backup og meta

သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ

    အမျိုးသားတွေအတွက် လိင်မှုဘဝဆိုတာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ထောင်ရေးသုခပြီးပြည့်စုံမှုအပြင် ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်လေး ဖွားမြင်နိုင်ဖို့ အမျိုးသားတွေရဲ့ သုက်ကောင်တွေဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သုက်ကောင်ရေ နဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ကျန်းမာတဲ့ ရင်သွေးငယ်လေး ရရှိစေဖို့အတွက် သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ ကို လေ့လာလိုက်ရအောင်နော်။

    သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ

    မျိုးအောင်ဖို့အတွက် သုက်ကောင်ရေ ပမာဏ များရမယ်။ သုက်ပိုးတွေ ကျန်းမာရမယ်။ ဒါဆိုရင် အမျိုးသားတွေ မျိုးအောင်ဖို့ ဘာတွေ လုပ်သင့်လဲ။ သုက်ကောင်ရေ ပမာဏတိုးစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့ သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ လေ့ကျင့်ခန်းလုပ်ပါ။

    စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး၊ လိင်မှုဘဝကို ပိုင်ဆိုင်ကြတဲ့ အမျိုးသားတွေဟာ လေ့ကျင့်ခန်း နေ့စဉ်ပုံမှန်လုပ်ကြတာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ကို ပျော်ရွှင်လန်းဆန်းစေတယ်။ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်စေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ ကျားဟော်မုန်းပိုမိုထုတ်လွှတ်ပေးနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကာမသုခကိုလည်း ပိုင်ဆိုင်ရနိုင်ပါတယ်။

    ၂။ အိပ်ချိန်မှန်ပါစေ။

    အမျိုးသားမှ မဟုတ်ပါဘူး။ လူသားတိုင်းအတွက် ညဘက်မှာ အိပ်ချိန်မှန်ဖို့နဲ့ အိပ်ချိန်ပြည့်ဝဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၇နာရီကနေ ၈နာရီထိ အိပ်ချိန်ပြည့်ဝမှသာ ခွန်အားပြည့်လန်းဆန်းနေမယ်။ လူကို ကျန်းမာစေတယ်။ ဒါ့အပြင် သုက်ပိုးတွေကိုလည်း အားကောင်းစေပြီး မျိုးအောင်တဲ့ နေရာမှာ ကူညီပေးနိုင်ပါတယ်။

    ၃။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

    စိတ်ဖိစီးမှုဆိုတာ ဘယ်သူ့အတွက်မှ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အသက်အရွယ်မရွေး၊ လူမျိုးမရွေး စိတ်ဖိစီးမှုတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒီအခါမှာ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးအပေါ် သက်ရောက်မှု ရှိတဲ့အပြင် သုက်ပိုးထုတ်လွှတ်နိုင်စွမ်းနဲ့လည်း သွားပြီး သက်ဆိုင်နေပါတယ်။

    ၄။ ဆေးလိပ်ဖြတ်လိုက်ပါ။

    ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးရွားစွာ ဒုက္ခပေးနိုင်တဲ့အပြင် သုက်ပိုးကျန်းမာရေးကိုပါ သွားပြီး ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အဆုတ်၊ နှလုံး၊ ခံတွင်း၊ လည်ချောင်းရောဂါတွေအပြင် ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်တာကြောင့် သာယာလှပ အိမ်ထောင်ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်တဲ့အကျင့်ကို ခုကတည်းက ရပ်လိုက်တာ အကောင်းဆုံးပါပဲ။

    ၅။ အရက်၊ မူးယစ်ဆေးဝါး ရှောင်ပါ။

    ဆေးလိပ်လိုပါပဲ၊ အရက်တွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေမှာလည်း မျိုးမအောင်တဲ့ ပြဿနာအပြင် မွေးလာတဲ့ သန္ဓေသားမှာပါ ကျန်းမာရေးချို့တဲ့တာ၊ မကြာခဏ ချူချာတာ၊ နေမကောင်းဖြစ်တာ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းတာပါ ဖြစ်စေနိုင်ပါတယ်။

    ၆။ ကိုယ်သောက်နေတဲ့ ရောဂါဆေးဝါးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ကိုယ့်မှာ ရှိတဲ့ ရောဂါတစ်ခုခု၊ ကျန်းမာရေးအခြေအနေ၊ စိတ်ရောဂါ ကုထုံး ဆေးဝါးတချို့မှာ ပါတဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သုက်ကောင်ရေ နည်းသွားနိုင်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး မလုပ်ပဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းသောက်လိုက်ရင်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။

    ၇။ အစာအာဟာရ မျှတစွာ စားသုံးပါ။

    ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရဖို့ ကိုယ့်ရဲ့ နေ့စဉ် စားသုံးနေရတဲ့ အစာအာဟာရကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ဥ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးသင့်ပါတယ်။ ဒါ့အပြင် သုက်ပိုးကျန်းမာဖို့နဲ့ မျိုးအောင်ဖို့အတွက် ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ နေ့စဉ် စားသုံးတဲ့ အစားအစာကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ မရရှိဘူးလို့ ခံစားရရင်တော့ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဖြည့်စွက်စာဆေးဝါးတွေ သောက်ပေးနိုင်ပါတယ်။

    ၈။ Antioxidant ပေါကြွယ်ဝတဲ့ အစားအစာတွေ များများစားသုံးပေးပါ။

    ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေကို ခုခံတားဆီးပေးနိုင်တယ်။ စိတ်ကို ကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။ ဒါ့အပြင် Antioxidant ပေါများတဲ့ အစားအစာတွေဟာ အမျိုးသားတို့ရဲ့ သုက်ကောင်ရေကိုလည်း တိုးစေနိုင်ပါတယ်။

    ၉။ အဆီစားသုံးမှု လျှော့ပါ။

    ကိုယ်ခန္ဓာကို ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်တက်စေတယ်။ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပြီး စိတ်ဓာတ်ကျစေတယ်။ လိင်မှုဘဝကိုပါ ထိခိုက်လာနိုင်ပြီး ကျန်းမာတဲ့ သုက်ကောင်ရေ တွေ မထွက်လာနိုင်တော့ပါဘူး။ ဒါကြောင့် အဆီ၊ အချို၊ အငန် လျှော့စားပါ။ ငါးကြီးဆီ (Omega-3 နဲ့ Omega-6) တွေကတော့ ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့အပြင် သုက်ပိုးတွေကိုလည်း အားဖြစ်စေနိုင်တာကြောင့် မဖြစ်မနေ စားပေးသင့်ပါတယ်။

    ၁၀။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ရှောင်ကြဉ်ပါ။

    မသန့်ရှင်းတဲ့ အစားအစာအပြင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အဆိပ်ငွေ့တွေ၊ ဓာတုဗေဒပစ္စည်းတွေဟာလည်း ရေထု၊ လေထုကို ညစ်ညမ်းစေတယ်။ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ မျိုးမအောင်တဲ့ အခြေအနေထိပါ ပြဿနာတွေ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အဆိပ်အတောက် နည်းနိုင်သမျှ နည်းအောင် ပြုပြင်ပါ။ လေထု၊ ရေထု ညစ်ညမ်းတဲ့ နေရာတွေကိုလည်း မကြာခဏ သွားတာမျိုး ရှောင်ကြဉ်ပါ။

    ၁၁။ ဖောလစ်အက်ဆစ်နဲ့ ဇင့်ဓာတ် လုံလောက်ပါစေ။

    ကိုယ်ခန္ဓာအတွက်သာမက သုက်ကောင်လေးတွေကိုပါ ကျန်းမာစေတဲ့ ဖောလစ်အက်ဆစ်နဲ့ ဇင့်ဓာတ်ကို နေ့စဉ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement