backup og meta

ရောဂါပေါင်းစုံကို ပိုမိုဆိုးရွားစေနိုင်သော အကြောင်းအရင်း (သို့) စိတ်ဖိစီးမှု


Dr. Thant Zin မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါပေါင်းစုံကို ပိုမိုဆိုးရွားစေနိုင်သော အကြောင်းအရင်း (သို့) စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုဆိုတာ လူသားအားလုံး နေ့စဉ်ရင်ဆိုင်နေရတဲ့ အရာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုအတိုင်းအတာ ကွာခြားပါတယ်။ ဒါ့အပြင် ခံနိုင်ရည် ရှိပုံချင်းလည်း မတူပါဘူး။ တစ်စုံတစ်ယောက်အပေါ် စိတ်ဖိစီးမှုကြီးစွာ ဖြစ်လောက်စေတဲ့အရာဟာ တခြားတစ်ဦးအတွက် ပြောပလောက်တဲ့အရာ ဖြစ်ချင်မှလည်း ဖြစ်နေတတ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများခြင်းဟာ မကောင်းတဲ့အချက်ဖြစ်ပါတယ်။ စိတ်ထောင်းရင်ကိုယ်ကြေ ဆိုသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

    အောက်ပါပြသနာများကတော့ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာတွေပဲ ဖြစ်ပါတယ်။

    ၁။ နှလုံးရောဂါ

    သုတေသီတွေရဲ့ အဆိုအရ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး ယှဉ်ပြိုင်ကြိုးစားချင်စိတ်များသူတွေမှာ သွေးတိုးခြင်းနဲ့ နှလုံးရောဂါအဖြစ်များတယ်လို့ သိရပါတယ်။ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် စိတ်ဖိစီးမှုဟာ အကြောင်းအရင်းခံလို့ ယူဆရပါတယ်။ စိတ်ဖိစီးခြင်းကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှု ပိုမိုမြန်ဆန်လာပြီး ကိုလက်စထရောနဲ့ triglyceride ကို သွေးကြောတွေထဲ ရောက်လာစေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုဆိုင်ရာရုတ်တရက် ထိခိုက်ခြင်းများဟာ နှလုံးထိခိုက်ခြင်း heart attack ကို ဖြစ်ပွားစေနိုင်ပါတယ်။

    ၂။ ရင်ကြပ်ပန်းနာ

    စိတ်ဖိစီးမှုဟာ ရင်ကြပ်ပန်းနာကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ သုတေသနများစွာကနေ ဖော်ပြထားပါတယ်။ ဒီနှစ်ချက်ကြားမှာလည်း အကြောင်းအရင်း အတိအကျကို မသိရသေးပါဘူး။ အယူတဆအချို့အရ လူအများဟာ စိတ်ပူပန်ချိန်၊ စိတ်ဖိစီးလာချိန်မှာ အသက်ရှူရတာ ပိုပြီးမြန်ဆန် ပြင်းထန်လာပါတယ်။ ဒါ့အပြင် ပူဆွေးဝမ်းနည်းချိန်မှာ ကိုယ်ခန္ဓာထဲမှာ အချွဲဓာတ်တွေ ပိုထွက်လာပြီး အသက်ရှူရတာ ပိုခက်ခဲလာစေပါတယ်။ အဲဒီအခါ ရင်ကျပ်ပန်းနာအခံရှိသူတွေကို ပိုမိုဆိုးရွားလာစေပါတယ်။

    ၃။ အဝလွန်ခြင်း

    ယေဘုယျအားဖြင့် စိတ်ဖိစီးမှုခံစားရခြင်းနဲ့ ပတ်သက်ရင် ကိုယ်ခန္ဓာပိန်ချုံးနေသူများကိုသာ ယှဉ်တွဲမြင်ယောင်လေ့ရှိပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုနဲ့ အဝလွန်ခြင်းဟာလည်း ဆက်စပ်နေပါတယ်။ စိတ်ဖိစီးခြင်းဟာ ကော်တီဆောဟော်မုန်းကို မြင့်တက်လာစေပါတယ်။ အဲဒီအခါ ဝမ်းဗိုက်မှာ အဆီဓာတ်တွေ ပိုမိုစုပုံစေတယ်လို့ သိရပါတယ်။

    ၄။ ဆီးချို

    စိတ်ဖိစီးခြင်းဟာ နည်းလမ်းနှစ်မျိုးနဲ့ ဆီးချိုကို ပိုမိုဆိုးရွားစေပါတယ်။ ပထမတစ်ချက်ကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံတွေ ဖြစ်ပေါ်လာစေခြင်း ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ စိတ်ဖိစီးမှုဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှင်တွေရဲ့ သွေးတွင်းဂလူးကို့စ်ဓာတ်ကို တိုက်ရိုက်မြင့်တက်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။

    ၅။ ခေါင်းကိုက်ခြင်း

    စိတ်ဖိစီးမှုဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ သာမန်ခေါင်းကိုက်ခြင်း မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း(Tension Headache)၊ ခေါင်းတခြမ်းကိုက်ခြင်း (Migraines) စတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ၆။ အစာအိမ်အူလမ်းကြောင်းပြဿနာများ

    စိတ်ဖိစီးမှုကြောင့် အစာမကြေရင်ပြည့်ခြင်း၊ အစာခြေရည်များ အစာရေမျိုမှ ပြန်လည်လျှံတက်ခြင်း၊ အစာလမ်းကြောင်းခံနိုင်ရည်မရှိဘဲ ဝမ်းပျက်လွယ်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းမှာ ဖြစ်ပွားတတ်တဲ့ အနာတွေကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။

    ၇။ အယ်လ်ဇိုင်းမားရောဂါ

    စိတ်ဖိစီးမှုနဲ့ အယ်လ်ဇိုင်းမားဝေဒနာကြား ဆက်စပ်နေတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။ စိတ်ဖိစီးခြင်းကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးမှု ပိုမိုမြန်ဆန်စေတယ်လို့ ဆိုပါတယ်။ အပြန်အလှန်အားဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်တာနဲ့ ရောဂါဆိုးရွားမှုကို နှေးကွေးသွားစေတယ်လို့ ဆိုပါတယ်။

    ၈။ အိုမင်းရင့်ရော်ခြင်း

    ဒီအချက်နဲ့ ပတ်သက်ပြီး ပညာရှင်အချို့ဟာ မော်လီကျူးအတိုင်းအတာအထိ သုတေသနလုပ်ခဲ့ကြပါတယ်။ သုတေသနတစ်ခုမှာ မိခင်နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါတယ်။ မိခင်တစ်ဦးမှာ ကျန်းမာတဲ့ကလေးတစ်ဦးရှိပြီး ကျန်တစ်ဦးမှာ နာတာရှည်ရောဂါခံစားနေရတဲ့ ကလေးရှိပါတယ်။ တွေ့ရှိချက်အရ စိတ်ဖိစီးမှုများတဲ့ ရောဂါသည်ရဲ့အမေမှာ ပုံမှန်ထက် ရင့်ရော်ပျက်စီးမှုမြန်ဆန်တဲ့ ခရိုမိုဆုမ်း အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။ စိတ်ဖိစီးမှုဟာ မူရင်းအသက်ထက် ၉ နှစ်ကနေ ၁၇နှစ်စာအထိ အိုမင်းရင့်ရော်စေတယ်လို့ ဆိုပါတယ်။

    ၉။ အချိန်မတိုင်မီ သေဆုံးခြင်း

    စိတ်ဖိစီးမှုများခြင်းဟာ အရွယ်မတိုင်မီ စောစီးစွာ သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။ ရောဂါမျိုးစုံနဲ့ ဆက်စပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ သုတေသနတခုမှာတော့ မိမိရဲ့အဖော် အိမ်ထောင်ဖက်ကို ပြုစုစောင့်ရှောက်နေရတဲ့ သက်ကြီးပိုင်းတွေကို လေ့လာခဲ့ရာပါတယ်။ အဲဒီလိုလေ့လာရာမှာ မိမိအဖော်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရပြီး စိတ်ဖိစီးမှုများသူတွေဟာ တခြားပုံမှန်သက်ကြီးပိုင်းတွေထက် သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။

    ..

    ဒီဆောင်းပါးမှာ စိတ်ဖိစီးမှုနဲ့ ရောဂါအများအပြား ဆက်စပ်နေခြင်းကို ဖော်ပြခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ စိတ်ဖိစီးမှုကို ပေါ့ပေါ့တန်တန်သဘောမထားဖို့၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်တစ်ခုအနေနဲ့ သတိထားဖြေရှင်းဖို့ သိမြင်စေလိုခြင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျှော့စေတဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အဲဒီနည်းလမ်းတွေအကြောင်း ရေးသားထားတဲ့ ဆောင်းပါးတွေကို သေချာဖတ်ရှုပြီး စနစ်တကျပြုလုပ်ဖို့ လိုပါတယ်။

    စိတ်ဖိစီးမှုဆိုတာ ရောဂါပေါင်းစုံနဲ့ ဆက်စပ်နေတဲ့၊ ပြဿနာပေါင်းများစွာကို ထကြွလာစေမယ့် အကြောင်းအရင်းဖြစ်နေလို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement