backup og meta

အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ

    အသားဆေး ထိုးလိုက်တယ်။ ထိုးပြီး ရက်နည်းနည်းလောက်ကြာတော့ ထိုးတဲ့နေရာမှာ အဖုလိုလို အကျိတ်လိုလို ဖြစ်လာတယ်။ နောက်ပြီး ရောင်လာတယ်။ နာလာတယ်ဆိုရင် ဆေးထိုးတဲ့ နေရာက ပြည်တည်နေပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ သိပ်မကြာခင်ကများ ပြည်တည်တဲ့နေရာမှာ ဆေးထိုးထားဖူးလားပေါ့။ ဆေးထိုးတဲ့နေရာက ပြည်တည်တာ သိပ်ရှားပါးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

    အသားဆေး ထိုးတဲ့အခါ

    အသားဆေးထိုးတဲ့အခါ ပြည်တည်တာအပြင် တခြား ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ ထိုးထားတဲ့ဆေးတွေ ပြန်စိမ့်ထွက်တာ၊ သွေးထွက်တာ၊ အာရုံကြောတွေ ထိမိတာ၊ အသားဆေးက သွေးကြောထဲရောက်သွားတာ၊ အမာရွတ်တွေ ကျန်ခဲ့တာ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

    ဒီထဲမှာ အဖြစ်များဆုံးကတော့ ဆေးထိုးတဲ့နေရာမှာ ပြည်တည်တာပါပဲ။ လေ့လာချက်တွေအရ အသားဆေးထိုးတဲ့သူရဲ့ ၃၁ရာခိုင်နှုန်းလောက်က ပြည်တည်နိုင်ပါတယ်တဲ့။ တွက်ကြည့်မယ်ဆိုရင် ၃ယောက် ၁ယောက်လောက်ပေါ့။

    နောက်ပြီး ပြည်တည်တာက ပိုးပါတာလည်း ဖြစ်နိုင်သလို ပိုးမပါတာလည်း ဖြစ်နိုင်ပါတယ်။ ပိုးမပါဘူးဆိုတာက ထိုးတဲ့ဆေးနဲ့ ဓာတ်မတည့်လို့ ထိုးတဲ့နေရာက အဆီနဲ့ ကြွက်သားတွေနဲ့ ဓာတ်ပြုပြီး သာမန်ပြည်တည်တာပါ။ သူ့မှာ ဘက်တီးရီးယားပိုးတွေ မပါပါဘူး။

    ဘာလို့ အသားဆေး ထိုးပြီး ပြည်တည်ရတာလဲ။

    အလွယ်ပြောရရင် ထိုးတဲ့နေရာကို ပိုးဝင်သွားလို့ပါပဲ။ ဘယ်ကနေ ဝင်သလဲဆိုရင်

    • ထိုးတဲ့အပ်
    • ထိုးတဲ့ ဆေးပိုက်
    • ဆေးက မသန့်တာ
    • ထိုးတဲ့နေရာကို သေချာ ပိုးမသတ်မိတာ ဒါမှမဟုတ် ပိုးသတ်ပြီးမှ မသန့်တဲ့ လက်နဲ့ ပြန်ကိုင်မိတာ
    • ဆေးထိုးထားတဲ့ နေရာကို ထိခိုက်မိတာ စတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။

    နောက်ပြီး လူနာအနေနဲ့ ကြည့်မယ်ဆိုရင် စတီးရွိုက်တွေ စွဲသောက်နေတဲ့သူတွေ၊ ဆီးချိုရှိတဲ့သူတွေ၊ အဝလွန်တဲ့ သူတွေ၊ သွေးကြောရောဂါရှိလို့ သွေးလည်ပတ်မှုမကောင်းတဲ့သူတွေက ပိုပြီး ဖြစ်လွယ်ပါတယ်။

    ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    • ဆေးထိုးထားတဲ့နေရာမှာ အဖုလေး စမ်းမိမယ်။
    • ဒီအဖုလေးက ပူပြီး တဆစ်ဆစ် နာမယ်။ နီနေမယ်။
    • ပြည်ဖုပိုကြီးလာရင် ဖျားတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ဘယ်လိုကုရမလဲ။

    • တစ်ခါတလေတော့လည်း ပြည်ဖုက သူ့အလိုလို မှည့်ပြီး ပေါက်သွားတာမျိုးလည်း ရှိပါတယ်။
    • ပြည်ဖုက သေးတယ်ဆိုရင်တော့ (၁ စင်တီမီတာ) ပိုးသတ်ဆေး သောက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။
    • အနာသက်သာအောင် ရေနွေးဝတ်လေးနဲ့ တစ်ခါကပ်ရင် နာရီဝက် တစ်နေ့ ၄ခါ ကပ်ပေးလို့ရပါတယ်။
    • ပြည်ဖုကို ညှစ်တာ၊ ဖိတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ပြည်တွေကို ပိုပြန့်စေပါတယ်။
    • အပ်နဲ့ထိုးတာ၊ ကုတ်ဖဲ့တာလည်း မလုပ်ပါနဲ့။ ဒီလိုလုပ်တာကြောင့်  ပိုးဝင်ပြီး ပိုဆိုးနိုင်ပါတယ်။ အောက်က သွေးကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။
    • ပြည်ဖုက သိပ်ကြီးလွန်းရင်တော့ ခွဲတာမျိုး လုပ်ရတတ်ပါတယ်။

    ဘယ်လိုအချိန်မှာ ခွဲရမှာလဲ။

  •  ပြည်ဖုက ၁စင်တီမီတာထက် ပိုကြီးခဲ့ရင်
  • မခံနိုင်လောက်အောင် နာလာရင်
  • တင်ပါးက ပြည်ဖုမှာ နာတာက ပေါင်ခြံတွေ၊ စအိုတွေနားထိ ပြန့်လာရင်
  • ဖျားလာရင်
  • ပေါင်ခြံက ပြန်ရည်ကျိတ်တွေ ကြီးပြီး နာလာရင် (ဒါ ပိုးတွေ ပြန့်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါ။)
  • ခုနကပြောခဲ့သလို စတီးရွိုက်တွေ စွဲသောက်နေတဲ့သူ၊ ဆီးချိုရှိတဲ့သူ၊ အဝလွန်တဲ့ သူ၊ သွေးကြောရောဂါရှိလို့ သွေးလည်ပတ်မှုမကောင်းတဲ့သူ ဆိုရင် ခွဲစိတ်မှု ခံယူသင့်ပါတယ်။
  • ပြန်ချုပ်ရမယ်ဆိုရင် အသားဆေးထိုးပြီး ပြည်တည်တဲ့ ကိစ္စတွေက မရှားပါဘူး။ ပြည်မတည်ဖို့ဆိုရင် မလိုအပ်ဘဲ အသားဆေး မထိုးပါနဲ့။ ထိုးမယ်ဆိုလည်း တစ်ခါသုံးအပ်နဲ့သာ ထိုးပါ။ မထိုးခင်မှာလည်း ထိုးတဲ့နေရာကို သေချာ ပိုးသတ်ဖို့ လိုပါတယ်။ ဆေးထိုးပြီးရင်လည်း အားနဲ့ မချေပါနဲ့။ (အမှန်တော့ အသားဆေးတွေက ချေစရာကို မလိုတာပါ။) ဖွဖွလေးချေရုံနဲ့ လုံလောက်ပါတယ်။ အားနဲ့ချေရင် မလိုအပ်ဘဲ ထိုးတဲ့နေရာမှာ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement