backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cholesterol အကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cholesterol အကြောင်း သိကောင်းစရာ

Cholesterol အကြောင်း သိကောင်းစရာ ….. Cholesterol ဆိုတာကတော့ ခန္ဓာကိုယ်တွင်း သွေးနဲ့ဆဲလ်တွေထဲမှာပါဝင်နေတဲ့ အရာတစ်ခုပါ။ Cholesterol အများစုကို အသည်းက ထုတ်လုပ်ပေးပြီး ကျန်တာတွေကိုတော့ ပြင်ပအစားအသောက်တွေကနေ ရရှိပါတယ်။ Cholesterol တွေက သွေးကြောထဲမှာ စုပေါင်းပြီးနောက်ဆုံး Lipoproteins လို့ခေါ်တဲ့ Protein အစုအဝေးတစ်ခုဖြစ်သွားကြပါတယ်။

Cholesterol အကြောင်း သိကောင်းစရာ

Cholesterol တွေမှာပုံစံ ၂ မျိုးရှိပါတယ်။

  • Low density lipoprotein ( LDL ) လို့ခေါ်တဲ့ သွေးကြောတွေကို ပိတ်ဆို့စေနိုင်တဲ့ မကောင်းတဲ့ Cholesterol နဲ့
  • High density lipoprotein ( HDL ) လို့ခေါ်တဲ့ ပိုလျှံနေတဲ့ Cholesterol တွေကိုအသည်းကိုပို့ပြီးချေဖျက်စေတဲ့ ကောင်းတဲ့ Cholesterol ဆိုပြီး ၂ မျိုးရှိပါတယ်။
  • Cholesterol တစ်မျိုးထဲဆိုရင် ဆိုးတဲ့အရာလို့ပြောလို့မရပါဘူး။ ဟိုမုန်းတွေဗီတာမင် D နဲ့ အစာခြေအက်စစ်အချို့ကိုခန္ဓာကိုယ်ကထုတ်လုပ်ဖို့အတွက် Cholesterol ကို လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ဖို့အတွက်လည်း Cholesterol ကို လိုအပ်ပါသေးတယ်။

    ဒါပေမယ့် LDL Cholesterol တွေများလာပြီဆိုရင်တော့ ပြဿနာနည်းနည်းရှိလာပါပြီ။ LDL Cholesterol ပမာဏ တောက်လျောက်မြင့်တက်နေမယ်ဆိုရင် သွေးလွှတ်ကြောတွေကို ပျက်စီးစေမယ်၊ နှလုံးရောဂါဖြစ်ဖို့ ရာခိုင်နှုန်းတက်လာစေမယ်၊ လေဖြတ်နိုင်ချေမြင့်တက်လာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ Cholesterol ပမာဏကို ဆရာဝန်နဲ့ပုံမှန် စစ်ဆေးမယ်၊ အစားအသောက်ဆင်ခြင်မယ်၊ လေ့ကျင့်ခန်းနဲ့ နေထိုင်မှုပုံစံတွေကို ထိန်းသိမ်းသွားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေသာမက ရောဂါကင်းကင်းနဲ့ quality of life ကိုတိုးတက်စေနိုင်ပါတယ်။

    Cholesterol တွေ များလာတဲ့အခါ ခန္ဓာကိုယ်ရဲ့နေရာအတော်များများမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာပါတယ်။

    ဘယ်လိုနေရာတွေမှာလဲဆိုတော့ …

    နှလုံးနဲ့ သွေးလည်ပတ်မှု

    အကယ်၍စာဖတ်သူမှာ LDL Cholesterol တွေ အရမ်းများလာပြီဆိုရင် သွေးကြောနံရံတွေမှာ စုပုံလာပြီး သွေးခဲတွေဖြစ်လာစေနိုင်ပါတယ်။ သွေးကြောနံရံတွေထူလာပြီးတော့ သွေးကောင်းကောင်းမစီးဆင်းနိုင်တော့ပဲ နှလုံးကညှစ်အားပိုသုံးဖို့ လိုလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအချက်ကနှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်လာစေပါတယ်။

    သွေးလွှတ်ကြောမကြီးကခွဲဖြာထွက်လာတဲ့ သွေးကြောတွေဖြစ်တဲ့ Coronary Arteries တွေမှာသွေးခဲတွေပိတ်ဆို့ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အနှံ့က ကြွက်သားတွေကို အောက်ဆီဂျင်ရောက်ရှိမှုနှုန်းတွေကျဆင်းသွားစေနိုင်ပါတယ်။ အောက်ဆီဂျင်ရောက်ရှိနှုန်းတွေ ကျဆင်းသွားတာနဲ့ Angina လို့ခေါ်တဲ့ ရင်ဘတ်အောင့်ခြင်းကို ခံစားရနိုင်ပါတယ်။ Angina ဆိုတာက နှလုံးရောဂါမဟုတ်ပေမယ့် ရုတ်တရက်သွေးစီးဆင်းမှုနှုန်း ကျဆင်းသွားတဲ့ အခြေအနေပါ။ နှလုံးရောဂါဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေအနေအတွက် သတိပေးလက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ Cholesterol တွေ နဲ့ပေါင်းပြီးဖြစ်လာတဲ့ သွေးခဲကြီးကနေ သွေးခဲမျှင်လေးတစ်ခုပြုတ်ထွက်လာပြီး သွေးကြောကျဉ်းသွားတဲ့နေရာတွေမှာ လုံးဝပိတ်ဆို့သွားတဲ့အခြေအနေမျိုးတွေ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ အကယ်၍ ဒါမျိုးပိတ်ဆို့တာက ဦးနှောက်ကိုသွားတဲ့သွေးကြောမှာ ဖြစ်ခဲ့တာဆိုရင်တော့ လေဖြတ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ အခြားနေရာတွေဖြစ်တဲ့ အစာအိမ်၊ ခြေထောက်၊ ခြေချောင်းတွေမှာလည်းဒါမျိုးဖြစ်နိုင်ပါတယ်။ အဲ့တာဆိုရင်တော့ လက်ဖြားခြေဖြားနေရာတွေမှာဖြစ်တဲ့အတွက် Peripheral Arterial Diseasesl ( PAD ) လို့ခေါ်ပါတယ်။

    ဟော်မုန်းစနစ်

    ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းထုတ်ပေးတဲ့အစိတ်အပိုင်းတွေကလည်း Cholesterol တွေ ကိုအသုံးပြုပြီး မ ဟော်မုန်းဖြစ်တဲ့ Oestrogen ၊ ကျား ဟော်မုန်းဖြစ်တဲ့ Testosterone နဲ့ Cortisol လို့ခေါ်တဲ့ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ ဟော်မုန်းတွေကိုယ်တိုင်ကိုက Cholesterol ပမာဏအပေါ်ပြန်ပြီးသက်ရောက်မှုရှိနေပါသေးတယ်။

    လေ့လာချက်တွေအရ မိန်းကလေးတွေ ရာသီလာချိန်မှာဆိုရင် Oestrogen ပမာဏမြင့်တက်သွားသလို HDL Cholesterol ပမာဏလည်းမြင့်တက်သွားပါတယ်၊ ဆိုးကျိုးပေးတဲ့ LDL Cholesterol ပမာဏကတော့လျော့ကျသွားတာတွေ့ရပါတယ်။ အမျိုးသမီးတွေရာသီသွေးဆုံးချိန်မှာ နှလုံးရောဂါဖြစ်ဖို့အတွက် ရာခိုင်နုန်းမြင့်တက်လာတာဟာလည်း ဒီအကြောင်းအရာနဲ့သက်ဆိုင်နေပါတယ်။

    တစ်ချို့ရောဂါအခြေအနေကြောင့် သိုင်းရွိက်ဟော်မုန်းတွေ ထုတ်တာနည်းသွားတဲ့အခါမှာ LDL Cholesterol တွေကို မြင့်တက်စေနိုင်ပါတယ်။ သိုင်းရွိက်ဟော်မုန်းထုတ်တာများလာတဲ့ အခါမျိုးမှတော့ပြောင်းပြန်သက်ရောက်မှုကို ခံစားရမှာပါ။ ဆီးကျိတ်ကင်ဆာခံစားနေရတဲ့ အမျိုးသားတွေအတွက် ဟော်မုန်းကုထုံးတွေနဲ့ ကြီးထားမှုဟော်မုန်းချို့တဲ့နေခြင်းကလည်း LDL Cholesterol ကို မြင့်တက်စေနိုင်ပါတယ်။

    အာရုံကြောစနစ်

    လူတစ်ယောက်ရဲ့ ဦးနှောက်အတွက် Cholesterol က မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ Cholesterol ရဲ့ ၂၅ ရာခိုင်နုန်းက ဦးနှောက်မှာရှိနေပါတယ်။ တစ်ကိုယ်လုံးကိုဆက်သွယ်ပေးတဲ့ အာရုံကြောဆဲလ်လေးတွေ ရှင်သန်ကြီးထွားဖို့အတွက်လည်း Cholesterol ကို လိုအပ်ပါတယ်။

    အာရုံကြောစနစ်အတွက် Cholesterol တွေ လိုအပ်တာမှန်ပေမယ့် လိုတာထက်ပိုလာတဲ့ Cholesterol တွေ ကတော့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ သွေးလွှတ်ကြောတွေထဲ Cholesterol တွေ အရမ်းများနေရင် ဦးနှောက်ကိုသွားတဲ့နေရာတွေမှာသာ ပိတ်ဆို့ခဲ့မယ်ဆို သွေးမလျောက်တဲ့အတွက် လေဖြတ်တဲ့အထိဖြစ်နိုင်ပါတယ်။

    Cholesterol တွေ အရမ်းများနေရင် စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်သလို မှတ်ဉာဏ်ချို့ယွင်းတာမျိုးလည်းခံစားရနိုင်ပြီး တစ်ချို့အခြေအနေတွေမှာဆိုရင်တော့ အယ်ဇိုင်းမားရောဂါတောင်ဖြစ်နိုင်ပါတယ်။

    အစာခြေစနစ်

    Cholesterol က အစာချေစနစ်အတွက် မရှိမဖြစ်ဖြစ်တဲ့ သည်းခြေရည် ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါပေမယ့် Cholesterol တွေ လိုတာထက်ပိုလာရင်တော့ အစိုင်အခဲတွေအဖြစ်ပြောင်းလဲသွားပြီး သည်းခြေအိတ်ထဲမှာ ကျောက်တည်လာနိုင်ပါတယ်။

    ဒီအချက်တွေကြောင့် ကိုယ်ရဲ့သွေးတွင်း Cholesterol ပမာဏကိုလိုအပ်တဲ့ သွေးစစ်မှုတွေနဲ့စစ်ဆေးနေခြင်းက ကျန်းမာရေးအတွက်အရေးကြီးတဲ့ အလေ့အထတစ်ခုဖြစ်ကြောင်းပြောကြားလိုပါတယ်။

    ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement