backup og meta

ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်။  ။

    ဖော်မလင်ထိုးထားတဲ့ငါးတွေ၊ ဖော်မလင် ထည့်ထားတဲ့ ကြက်သွေး ဘဲသွေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အကြောင်းတွေ သင်ကြားဖူးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန ကတောင် လိုက်သိမ်းတယ်ဆိုမှတော့ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို တော်တော်ဒုက္ခပေးလို့ပေ့ါနော့။ ကျန်းမာရေးဝန်ထမ်းတွေသာ သိပေမယ့် သာမာန်ပြည်သူတွေ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေကရနိုင်တဲ့ ရောဂါတွေ မသိဘူးမဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဟင်းလျာတွေကို ဝယ်ယူ ပြင်ဆင်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေ ပိုပြီး သိထားသင့်ပါတယ်။ ။

    ဖော်မလင်ဆိုတာဘာလဲ ။ ။

    ဖော်မလင်ဆိုတာ ဓါတုပစ္စည်းတစ်မျိးဖြစ်ပြီး သူနဲ့ထိတွေ့တဲ့အရာတွေ မှန်သမျှ မပုပ်သိုးအောင် သူက ထိန်းထားပေးတာဖြစ်ပါတယ်။ ဒါတွေကို သိပ္ပံပညာရှင်တွေက ခန္ဓါဗေဓဆိုင်ရာ လေ့လာဖို့အတွက် လူသေတွေကို မပုပ်အောင် ဖော်မလင်စိမ်ရာကနေ စီးပွားရေး သမားတွေလက်ထဲရောက်ပြီး ခုလို အစားအသောက်တွေ ထဲကိုသူက ရောက်လာတာဖြစ်ပါတယ်။

    ဘယ်အစားအသောက်တွေကို ဖော်မလင်ထည့်ကြတာလဲ ။

    ပုပ်သိုးလွယ်တဲ့ အစားအစာ ဖြစ်တဲ့ ငါးကို အချိန်အတော်ကြာ လတ်ဆတ်နေအောင် ငါးရောင်းတဲ့ သူတွေက ဖော်မလင်ထဲ ထည့်စိမ်ထားလေ့ရှိပါတယ်။။ ဒါ့အပြင် အသီးတွေကိုလည်း ခဏလေးနဲ့ မပုပ်သွားစေဘဲ ဆွဲဆောင်မှုရှိစေဖို့အတွက် ဖော်မလင်ကို သုံးကြပါတယ်။ အခြား က ဖော်မလင်ထည့်ထားတဲ့ အစားအသောက်တွေ ကတော့ ပဲပြား၊ ဘဲသွေး ကြက်သွေးခဲ၊ တို့ဖူး၊ ခေါက်ဆွဲ၊ တို့ပဲဖြစ်ပါတယ်။ ဒီ အစားအစာတွေက ကိုယ်တွေပတ်ဝန်းကျင်မှာ လူတိုင်းစားနေတဲ့ အစားအသောက် တွေဆိုတော့ မသိလိုက်ဘဲနဲ့ ကိုယ်တွင်းကို ဖော်မလင်တွေ အများကြီးဝင်သွားနိုင်ပါတယ်။

    ဖော်မလင်ကိုအစားအသောက်ကနေ ဘယ်လို ဖယ်ရှားလို့ရလဲ ။ ။

    ဖော်မလင်ထိဖူးပြီးသား အစားအသောက်တွေကနေ ဖော်မလင်ကို အပြီးဖယ်လို့ မရတော့ပါဘူး။ ရှိနေတဲ့ ဖော်မလင်ပမာဏကိုသာ လျော့အောင် လုပ်လို့ရတာပါ။

    ဒီလို ဝင်သွားတဲ့ ဖော်မလင်တွေကြောင့် သင့်ကိုယ်တွင်းမှာ ဘာတွေ ဖြစ်သွားနိုင်သလဲ။ ။

    ဖော်မလင်ဆိုတာ ဓါတု ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်သွားဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့်လည်း မသိလိုက်မိလို့ အစားအသောက်ကနေတစ်ဆင့်ကိုယ်တွင်းဝင်သွားတဲ့ ဖော်မလင်ဟာ သ့င်ကို ကင်ဆာဖြစ်စေတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖော်မလင် ပမာဏ ၁၅ ppm လောက်ကို ၂ နှစ်လောက် မသိလိုက်ဘဲ စားမိနေတဲ့သူတွေမှာ ကင်ဆာရောဂါ၊ သွေးကင်ဆာအသည်းခြောက်တာ ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

    ဒီလို ကြောက်ဖို့ကောင်းတဲ့ ဖော်မလင်ပါတဲ့ အစားအသောက်တွေကို ဘယ်လို သိနိုင်မှာလဲ။ ။

    ငါး – ငါးက လှုပ်ရှားမှု မရှိဘဲ ဒီအတိုင်းတောင့်တောင့်ကြီးဖြစ်နေမယ်။ ကိုင်လိုက်ရင် အသားတွေက ပျော့ပျောင်းမနေဘဲ အကြေးခွံတွေက မာနေမယ်။ ပါးဟက်ကလည်း နီနေမယ်။

    ပြည်ကြီးငါး – ကိုင်လိုက်တာနဲ့ နူးညံ့မနေဘဲ ရာဘာတုံးကြီးကိုင်ရသလို မာမာကြီးဖြစ်နေမယ်။ သာမာန် ပြည်ကြီးငါးတွေဆို လက်နဲ့ဖျစ်လိုက်ရုံနဲ့ အသားတွေ ကွဲသွားပေမယ့် ဖော်မလင်ထိုးထားတဲ့ ပြည်ကြီးငါးတွေကျတော့ ဓါးနဲ့လှီးမှ ပြတ်တယ်။

    ငါးခြောက်- ဖော်မလင် ထည့်ထားတဲ့ ငါးခြောက်တွေဟာ အမြဲတမ်းတောင့်နေတာကြောင့် ရောင်းရတာ မျက်နှာပန်းလှတဲ့အတွက် စီးပွားရေးပညာရှင်တွေက သုံးကြပါတယ်။ ကြော်ကြော် ချက်ချက် ပြုတ်ပြုတ် တောင့်မြဲတောင့်ဆဲပါ။

    တို့ဖူး – ဖော်မလင်ထည့်ထားတဲ့ တို့ဖူးဟာ ပုံမှန်ထက်ပိုပြီး မာတောင့်တောင့်ကြီးဖြစ်နေတတ်ပြီး ၂၄ နာရီ အတွင်း လုံးဝကို သိုးမသွားတတ်ပါဘူး။

    မသိလိုက်လို့ ဝယ်လိုက်မိတဲ့ အစားအသောက်က ဖော်မလင်တွေကို ဘယ်လို ဖယ်ရှားကြမလဲ ။ ။

    • ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကို ရေသေချာဆေးပြီး မချက်ခင် ၁နာရီလောက် ရေအေးထဲ ထည့်စိမ်ထားပါ။ ဖော်မလင် အကုန်လုံး မဟုတ်တောင် ၆၀ ရာခိုင်နှုန်းလောက် တော့ ထွက်သွားပါလိမ့်မယ်။
    • ဖော်မလင် ၉၀ ရာခိုင်နှုန်းလောက် သန့်သွားစေချင်တယ်ဆိုရင်တော့ ဆားရည်ထဲကို ငါးတွေ အသီးအရွက် တွေ ၁ နာရီလောက် ထည့်စိမ်ထားပါ။
    • နောက်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်နဲ့ ငါးတွေ အသီးအနှံတွေကိုဆေးပြီး ရေသန့်နဲ့ ပြန်ဆေးတာပါ။ ဖော်မလင် ၇၀ ရာခိုင်နှုန်းလောက် ထွက်သွားပါလိမ့်မယ် ။ ။
    • ရှာလကာရည်တစ်ခွက်နဲ့ ရေတစ်လီတာကို ရောပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်စိမ်ထားပါ။ ပြီးရင် ရေနဲ့ သေချာပြန်ဆေးပါ။ ဒီနည်းနဲ့ ဖော်မလင် ၉၈ ရာခိုင်နှုန်းလောက် ထွက်သွားနိုင်ပါတယ်။

    ဖော်မလင်ပါတဲ့ အစားအသောက်တွေ မဝယ်မိအောင် ဘာတွေသိထားသင့်သလဲ ။ ။

    • ဖြစ်နိုင်ရင် ပင်လယ်စာတွေကို အရှင်ဝယ်ပါ။
    • ငါးဝယ်ချိန်ဆို ပါးဟပ်နီ မနီ သေချာစစ်ပါ။ ငါးညှီနံ့ ပျောက်နေတဲ့ ငါးတွေကို မဝယ်ပါနဲ့။
    • ငါးခြောက်တွေ တတ်နိုင်သမျှ ရှောင်ပါ။
    • အရမ်းကြီး အရောင်တောက်ပြီး လတ်ဆတ်လွန်းနေတဲ့ အသီးအရွက်တွေကို ရှောင်ဝယ်ပါ။
    • တို့ဖူးဝယ်တော့မယ်ဆိုရင် အရမ်းကြီး မာနေလားတစ်ချက်ကိုင်ကြည့်ပြီးမှ ဝယ်ပါ။ ကိုယ်က တို့ဖူးကြိုက်တဲ့သူဆိုရင်တော့ ဂျပန်တို့ဖူးလို့ခေါ်ကြတဲ့ ကြက်ဥ တို့ဖူးကသာ အကောင်းဆုံးပါ။

    ဒီလို ကြောက်ဖို့ကောင်းတဲ့ ဖော်မလင် အကြောင်းကို ကိုယ့်အိမ်သားတွေရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အိမ်ရှင်မတိုင်း သိထားသ့င်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement