဆုံး၃၀ပါပါစေ။ နေပူတဲ့နေ့တွေပဲမဟုတ်ဘဲ မိုးအုံ့တဲ့နေ့တွေမှာပါ လိမ်းပေးပါ။ နေလောင်ခံကရင်မ်ကို လုံလုံလောက်လောက်လိမ်းပါ။ ၂နာရီကြာတိုင်းလိမ်းပေးပါ။ ရေစိုခံမဟုတ်ရင် ရေကူးပြီးတိုင်း၊ ချွေးထွက်တိုင်းလိမ်းပေးပါ။

    (၇) ပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ပါ။

    ခုခေတ်မှာ စက်မှုလုပ်ငန်းတွေ တိုးတက်လာတဲ့အတွက် အဲ့ဒီကနေထွက်တဲ့ မီးခိုးငွေ့တွေ၊ အညစ်အကြေးတွေကြောင့် လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှုတွေဖြစ်လာပါပြီ။ မော်တော်ကားတွေကထွက်တဲ့ မီးခိုးငွေ့တွေကြောင့်လည်း လေထုညစ်ညမ်းမှုတွေ ဖြစ်နေပါပြီ။ ဒါ့ပြင် အိမ်တွင်းမှာ မီးသွေး၊ ထင်းတွေနဲ့ချက်ပြုတ်တာ၊ ခြင်ဆေးခွေ၊ အမွှေးတိုင်ထွန်းတာတွေကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ဖြစ်ပါတယ်။ ဒီမီးခိုးငွေ့တွေ၊ အညစ်အကြေးတွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေက အဆုတ်ကင်ဆာအပါအဝင် တခြားသော ကင်ဆာရောဂါ တွေကိုပါ ဖြစ်စေတဲ့အတွက် သတိထားပြီးရှောင်ကြဉ်ကြဖို့လိုပါတယ်။

    (၈) ကာကွယ်ဆေးထိုးပါ။

    တချို့ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါ တွေက ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားလို့ရပါတယ်။ ဥပမာပြောရရင်

  • အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး
  • အသည်းရောင်အသားဝါဘီပိုးကြောင့် အသည်းကင်ဆာဖြစ်တတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ထဲမှာ ထည့်သွင်းပြီးမွေးစကတည်းက ထိုးပေးနေတာပါ။

    သားအိမ်ခေါင်းကင်ဆာက HPVဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားတာက အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်မှာ အသက်၉နှစ်မှာတစ်ခါ ၁၀နှစ်မှာတစ်ခါ ထိုးပေးနေပါပြီ။

    ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

    (၉) အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရှောင်ပါ။

    ကင်ဆာရောဂါ ကာကွယ်တဲ့ နည်းလမ်းတွေထဲမှာ ကူးစက်ရောဂါမရအောင် ကာကွယ်တဲ့နည်းလည်းပါပါတယ်။ အကြောင်းက ဒီကူးစက်ရောဂါတွေကနေ ကင်ဆာဖြစ်လာနိုင်လို့ပါ။ ဥပမာပြောရရင်

    • စိတ်ချရသော လိင်ဆက်ဆံမှုမျိုးရှိပါစေ။ လိင်ဆက်ဆံဖော်နည်းပါစေ။ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်များလေလေ HIV,HPVလိုမျိုး လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်နိုင်ချေ များလေလေပါပဲ။ ဒီရောဂါတွေက နောက်ပိုင်းကျရင် စအိုကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေမှာပါ။
    • တစ်ခါသုံးအပ်ကိုသာ သုံးပါ။ ဆေးသုံးတဲ့လူတွေအကြား  ဆေးထိုးအပ်တွေ မျှဝေသုံးစွဲခြင်းက HIV၊ အသည်းရောင်ဘီပိုး၊ စီပိုးကူးစက်နိုင်ချေကို မြင့်စေပြီး နောက်ပိုင်းကျရင် အသည်းကင်ဆာဖြစ်လာနိုင်ပါတယ်။ ဆေးစွဲနေတယ်ဆိုရင်လည်း ဆေးဖြတ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    (၁၀) ပုံမှန်ဆေးစစ်ပါ။

    ပုံမှန်ဆေးစစ်ကြည့်ပြီး ကင်ဆာရှိမရှိစစ်ဆေးပါ။ တချို့သော ကင်ဆာတွေက ကိုယ်တိုင်စစ်ဆေးလို့ရပါတယ်။ ဥပမာ ရင်သားကင်ဆာအတွက် မိမိကိုယ်တိုင်ရင်သားကို စစ်ဆေးတာမျိုး၊ အရေပြားကင်ဆာအတွက် ကိုယ့်အရေပြားရဲ့ ပြောင်းလဲမှုကို စောင့်ကြည့်တာမျိုးစသဖြင့် ကိုယ်တိုင်စစ်ဆေးကြည့်ပြီး စောစောသိအောင် လုပ်လို့ရပါတယ်။

    Takeaways

    ကင်ဆာရောဂါ သည်အများစုက တကယ်တမ်း ရောဂါလက္ခဏာပြလို့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အဆင့်တွေမြင့်နေတာကို တွေ့ရပါတယ်။ ကင်ဆာတွေရဲ့ သဘာဝက ကနဦးအဆင့်မှာ သိပ်ပြီး လက္ခဏာမပြတတ်လို့ပါ။ ဒါကြောင့် ကင်ဆာရောဂါကာကွယ် ပါ။ ရောဂါဖြစ်ဖြစ်ခြင်း သိအောင်ကြိုးစားပါ။ ကင်ဆာက ကနဦးအဆင့်ဆို ကုသမှု အောင်မြင်နိုင်ခြေများပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement