backup og meta

ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ

ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ

ကြက်သွန်နီ ကြက်သွန်ဖြူဟာ အစားအသောက်ထဲမှာ အနံ့အရသာကောင်းအောင် ထည့်သွင်းနိုင်တဲ့ စားစရာဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များစွာပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဆိုးတာက အစိမ်းစားလိုက်ရင် အနံ့မကောင်းတော့တာပါပဲ။ သင်စကားပြောရင် ခံတွင်းကနေ အနံ့ဆိုးတွေထွက်နေမှာ အသေအချာပါပဲ။

ဒီလိုအနံ့ဆိုးထွက်ရခြင်းဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒီအနံ့ဟာ နာရီနဲ့ချီပြီး စွဲနေတတ်ပါတယ်။ အဆိုပါအနံ့တွေကို ပျောက်အောင်၊ လျော့ကျအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေ ကြိုးစားကြည့်ပါ။

၁။ ရေသောက်ပါ

အစာစားပြီးချိန်ရေသောက်လိုက်ခြင်းဟာ ခံတွင်းထဲက ကြက်သွန်အကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် တံတွေးထွက်လာအောင်လည်း လှုံ့ဆော်နိုင်တာမို့ ခံတွင်းထဲက အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။

၂။ သွားတိုက်ပါ၊ သွားကြားထိုးပါ

သွားကြားသွားဖုံးကြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ကြက်သွန်အကြွင်းအကျန်တွေ ထိတွေ့လာရင် အနံ့ပိုဆိုးလာတတ်ပါတယ်။ အစာစားပြီး သွားကြားထိုးခြင်း၊ သွားပွတ်ကြိုးသုံးခြင်းဟာ အနံ့ဆိုးတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

၃။ လျှာကို ပွတ်တိုက်သန့်စင်ပါ

လူအတော်များများဟာ သွားကြိုသွားကြားကို သန့်ရှင်းရေးလုပ်ဖြစ်ကြပေမယ့် လျှာကို မေ့နေကြပါတယ်။ လျှာရဲ့နောက်ပိုင်းမှာလည်း ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပါတယ်။ လျှာပွတ်ဆေးသုံးခြင်း၊ လျှာပွတ်တံသုံးခြင်း စတဲ့နည်းလမ်းတွေနဲ့ လျှာကိုသန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

၄။ ခံတွင်းသန့်ဆေးသုံးခြင်း

အနံ့ကောင်းကောင်းပါတဲ့ ခံတွင်းသန့်ဆေးရည်တွေသုံးရင် ကြက်သွန်နီ ကြက်သွန်ဖြူရဲ့ အနံ့တွေကို ဖုံးအုပ်ထားပေးနိုင်ပါတယ်။ သုတေသနတွေအရ ကလိုရင်းဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်ဟာ ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးရာမှာ အကောင်းဆုံးဖြစ်ပါတယ်။

၅။ လတ်လတ်ဆတ်ဆတ် အသီးအနှံများစားပါ

ကြက်သွန်ဖြူ/နီစားချိန် စားပြီးချိန်မှာ လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဟာ အနံ့ဆိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ ဥပမာ ပန်းသီးစားခြင်းဟာ ကြက်သွန်ဖြူနံ့ကို သက်သာစေပါတယ်။

၆။ ပန်းသီးရှာလကာရည်သုံးပါ

အစာမစားမီနဲ့ အစာစားပြီးချိန်မှာ ပန်းသီးရှာလကာရည်တဇွန်းကို ရေနဲ့ရောသောက်ပေးခြင်းဟာ ကြက်သွန်အနံ့ကို သက်သာစေတယ်လို့ သိရပါတယ်။

၇။ Green Tea သောက်ပါ

အစာစားပြီးချိန် green tea သောက်ပေးခြင်းဟာလည်း အနံ့ဆိုးတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းကို သန့်ရှင်းစေတဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။

၈။ ပီကေဝါးပါ

ပီကေဝါးခြင်းဟာလည်း ခံတွင်းထဲကအနံ့တွေကို လျော့ကျစေနိုင်ပါတယ်။ တံတွေးကိုလည်း ပိုထွက်စေလို့ ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

……………………………….

ကြက်သွန်နီ/ကြက်သွန်ဖြူစားခြင်းဟာ ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုပေမယ့် အစိမ်းစားရင်တော့ အနံ့တွေစွဲနေနိုင်ပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း ယုံကြည်မှုကျဆင်းနိုင်ပါတယ်။ ဒါကြောင့် အထက်ပါနည်းလမ်းတွေကျင့်သုံးပြီး ခံတွင်းအနံ့တွေကို လျှော့ချရမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/321334 Accessed Date 21 July 2020

ယခုပုံစံ

14/10/2021

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြက်သွန်နီ က အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

ကြက်သွန်ဖြူ ကပေးတဲ့ အသားအရေလှပမှု



Dr. Thant Zin မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement