backup og meta

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

    ဒီဘက်ခေတ် မိန်းကလေးတွေကို ကြည့်လိုက်ရင် ပိန်ချင်တယ်၊ Diet လုပ်နေတယ်၊ ဝိတ်ချနေတယ် အစရှိတဲ့ စကားမျိုးတွေ အမြဲ ပြောနေတတ်တာ သတိထားမိမှာပါ။ တကယ်တော့ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပိန်ခြင်း၊ ဝခြင်းဆိုတဲ့ ကိုယ်ခန္ဓာ အလှတရားထက် လူတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် တစ်ခု ရှိနေဖို့ပဲ လိုတာပါ။

    ဒါပေမယ့်လည်း လူငယ်တွေဆိုတော့ ကျန်းမာတာထက် လှချင် ပချင်တာကိုပဲ ဦးစားပေးချင်ကြတာမလား။ ဒီအတွက် Diet တွေ အပြင်းအထန် လုပ်ကြတယ်၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ကြတယ်၊ အစားတွေ ရှောင်ကြတယ်၊ တစ်ခုပြီး တစ်ခုတော့ လုပ်နေတာပဲ၊ ဘာကြောင့် လုပ်နေတာလဲဆိုတဲ့ အကြောင်းရင်း မသိရင်တော့ ရေရှည် ဇွဲရှိရှိနဲ့ လုပ်ဖို့ဆိုတာ မဖြစ်ပါဘူးနော်။ ဒီတော့ ကိုယ်ဘာကြောင့် ကိုယ်အလေးချိန် ချချင်တာလဲဆိုတာကို အရင်ဆုံး တွေးကြည့်ရအောင်လား။

    ၁။ သူများတွေက မလှဘူး ပြောလို့လား။

    အာရှလူမျိုးတွေဟာ တခြားလူမျိုးစုတွေထက် ရုပ်ပိုင်းဆိုင်ရာ အလှအပကို အရမ်း ဦးစားပေးတတ်ပါတယ်။ ဖြူမှ လှမယ်၊ ပိန်ပြီး သွယ်နေမှ ကြည့်လို့ကောင်းမယ်၊ ဘယ်နေရာကတော့ ဘယ်လိုကောက်ပြီး လုံးနေမှ အစရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး စံနမူနာ သတ်မှတ်ချက်တွေ အရမ်းများပါတယ်။ အကယ်လို့ ဒီအချက်ကြောင့်သာ ဝိတ်ချဖို့ အပြင်းအထန် ကြိုးစားနေတာဆိုရင်တော့ ခဏလေး ဘရိတ် အုပ်ထားပါဦးလို့။ ဒီလိုမျိုး ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်း အသေးအမွှားကိုတောင် အပြစ်မြင်နေတဲ့သူတွေဟာ ကိုယ် လှလာတဲ့အခါမှာရော တခြားအစိတ်အပိုင်းတွေနဲ့ ကိုယ့်ကို အပြစ်မြင်နေဦးမှာပါပဲ။

    ၂။ အင်္ကျီ အဝတ်အစားတွေ မတော်တော့လို့လား။

    ဒါကတော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာတယ်နော်။ သူများ ပြောတာမဟုတ်ဘဲ ကိုယ်အရင်တုန်းက ဝယ်ခဲ့တဲ့ အဝတ်လေးတွေ၊ ဝယ်ကာစ ဝတ်တုန်းက ချောင်ချောင်လေးပဲ၊ ခုကျတော့မှ ဝတ်ရတာလည်း ကျပ်၊ အသက်ရှူရတာလည်း ကျပ်၊ ဗိုက်ကလေးကလည်း ထွက်နေရင်တော့ ဝိတ်ချဖို့ လိုအပ်လာပြီဆိုတဲ့ အတွေးတွေးမိမှာပါ။ ဒီအချက်က အဝလွန်တာလည်း ဖြစ်နိုင်သလို ကိုယ်အလေးချိန် ပုံမှန်အတိုင်း ရှိလာတာလည်း ဖြစ်နိုင်ပါတယ်၊ အတိအကျ ပြောလို့ မရပါဘူး။ ဥပမာ – ငယ်ငယ်တုန်းက အရပ်နဲ့ အသက်နဲ့ မလိုက်အောင် ပိန်နေတဲ့သူက အဝတ်အစားဝယ်ရင် ဆိုဒ်သေးတာပဲ ဝယ်မှာလေ။ ကြီးလာတော့မှ အာဟာရ စုံလင်အောင် စားပြီး လူက ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာရင်တော့ အရင်က ဝယ်ခဲ့တဲ့ ဆိုဒ်သေးတွေ ဘယ်တော်တော့မလဲ။ ဒီလိုလေး ပြန်တွေးကြည့်ပြီးတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို ပြန်စစ်ဆေးကြည့်ပေါ့။

    ၃။ ပိန်သွယ်မှ လှမယ်ထင်လို့လား။

    လူဆိုတာ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ၁၀၀ ရာခိုင်နှုန်း လက်ခံပြီး သဘောကျတဲ့သူ အရမ်း ရှားပါတယ်။ အဲ့ဒါကြောင့်လည်း “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားပုံတွေ ထွက်လာတော့တာပေါ့။ သူ့ဟာနဲ့သူ သင့်တင့်တဲ့ ကိုယ်ခန္ဓာ အချိုးအစားရှိနေတယ်၊ ကြည့်ကောင်းနေတယ် ဆိုရင်လည်း ဟိုလိုလေး ပြောင်းသွားမှ လှသွားမယ်ဆိုတဲ့ စိတ်က ဖြစ်နေပါတယ်။ အဓိက ပြောချင်တာကတော့ ကိုယ်အလေးချိန်ကို ပြင်မယ့်အစား စိတ်ကို ပြင်လိုက်ပါ။ အကောင်းမြင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် ချစ်စိတ် တိုးလာရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အရှိကို အရှိအတိုင်း ချစ်မြတ်နိုးတတ်လာပါလိမ့်မယ်။ နောက်ထပ် တစ်ခုက ပိန်လို့ လှတယ်၊ ဝလို့ လှတယ်ဆိုပြီး ပြောနေကြတဲ့သူတွေဟာ သူတို့ သတ်မှတ်ထားတဲ့ စံညွှန်း၊ အမြင်အတိုင်း ပြောနေတာပါ။ ကိုယ်က သူတို့ တွေးမြင်သတ်မှတ်ထားတဲ့ ပုံစံဘောင်ခွက်ထဲမှာ အတင်းကြီး အသက်ရှင်ဖို့ ရုန်းကန်နေစရာ မလိုပါဘူးနော်။

    ၄။ ကျန်းမာရေးကြောင့်လား။

    ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ပိန်တယ်၊ ဝတယ်ဆိုတာထက် ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် စံညွှန်းအတွင်း ဝင်အောင် လုပ်နိုင်ရင် ရပါပြီ။ အဝလွန်ရင် ကျန်းမာရေးအတွက် မကောင်းတာ မှန်ပေမယ့် ပိန်နေလို့လည်း ကျန်းမာနေတာမျိုးတော့ မဟုတ်ပါဘူး။ အကုန်လုံးက သတ်မှတ်ထားတဲ့ စံညွှန်းအတိုင်း သွားတာ အကောင်းဆုံး ဖြစ်မှာပါ။

    အခု ပြောပြပေးခဲ့တာက ပိန်ခြင်း၊ ဝခြင်းထက် ကျန်းမာရေးဟာ ပိုပြီး အဓိက ကျတယ်လို့ ဆိုလိုချင်တာပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် အချိုးအစားလေးအတိုင်း ရှိနေရင် အဆင်ပြေပါပြီ။ အရမ်းကြီး အလွန်အကျွံ Diet လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာ၊ ညစာမစား၊ ဟိုဟာရှောင် ဒီဟာရှောင်နဲ့ ဒုက္ခခံတာ၊ Gym မှာ အလေးတွေ အလွန်အကျွံ မတာမျိုးကတော့ အဆင်မပြေပါဘူးနော်။

    ဒါကြောင့် တစ်နေ့တာကို အစာအာဟာရလေး လုံလောက်မျှတစွာ စားပေးပါ။ ကိုယ်စားချင်တာလေးတွေလည်း နည်းနည်းတော့ စားပေးပေါ့။ အိပ်ချိန်ကိုလည်း ပြည့်ဝစွာ အိပ်၊ လေ့ကျင့်ခန်းလေးလည်း မှန်မှန်လုပ်၊ ကိုယ့်ရဲ့ စိတ်ကိုလည်း အေးချမ်းအောင် ထား၊ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကိုလည်း အပြစ်မြင်နေမယ့်အစား တန်ဖိုးထားတတ်အောင် စိတ်ဓာတ်ကလေး မွေးမြူနိုင်ရင်တော့ ကျန်းမာလှပတဲ့ ပျိုမေလေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement